ရန်ကုန်၊ ဧပြီ ၂၅
၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင် စေရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ပြင်ဆင်သွား မည် ဖြစ်ကြောင်း နိုင် ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ United Nation Plaza တွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် အမေရိကရောက် မြန်မာ များ တွေ့ဆုံစဉ် ပြောကြားသွားခြင်း ဖြစ်ကြောင်း မြန်မာ စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (နယူးယောက်) အတွင်းရေးမှူး ဦးခိုင်အောင်ကျော်က ပြောကြားသည်။
"ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကို ကျွန်တော်တို့ လိုလားပါတယ်" ဟု ဦးအောင်မင်း က ပြောကြား သွားကြောင်း ဦးခိုင်အောင်ကျော်က ဆိုသည်။
ပြည်သူလူထုအတွက် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် သမ္မတ ဖြစ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ကလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ဗြိတိန် နိုင်ငံသားနှင့် အိမ်ထောင်ကျထားပြီး ၄င်း၏ သားနှစ်ဦး မှာလည်း ဗြိတိန်နိုင်ငံသား ခံယူထားသူများ ဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)အရ ဒေါ်အောင်ဆန်း စုကြည် မှာ နိုင်ငံတော်သမ္မတ ဖြစ်ခွင့်မရှိ ဖြစ်နေသည်။
ယင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှသာ ဒေါ်အောင် ဆန်းစုကြည် မှ နိုင်ငံတော်သမ္မတ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိမည်ဖြစ်သည်။
နိုင်ငံသားတိုင်း သမ္မတဖြစ်ပိုင်ခွင့်ကို ကန့်သတ်ထားသော ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ၏ အရည်အချင်း သတ်မှတ်ချက် အချို့ကို ပြင်ဆင်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ၄င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စာအုပ်တွင် အကြံပြုထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ တရားဝင်သား သမီးတစ်ဦးဦး သော်လည်းကောင်း၊
၎င်းတို့၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြားအစိုးရ ၏ ကျေးဇူးသစ္စာတော် ခံယူစောင့်ရှောက် ရိုသေသူ၊ တိုင်းတပါး ၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရဟု ဖော်ပြထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ထောက်ခံရမည့် အပြင် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအနက် ထက်ဝက်ကျော်၏ ထောက် ခံမဲဖြင့်သာ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပုဒ်မ ၄၃၆ (က)တွင် ဖော်ပြထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို နိုင်ငံရေးပြုပြင် ပြောင်းလဲမှုနှင့် အညီ ပြင်ဆင် နိုင်ရန် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ကော်မတီ သို့မဟုတ် ကော်မရှင်များကို ပြည်ထောင် စုလွှတ်တော်က ဖွဲ့စည်းသွားသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်၏ အရေးကြီးအဆိုကို မတ်လ ၁၅ ရက်နေ့က တင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်အားလုံးက ထောက်ခံထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တပ်မတော်အစိုးရက ကမကထပြု ကျင်းပသည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တစ်ဖက်သတ်ရေးဆွဲထားခြင်း ဖြစ်၍ တရားမျှတမှု မရှိကြောင်း၊ ရွေး ကောက်ပွဲနည်းဥပဒေ များသည်လည်း ကန့်သတ်ချက် များလွန်းသည်ဟု ဆိုကာ ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့သည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော NLD ပါတီ သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ နည်းဥပဒေအချို့ ဖြေလျှော့မှု ပြုလုပ်ပေးခြင်းကြောင့် ပါတီ မှတ်ပုံတင်ကာ မဲဆန္ဒနယ် ၄၃ နေရာ ဝင်ပြိုင်ရာ ၄၂ နေရာ အနိုင်ရရှိခဲ့သည်။
Posted From The Voice Weekly

No comments:
Post a Comment