Thursday, May 9, 2013

တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့ ပင်လယ်ဝါ အတွင်း ပူးတွဲရေတပ် စစ်ရေး လေ့ကျင့်ခန်း စတင် ပြုလုပ်ခဲ့

တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့သည် မေ ၆ ရက်တွင် ပင်လယ်ဝါ အတွင်း၌ ငါးရက်ကြာ ပူးတွဲရေတပ် စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်စတင် ခဲ့ကြောင်းနှင့် Los Angeles အတန်း အစား နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်း ပါဝင် လေ့ကျင့်လျက် ရှိကြောင်း တောင် ကိုရီးယား စစ်ဘက်တာဝန် ရှိသူများက ပြောကြား ခဲ့သည်ဟု

Yonhap သတင်း ဌာနက ဖော်ပြခဲ့သည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်းသည် ပုံမှန် ပြုလုပ်နေကျ ရေငုပ် သင်္ဘော တိုက်ဖျက်ရေး စစ်ရေး လေ့ကျင့်ခန်း ဖြစ်ပြီး အမေရိကန် ရေတပ် အခြေစိုက် စခန်းများမှ Aegis အတန်းအစား ဖျက်သင်္ဘော များနှင့် P-3C ရေကြောင်း ကင်းထောက် လေယာဉ် များကိုလည်း တပ်ဖြန့် ချထားကြောင်း၊ အလေးချိန် ၉၇,၀၀၀ တန်ရှိ Nimitz အတန်းအစား လေယာဉ်တင် သင်္ဘောသည် မေ ၃ ရက်က အမေရိကန် အမှတ်(၇)ရေ ယာဉ်အုပ်သို့ ရောက်ရှိ လာခဲ့ကြောင်း အဆိုပါ သတင်း ဌာနက ဖော်ပြခဲ့ သော်လည်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီး ဌာနက စစ်ရေး လေ့ကျင့်မှုတွင် ၎င်းလေယာဉ်တင် သင်္ဘော ပါဝင်လေ့ကျင့်မှု ရှိ၊ မရှိကို အတည် ပြုခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

တောင်ကိုရီးယား အနေဖြင့် ကေဆုန် စက်မှုဇုန်၏ အနာဂတ်နှင့် ပတ်သက်၍ အမှန်တကယ် စိုးရိမ် ပူပန်လျှင် မြောက်ကိုရီးယား နိုင်ငံအပေါ် ထားရှိသည့် ရန်လိုသော မူဝါဒနှင့် စစ်ရေး လေ့ကျင့်မှု တို့ကို ရပ်တန့်သင့်ကြောင်း မေ ၅ ရက်တွင် မြောက်ကိုရီးယားက သတိပေး ပြောကြားပြီးနောက် အဆိုပါ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နှင့် တောင်ကိုရီးယား စစ်ဘက်တို့ အကြား ကာလ ကြာရှည်စွာ တည်ရှိခဲ့သော စစ်ရေးလေ့ကျင့် မှုကို ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က တုံ့ပြန်ပြောကြား ခဲ့သည်ဟု သိရသည်။

No comments:

Post a Comment