သြဂုတ် ၁၇၊ ၈၊ ၂၀၁၃
RFA Burmese
မတူကွဲပြားတဲ့ လူမျိုးဘာသာ ယဉ်ကျေးမှု ဓလေ့စရိုက်တွေ အကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ရည်ရွယ်ချက်နဲ့ “သင့်မြတ်သူ များပွဲတော်” လို့ နာမည်ပေးထားတဲ့ ဆုတောင်းပွဲ တစ်ခုကို မန္တလေးမြို့ Oriental House စားဆောက်ဆိုင်မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
ဒီပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးနေ၀င်းက RFA ကို အခုလို ပြောပါတယ်။
“ကျနော်တို့ ဒီမိုကရေစီနိုင်ငံ၊ ဖွံ့ဖြိုးတဲ့နိုင်ငံပေါ့နော်၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဖက်ဖက်က တည်ငြိမ်အေးချမ်းတဲ့နိုင်ငံ ဖြစ်လာရေးအတွက် တည်ဆောက်တဲ့ဖြစ်စဉ်ထဲမှာ ကျနော်တို့ လှုပ်ရှားမှုကလည်း ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်သွားမှာပဲပေါ့၊ ကွဲပြားမှုတွေရှိတဲ့ဟာကို လက်ခံပြီးတော့ သင့်မြတ်စွာနေလိုက်လို့ရှိရင် ငြိမ်းချမ်းတယ်ဆိုတဲ့ ဖြစ်စဉ်လေးကို ရည်ရွယ်ပြီးတော့ ဒီပွဲကိုလုပ်ရခြင်းဖြစ် ပါတယ်”
ဒီနေ့အခမ်းအနားကို ဗုဒ္ဓ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူနဲ့ ဗာဟာရီစတဲ့ ဘာသာကြီး ၅ ခုက ဘာသာရေးခေါင်းဆောင်တွေ တက်ရောက်ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။
ဘာသာပေါင်းစုံ သင့်မြတ်စွာနေထိုင်ရေးအတွက် သင့်မြတ်သူများပွဲတော်ကို ပထမအကြိမ်အနေနဲ့ မန္တလေးမှာကျင်းပခဲ့တာဖြစ်ပြီး၊ လာမယ့်အောက်တိုဘာလမှာ ရန်ကုန်မြို့မှာ ပြုလုပ်သွားဖို့ အစီစဉ်ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Harry Mdy ဖဘ စာမျက်နှာမှ ကူးယူဖေါ်ပြသည်။

No comments:
Post a Comment