Thursday, May 9, 2013

လျှပ်စစ်စီမံကိန်းများ အဓိက တည်ဆောက်သော ဂျပန်ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံ၏ အကြီးဆုံး စီးပွားရေး လုပ်ငန်းစု မြန်မာတွင် မြှုပ်နှံရန် လာရောက်

လျှပ်စစ်စွမ်းအားဆိုင်ရာ ပရောဂျက်ကြီးများအား အဓိက တည်ဆောက်ပြီး လုပ်ငန်းစုံ လုပ်ကိုင်သည့် ဂျပန်နိုင်ငံမှ Meidensha Corporation နှင့် စင်ကာပူနိုင်ငံမှ အကြီးဆုံး စီးပွားရေး လုပ်ငန်းစု တစ်ခုဖြစ်သည့် Keppel Land Limited တို့သည့် မြန်မာနိုင်ငံတွင် မြှုပ်နှံမှုများ ပြုလုပ်ရန် လာရောက်ဆွေးနွေးခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရသည်။

၂၀၁၃ ခုနှစ် မေ ၃ ရက်က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်ကာ အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ ကို မေးမြန်းဆွေးနွေးခဲ့သည်ဟု သိရသည်။

ယခုလာရောက်သည့် ဂျပန်နိုင်ငံမှ Meidensha Corporation မှာ ပြည်ပနိုင်ငံတွင် ရုံးခွဲ ၁၅ ခုထိ ဖွင့်လှစ်အခြေစိုက်ထားသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး လျှပ်စစ်စွမ်းအားဆိုင်ရာ စီမံကိန်းများကို အဓိက တည်ဆောက်သည့် ကုမ္ပဏီဖြစ်သည်။

တောင်ကိုရီးယား၊ ဘူလ်ဂေးရီးယား၊ ဆော်ဒီ၊ တရုတ်၊ အီးယူ နိုင်ငံများတွင်ပါ လျှပ်စစ်စွမ်းအားဆိုင်ရာ စီမံကိန်းများအား အကောင်အထည်ဖော် လုပ်ကိုင်ခဲ့ကြောင်း လက်ရှိတွင် ရှယ်ယာရှင်ပေါင်း ၂၄၄၇၅ ဦးအထိရှိကြောင်း သိရသည်။

စင်ကာပူနိုင်ငံမှ Keppel Land Limited မှာလည်း အဓိကအားဖြင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများကို အဓိက တည်ဆောက်သည့် လုပ်ငန်းကို လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သည်။

အဆိုပါ လုပ်ငန်းစုများအပြင် အမေရိကန်နိုင်ငံ အခြေစိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေး လုပ်ငန်းများ လုပ်ကိုင်နေသည့် Tractus Asia Ltd၊ ဂျပန်နိုင်ငံမှ ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ၀န်ဆောင်မှု လုပ်ငန်းဆိုင်ရာများကို လုပ်ကိုင်ရန် မေ ၂ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မေ ၇ ရက်တွင် ဟောင်ကောင်အခြေစိုက် Elite Enterprise Corporation Limited မှ ဒါရိုက်တာဖြစ်သူ Ms. Sau Ying Kan လာရောက်၍ မြန်မာနိုင်ငံတွင် လက်ခစားစနစ်ဖြင့် ကုန်ထုတ်လုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment