Friday, May 10, 2013

စက်တင်ဘာလအတွင်း MRTVမှ ထုတ်လွှင့်မည့် ပြည်ထောင်စုရုပ်သံလိုင်း

Friday, May 10, 2013

တိုင်းရင်းသား ဘာသာစကား (၈)မျိုးပါ ၀င်သော  ပြည်ထောင်စု ရုပ်မြင်သံကြားလိုင်းအား ၂၀၁၃ခုနှစ် စက်တင်ဘာလ အတွင်း မြန်မာ့ အသံနှင့်ရုပ်မြင်သံ ကြားမှ ထုတ်လွှင့်ပြသသွား မည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သိရသည်။

“တိုင်းရင်းသားဘာသာစကား(၈)မျိုးနဲ့လွှင့်မှာပါ။ ဘယ် ဘာသာ စကားတွေနဲ့လွှင့်မယ်ဆိုတာတော့ မသိသေး ပါဘူး”ဟု မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါရုပ်သံလိုင်းအား စတင်ထုတ်လွှင့်ချိန်၌ နေပြည်တော်၊ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင်သာ ထုတ်လွှင့် ပြသသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားပြည်နယ်ဒေသများကိုပါ ထုတ်လွှင့်ပြသပေးသွားမည်ဟု သိရသည်။
“လုပ်တာတော့ ကောင်းပါတယ်၊ ဒါပေမယ့် အဓိကက အဲဒါမဟုတ်ဘူး။ အဓိက တိုင်းရင်းသားတွေ လိုအပ် နေတာက တိုင်းရင်းသားတွေရဲ့ အခွင့် အရေးတွေ ရချင်နေကြတယ်။ တိုင်းရင်းသားနည်းတဲ့ မြို့တွေမှာ စပြီး လွှင့်မယ်ဆိုရင်တော့ တိုင်းရင်းသားတွေကို ဗန်းပြပြီး နိုင်ငံခြားသားတွေကို ဆွဲဆောင်တာလို့ပဲ မြင်ပါ တယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာက ပြောသည်။

တိုင်းရင်းသားဘာသာစကား(၈)မျိုးဖြင့် ထုတ်လွှင့်မည်ဖြစ်သော အဆိုပါ ရုပ်သံလိုင်းတွင် တိုင်းရင်းသား စာပေ၊ တေးဂီတ အစီအစဉ်များနှင့် ပျောက်ကွယ် လုနီးပါးဖြစ်နေသာ တိုင်းရင်းသားရေးရာ အကြောင်း အရာများကိုပါ ထည့်သွင်းပြသသွားမည်ဖြစ်သည်ဟု သိရသည်။

ရုပ်သံလိုင်းတွင် ပါဝင်မည့်အစီအစဉ်များအား ပြည်နယ်များရှိ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ဝင်(၅)ဦးစီဖြင့် ဖွဲ့စည်းရိုက်ကူးသွား မည်ဖြစ်ကြောင်း ကိုလည်း သိရသည်။

ယခင်က ရေဒီယိုလိုင်းအချို့၌သာ တိုင်းရင်းသားဘာသာစကားများနှင့် ထုတ်လွှင့်ခဲ့ပြီး ရုပ်သံအစီအစဉ် အနေဖြင့် ပထမဦးဆုံးအကြိမ် ထုတ်လွှင့်ခြင်းဖြစ်သည်။

မြန်မာခရိုနီကယ်

No comments:

Post a Comment