ကော်မရှင်က အရပ်ဘက် လူ့အဖွဲ့စည်းများနှင့် ပူးပေါင်း၍ မဲရုံမှူး သင်တန်းပေးမည်
၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင်
လွတ်လပ်တရားမျှတ၍ အမှားနည်းသောရွေးကောက်ပွဲဖြစ်ရန် အတွက် မဲရုံမှုးများအပါဝင်၊
မဲရုံစောင့်များအား အရပ်ဘက် လူ့အဖွဲ့စည်းများနှင့် ပူးပေါင်း၍ ပညာပေးသွားမည် ဟု
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။
ဧပြီလ ၂၅ ရက်က ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့စည်း
ခေါင်းဆောင်များ တွေ့ဆုံရာတွင် ထိုသို့ ပြောကြားခြင်း
ဖြစ်သည်။
“အရင်ကဆို ကျနော်တိုက အရပ်ဘက် အဖွဲ့စည်းတွေနဲ့
မနီးစပ်ခဲ့ပါဘူး။ ၂၀၁၄ က စပြီး အရပ်ဘက် အဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီး မဲ
ဘယ်လိုပေးရမယ်၊ ဘယ်လို အမှန်ခြစ်ရမယ် စတဲ့ (voter education) တွေကို ပေးသွားပါမယ်”
ဟု ဦးတင်အေး က ပြောသည်။
မဲဆန္ဒရှင်များ နိုးကြားမှု ရှိစေရန် ရပ်ကွက်အဆင့်ထိ
ဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စောင့်ကြည့်ရေး ကွန်ယက်မှ တာဝန်ခံ ဒါရိုက်တာ က
ပြောသည်။
“တချို့မဲ့ဆန္ဒရှင်တွေက register လုပ်
(မှတ်ပုံတင်) ရကောင်းမှန်းတောင် မသိဘူး။ ဒီမှာ ဘာအားနည်းချက်တွေ့ရသလဲဆိုတော့ ရပ်ကွက် ကော်မရှင်တွေအနေနဲ့
နှိုးဆော်မှု အားနည်းတာ တွေ့ရပါတယ်။ အနည်းဆုံးရွေးကောက်ပွဲ နီးတဲ့အခါ တအိမ်တက် တအိမ်ဆင်း
လုပ်တာမျိုး၊ အသံချဲ့စက်နဲ့ အော်တဲ့ကိစ္စ မျိုးတွေကို လုပ်သင့်ပါတယ်။ ရပ်/ကျေး
အုပ်ချုပ်ရေးမှူးတွေက မဲဆန္ဒရှင်တွေကို ပညာပေးဖို့ လိုပါတယ်” ဟု
ဦးမျိုးရန်နောင်သိမ်း က ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲစာရင်းတွင်
ပါဝင်မှု မရှိခြင်း၊ ကြိုတင်မဲ ပေးရာတွင် ပွင့်လင်းမြင်သာမှု၊ကော်မရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု
အားနည်းခြင်းကိစ္စများ၊ ရွေးကောက်ပွဲကာလတွင် ဆူပူမှု မဖြစ်ပွားအောင် ထိန်းသိမ်းရန်
လိုအပ်ကြောင်းတို့ကို အရပ်ဘက် လူ့အဖွဲ့စည်းများဘက်မှ ဆွေးနွေးခဲ့ကြသည်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အတွေံကြုံတွေအရ voter
education ပေးထားတဲ့ နေရာနဲ့ ပေးမထားတဲ့ နေရာကို စစ်တမ်းကောက်တဲ့အခါမှာ
သင်တန်းပေးထားခံရတဲ့ လူတွေက မှန်ကန်စွာ မဲပေးတတ်တာ တွေ့ရပါတယ်” ဟု
ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စူစန္ဒာလှလှစိုး က ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အထူးသဖြင့်
ကြိုတင်မဲ မသမာမှုများ မဲဆန္ဒနယ်မြေ အများအပြားတွင် ကျူးလွန်ခဲ့သည်ဟု လက်ရှိ အာဏာရ
ကြံ့ခိုင်ရေးပါတီအပေါ် စွပ်စွဲမှုများ ရှိထားသည်။
No comments:
Post a Comment