Tuesday, May 7, 2013

ရိုဟင်ဂျာ ၅ ဦးကို နစကမှ ဖမ်း၍ ရိုက်နှက် နှိပ်စက် ငွေညှစ်

RB News
6.5.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာ အုပ်စု အနောက်ရွာ သို့ မေလ ၃ ရက်နေ့ ည ၉ နာရီ ခန့်တွင် နစက နယ်မြေ (၇) မှ နစက တပ်ဖွဲ့ဝင် တစ်စု ရောက်ရှိ လာပြီး လမ်းသွား နေသော ရိုဟင်ဂျာ လူငယ် (၅) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သတင်း ရရှိ ပါသည်။

“သူတို့ ငါးယောက်က လမ်းသွား နေတာပါ။ ၁၂ နှစ်၊ ၁၃ နှစ် ကလေး နှစ်ယောက် လည်းပါတယ်။ လမ်းပေါ်မှာ ရိုက်တယ်။ ပြီးတော့ နယ်မြေ စခန်းကို ခေါ်သွားတယ်။” ဟု ဒေသခံ ရွာသား တစ်ဦးမှ RB News သို့ပြောသည်။

ဖမ်းဆီးခံ ရသူ များထံမှ မေလ (၄) ရက်နေ့ ညပိုင်း တွင် ငွေကျပ် ၂ သိန်းစီ ယူ၍ ပြန်လည် လွှတ်ပေးခဲ့ ကြောင်း သိရသည်။

“နယ်မြေ စခန်းကို ရောက်တော့ အားလုံးကို မြေပေါ်မှာ လှဲခိုင်းတယ်။ ပြီးတော့ နစက သုံးယောက်က ဘောလုံး ကန်သလို ကန်တယ်။ ရိုက်တာလည်း ၁၀ ကြိမ် မကဘူး။ သူတို့ အားလုံး သတိမေ့လု မျောပါး ဖြစ်ခဲ့ ရတယ်လို့ သိရတယ်” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောသည်။

“သနားစရာ ကောင်းတာက ကလေး နှစ်ယောက် တော်တော်လေး ဒဏ်ရာ ရခဲ့တယ်။ အဲဒီလို ညှင်းပန်း နှိပ်စက် ခံရပြီးတဲ့ နောက်မှာ တစ်ယောက် အတွက် ငွေ ၂ သိန်းစီ ပေးခဲ့ရတယ်။ ငါးယောက် အတွက် ၁၀ သိန်း ပေါ့။ ဒမြတွေ တောင် ငွေရရင် လူကို ဘာမှ လုပ်မှာ မဟုတ်ဘူး။ အခု နစက ကတွေက ဒမြ ထက်ဆိုးတယ်။ စားစရာ မရှိလို့ သူတောင်းစား လိုတောင်း ရင်တောင် ရွာသား တွေအားလုံး စုပြီး ဒီထက် ပိုပေးလို့ ရတယ်။ အခုက သူတောင်းစား လည်းမဟုတ်၊ ဒမြလည်း မဟုတ်နဲ့၊ ကျွန်တော်တို့ ဒေသခံတွေ အတော်လေး ဒုက္ခ ရောက်နေတယ်” ဟု ၎င်းမှ မထိန်းချုပ် နိုင်သော ဒေါသဖြင့် ဆက်လက်၍ ရင်ဖွင့်သည်။

ဖမ်းဆီးခံခဲ့ ရသူ ၅ ဦးမှာ ---

(၁) ဇာဘီဒုလ္လာ (ဘ) ဦးအဘူ ကာဆီဒ် (အသက် ၁၃ နှစ်)
(၂) အဗ်ဒူဟာမိတ် (ဘ) ဦးအဘူဘော်ရှော (အသက် ၁၂ နှစ်)
(၃) အာယာစ် (ဘ) ဦးရရှီဒ်အဟမတ် (အသက် ၂၁ နှစ်)
(၄) ဟာရှင်မ် (ဘ) ဦးဖဇာလ်အဟမတ် (အသက် ၂၂ နှစ်)
(၅) မိုဟာမတ်ရဖိခ် (ဘ) ဦးနူရ်အာမတ် (အသက် ၁၈ နှစ်) -- တို့ဖြစ်သည်။

http://bit.ly/18peIVl

(ဓါတ်ပုံ - ၁၂ နှစ် အရွယ် အဗ်ဒူဟာမိတ်ကို နစကများက လူမဆန်စွာ ရိုက်နှက် နှိပ်စက်၍ ရရှိထားသော ဒဏ်ရာများ)

No comments:

Post a Comment