Monday, May 27, 2013

UMFCCI ထိပ်ပိုင်းနေရာများ ရွေးကောက်တင်မြှောက်စနစ် ကျင့်သုံးရန် အသင်းသားများ တောင်းဆို


Monday, 27 May, 2013

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌနှင့် အလုပ်အမှု ဆောင်များအား ခန့်အပ် တာဝန်ပေးစနစ်မှ ရွေးကောက် တင်မြှောက်ပေးသည့် စနစ်သို့ ပြောင်းလဲရန် အသင်းသားများက မေလ၂၆ရက်တွင် ကျင်းပသည့် အသင်းသားစုံညီ အထူးအစည်းဝေးပွဲတွင် တောင်းဆို လိုက်ကြသည်။

ကုန်သည်/စက်မှု အသင်းချူပ် အသင်းဝင် အမှတ် ၅၃၂ ဖြစ်သူ ဒေါ်ချစ်ချစ်မြင့်က “သုံးနှစ်ပြည့်လျှင် အလုပ်အမှုဆောင်နှင့် ဗဟိုအမှုဆောင်တွေကို ပြန်လည် ရွေးချယ်ရမယ် ဆိုပေမဲ့ ကျွန်မစပြီး အသင်းသား ဖြစ်ကတည်းက ဒီလူတွေပဲလို့ ထင်ပါတယ်။ အခုအသစ်ပြန်ရွေးရင် အသစ်တွေ၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေကိုလည်း စဉ်းစားပေးသင့်ပါတယ်။ ဒါကြောင့် နောက်ထပ် ရွေးချယ်မှု တွေမှာ အသင်းသားတွေရဲ့ မဲစနစ်တွေ အရပဲ ရွေးချယ်သင့်ပါတယ် ” ဟုဆိုသည်။

အသင်းစတင် တည်ထောင်သည့် ၁၉၉၁ခုနှစ်မှ စတင်ကာ ဥက္ကဌ၊ ဒုဥက္ကဌ ၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များကို ရွေးချယ်ခန့်အပ် စနစ်ဖြင့်သာ ရွေးချယ် ကျင့်သုံးခဲ့ခြင်း ဖြစ်ကြောင်း ကုန်သည်/စက်မှု အသင်းချူပ်၏ အသင်းအဖွဲ့ မှတ်တမ်း ပြန်လည်ရေးဆွဲရေး သဘာပတိ အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်က အဆိုပါ အခမ်းအနားတွင် ရှင်းလင်း ပြောကြားသည်။

ကုန်သည်/ စက်မှု အသင်းချူပ်၏ လက်ရှိ ဒုဥက္ကဌ တဦးဖြစ်သူ ဦးဇော်မင်းဝင်းက မဲစနစ်ဖြင့် ပြန်လည် ရွေးချယ်မည် ဆိုခြင်းကို လက်ခံကြောင်း ပြောကြားသည်။

၎င်းက “ အသင်းဝင်များ ပွင့်ပွင့်လင်းလင်း သူတို့ရဲ့ ဆန္ဒတွေကို ပြောကြတာ ကောင်းပါတယ်။ အသင်းတွေရဲ့ ဆန္ဒကို အဓိကထားပြီး ရွေးချယ်သွားမှာပါ။ လူတိုင်းပါဝင်ရွေးချယ်ခွင့်ရှိတယ်။ မဲပေးခွင့်ရှိပါတယ်။အခု ကျွန်တော်ကို နှုတ်ထွက်ဖို့ အသင့်ဖြစ်တာ ကြာပါပြီ ” ဟုပြောသည်။

ကုန်သည်/စက်မှု အသင်းချုပ် မှတ်တမ်း ပြန်လည်ရေးဆွဲရေး အဖွဲ့တွင် ပါဝင်သူ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ဤအသင်းပြန်လည်ဖွဲ့စည်းရေးသည်မြန်မာ့စီးပွားရေးအခန်းကဏ္ဍအတွက် အရေးပါကြောင်းမှတ်ချက်ပြုပြောကြားခဲ့သည်။

၎င်းက “ပြောင်းလဲသင့်တဲ့အချိန်မှာ ပြောင်းရမှာပဲ။ မဲခွဲတယ်၊မခွဲဘူး ဆိုတာထက် အားလုံး လက်ခံနိုင်မဲ့ အလုပ်ကိုပဲ လုပ်ရမှာပါ။ တကယ်လုပ်နိုင်တဲ့သူတွေကို တင်ပေးရမှာပါပဲ။ အခုလက်ရှိက တသက်မှာ တခါပဲ ကြုံရမဲ့ အခွင့်အရေးပါ။ ဒီတခါလွှဲသွားရင် လုံးဝဘာမှ လုပ်ရမှာ မဟုတ်ပါဘူး။ အသင်းရဲ့အခန်းကဏ္ဍကလည်း စီးပွားရေးမှာ အရေးကြီးပါတယ် ” ဟုပြောသည်။

ကုန်သည်/စက်မှုအသင်းချူပ်သည် ညီနောင်စီးပွားရေး အသင်းအဖွဲ့ပေါင်း ၆၃သင်းဖြင့် ဖွဲ့စည်း ထားသော မြန်မာ့စီးပွားရေး နယ်ပယ်၏ အကြီးမားဆုံး အသင်းအဖွဲ့ ဖြစ်သော်လည်း လက်ရှိအချိန် အထိထိပ်ပိုင်း နေရာများအား ရွေးချယ်ခန့်ထား စနစ်ဖြင့်သာ တာဝန်ပေးလာခဲ့ပြီး ယခင်ဥက္ကဌ ဦးဝင်းမြင့်
(စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး)သည် ဥက္ကဌအဖြစ် ဆယ်စုနှစ် တစုကျော်ကြာ ဆောင်ရွက်ခဲ့ကာ လက်ရှိဥက္ကဌ ဦးဝင်းအောင်သည် ၂၀၁၁ခုနှစ် မေလတွင် စတင်တာဝန်ယူ ခဲ့သည်။

No comments:

Post a Comment