Friday, April 26, 2013

ရခိုင်တွင် ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်း အကူအညီဖြင့် မူလတန်းကျောင်းများ ဆောက်မည်

လာမည့် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စ၍ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်လုံးတွင် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် မူလတန်းကျောင်း ၁၀၀ ကိုဆောက်လုပ်ပေးသွား မည် ဖြစ်ကြောင်းမြန်မာ-ဂျပန် ပေါင်းကူးအဖွဲ့အစည်း (Bridge Asia Japan) မှ ဥက္ကဌ ဦးကျော်သန်းက မဇ္ဈိမသို့ ပြောသည်။

၎င်းက “ ဒီစီမံကိန်းအတွက် နီပွန်ဖောင်ဒေးရှင်းနဲ့ ကျွန်တော်တို့ မေလထဲမှာ နားလည်မှု စာချွန်လွှာကို အပြီး... ရေးထိုးသွားမှာပါ။ ချင်းပြည်နယ် ပြီးရင် ရခိုင်ပြည်နယ်က လိုအပ်မှု အရှိဆုံးပြည်နယ်ထဲမှာ ပါနေတဲ့အတွက် ရခိုင်ပြည်နယ်ကို ရွေးချယ်ခဲ့ရတာပါ ” ဟုဆိုသည်။

ယင်းစီမံကိန်းကို ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ ခြောက်သန်းခန့် ကူညီ ထောက်ပံ့
ပေးမည်ဖြစ်ပြီး ကျောင်းပေါင်း ၁၀၀ဆောက်လုပ် ပြီးစီးရန်အတွက် ငါးနှစ်စီမံကိန်း ရေးဆွဲထားကြောင်း ဂျပန်မြန်မာပေါင်းကူး အဖွဲ့အစည်း ဥက္ကဌ ဦးကျော်သန်းက ဆက်လက် ရှင်းပြခဲ့သည်။

စာသင်ကျောင်းများ ဆောက်လုပ်ရန် အတွက် ရခိုင်ပြည်နယ်ရှိ ဖွံ့ဖြိုးမှုအားနည်းသော တောင်ကုတ်၊ သံတွဲ ၊ ဂွ၊ အစရှိတဲ့ မြို့နယ် မှစတင် ဆောက်လုပ်သွား မည်ဖြစ်ပြီး အခြေခံပညာ မူလတန်းကျောင်းများ အပြင်ဖွံ့ဖြိုးမှုနှင့် လမ်းပန်း ဆက်သွယ်ရေး မကောင်းမွန်သောမြို့နယ်များတွင် မူလတန်းလွန် ကျောင်းများ လည်း တည်ဆောက်ပေးမည်ဖြစ်ကြောင်း ယင်းစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

တိုင်းရင်းသားဒေသနှင့် တောင်တန်းဒေသများ တွင် ပညာရေးလိုအပ်ချက်များ အများဆုံး ရှိနေပြီး ယင်းကဲ့သို့နိုင်ငံတကာ အကူအညီများဖြင့် စာသင်ကျောင်းများ လာရောက်ဆောက်ပေးခြင်း သည် ကောင်းမွန်သော လက္ခဏာ တစ်ရပ် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပညာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌဦးသန်းမောင်က မှတ်ချက်ပြု ပြောကြားသည် ။

၎င်းက “ပညာရေး ဘတ်ဂျက်တွေ တိုးလိုက်တယ်ဆိုပေမဲ့ ရှိပြီးသားကျောင်းတွေမှာကွန်ပျူတာတွေ ထပ်ဝယ်တာ ၊ ပြုပြင်မွန်းမံတာတွေ ဟာ ပညာရေးကဏ္ဍအတွက် အကျိုးသက်ရောက်မှု မရှိနိုင်ဘူး ။ တကယ်လိုအပ်နေတဲ့ တိုင်းရင်သား ဒေသတွေ ၊တောင်တန်းဒေသ တွေမှာ စာသင်ကျောင်းတွေ ဆောက်ပေးတာ ကသာ အကျိုး သက်ရောက်မှု ထိရောက်မှု ရှိနိုင်တယ် ” ဟု ရှင်းပြသည် ။

နိပွန်ဖောင်ဒေးရှင်း အကူအညီဖြင့် ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရမှလည်း အားပေးခွင့်ပြုမှု ရှိကြောင်း မြန်မာ-ဂျပန်ပေါင်းကူး အဖွဲ့အစည်း ဥက္ကဌက ဆိုသည်။

ရန်ကုန် (မဇ္ဈိမ)။

No comments:

Post a Comment