Wednesday, August 14, 2013

ထိရောက်သော ဒေသန္တရ အုပ်ချုပ်ရေးစနစ် ဖြစ်ရေး အမျိုးသားအဆင့် ဆွေးနွေးမည်

ရန်ကုန်၊ သြဂုတ် ၁၃

ထိရောက်သည့် ဒေသန္တရ အုပ်ချုပ်ရေးစနစ် ဖြစ်ရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က ဦးဆောင် ကျင်းပမည် ဖြစ်ကြောင်း UNDP ပြန်ကြားရေး တာဝန်ခံ ဦးညီညီအောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို သြဂုတ်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ အထိ နေပြည်တော်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ အုပ်ချုပ်မှု ပုံစံ ပြုပြင် ပြောင်း လဲရေး နှင့် ပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍများ ထိရောက်စေရေး စသည့် အကြောင်းအရာများ ကို ပြည်ထောင်စု ဝန်ကြီး များနှင့် သက်ဆိုင်ရာ ပညာရှင်များ ပါဝင် ဆွေးနွေးမည် ဖြစ်ကြောင်း UNDP က ထုတ်ပြန် သည်။

“ပြည်ထောင်စု ဝန်ကြီးအချို့ တက်ရောက် မိန့်ခွန်းပြောဖို့ ရှိတယ်။ နိုင်ငံတော် သမ္မတ အကြံပေး ပညာရှင်တွေလည်း ဆွေးနွေးပွဲမှာ ပါမယ်” ဟု ဦးညီညီအောင်က ဆိုသည်။

နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ နှစ်ရက်တာ အချိန်ပြည့် ကျင်းပမည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံများနှင့် အိန္ဒိယ၊ နီပေါ စသည့် ဒေသတွင်း နိုင်ငံများမှ အုပ်ချုပ်ရေး ဆိုင်ရာ အစိုးရ အဆင့်မြင့် အရာရှိကြီးများ၊ UNDP နှင့် နယူးယောက် တက္ကသိုလ်တို့မှ ပညာရှင်များအပြင် ပြည်တွင်း ပြည်ပ ပညာရှင် အများအပြား ပါဝင် ဆွေးနွေးမည် ဖြစ်ကြောင်း UNDP ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဆွေးနွေးပွဲတွင် ဒေသန္တရ အုပ်ချုပ်ရေးကို ရှင်းလင်းစွာ သိရန်၊ ဒေသန္တရ အုပ်ချုပ်ရေး၏ သဘောကို သိရှိစေရန် ရည်ရွယ်ပြီး အုပ်ချုပ်ရေး အပိုင်းတွင် လည်း ဗဟို အစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရများအကြား စီမံခန့်ခွဲမှု အဆက်အစပ်တွေ ဖော်ထုတ်ရန် လုပ်ဆောင်လျက်ရှိကြောင်း မြန်မာ့ ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ်အဖွဲ့ (Myanmar Development Resources Institute-MDRI) ၏ ဒါရိုက်တာ ဒေါက်တာ တင်မောင်သန်းက ပြောကြား သည်။

“လုပ်တာတွေ အကုန်လုံးကတော့ အုပ်ချုပ်ရေး ပိုထိရောက်ဖို့။ ထိရောက် တယ်ဆိုတဲ့ အကြောင်းအရာ တွေ ပိုပြီး အဓိက ကျတာပေါ့” ဟု ၎င်းက ပြောကြားသည်။

ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ အကြား အုပ်ချုပ်မှု ကိစ္စများ၊ အဆင်ပြေ ချောမွေ့စေရန် တိုင်းဒေသကြီး ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ပြည်ထောင်စု ဝန်ကြီးဌာနများက တိုက်ရိုက် ကွပ်ကဲ ကြီးကြပ်ခြင်း မပြုဘဲ တိုင်းဒေသကြီး ပြည်နယ် အစိုးရများက စီမံခန့်ခွဲ၊ လမ်းညွှန်၊ ကြီးကြပ်၊ စစ်ဆေး ဆောင်ရွက်သွားရန် သမ္မတဦးသိန်းစိန်က ပြောကြားထား သည်။

မွန်ပြည်နယ်တွင်မူ ပြည်နယ် အစိုးရက လုပ်ပိုင်ခွင့်နှင့်အညီ သက်ဆိုင်ရာ ဦးစီးဌာနများနှင့် အကျေအလည် ညှိနှိုင်း သဘောတူပြီးမှ အစိုးရအဖွဲ့ က သေချာ ဦးစီး ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီး ဒေါက်တာ တိုးတိုးအောင်က ပြောကြားသည်။

ပြည်သူ့ ဗဟိုပြု ဝန်ဆောင်မှု အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကို မြန်မာ အစိုးရနှင့် ကုလသမဂ္ဂ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ (UNCDF) တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း UNCDF ထံမှ သိရသည်။

No comments:

Post a Comment