Monday, March 25, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခ ဖြစ်ပွားနိုင်သည်ဟု သတင်း ထွက်ပေါ်နေသော နေရာများကို လုံခြုံရေး အင်အား နှစ်ဆ တိုးချထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခ ဖြစ်ပွားနိုင်သည်ဟု သတင်း ထွက်ပေါ်နေသော နေရာများကို လုံခြုံရေး အင်အား နှစ်ဆ တိုးချထားကြောင်းနှင့် ပြည်သူများ အနေဖြင့် စိုးရိမ်စိတ်များကို စဉ်းစား ချင့်ချိန်မှုဖြင့် ထိန်းသိမ်း သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး မြင့်အေးက မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

"သတင်းထွက်ပေါ်တဲ့ နေရာတွေကို လုံခြုံရေး အင်အားကို နှစ်ဆချထားတယ်။ ကြောက်လန့်မှုတွေ၊ စိုးရိမ်မှုတွေကို စဉ်းစားချင့်ချိန်မှုတွေနဲ့ ထိန်းသိမ်း သင့်ပါတယ်။ လက်ရှိ အချိန်အထိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ လုံခြုံရေး အင်အား ပိုချထားပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး မြင့်အေးက ပြောသည်။

ထို့အပြင် ထွက်ပေါ်နေသော ကောလာဟလများကြောင့် စိုးရိမ်စိတ်ဝင်ပြီး တစ်ဦးစ၊ နှစ်ဦးစဖြင့် မိမိလုံခြုံရေး မိမိယူရင်း အုပ်စုလိုက် စုဖွဲ့မှုများ မဖြစ်ပေါ်စေရန် လိုအပ်ကြောင်းလည်း ရဲမှူးမြင့်အေးက အကြံပြုပြောကြားခဲ့သည်။

ယမန်နေ့ညကလည်း မင်္ဂလာတောင်ညွှန့်မြို့နယ် အတွင်းရှိ ကလပ်တစ်ခုတွင် လူငယ် အချင်းချင်း ရန်ပွဲငယ်တစ်ခု ဖြစ်ရာမှ တစ်ဆင့် ထိုဖြစ်ရပ်ကို ပုံကြီးချဲ့ပြီး သတင်းလှုံ့ဆော်မှုများ ရှိခဲ့ခြင်းကြောင့် ပဋိပက္ခ ဖြစ်ပွားသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ရဲမှူးမြင့်အေးက ပြောပါသည်။

No comments:

Post a Comment