Friday, May 10, 2013

ပျက်စီးသွားသော ပညာရေးစနစ်ကို ပြုပြင်ပြီး၊ အနာဂတ် အခက်ခဲများကို ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်ပြော

Friday, May 10, 2013

နှစ် ၅၀ ကြာ စစ်အစိုးရအုပ်စိုးမှုကြောင့် ပျက်စီးသွားသော ပညာရေး စနစ်ကို ပြုပြင်ပြီး၊ လူငယ်များ တွေ့ကြုံရ မည့် အနာဂတ် အခက်ခဲများကို ဖြေရှင်းရန် ပညာရေး အဖွဲ့အစည်းများကို ပြန်လည် အသက်သွင်းရန် ဒေါ်အောင်ဆန်း စုကြည်ကပြောကြားကြောင်း မေလ ၁၀ရက် Financial Time သတင်းစာတွင် ဖော်ပြထားသည်။

အင်္ဂလန်နိုင်ငံ၏ တက္ကသိုလ်များမှ ခေါင်းဆောင်များအနေဖြင့် မြန်မာ့ တက္ကသိုလ်များ ပညာရေး အဆင့်တန်း မြှင့်တင် ရာတွင် ၀ိုင်းဝန်းကူညီ ကြရန်အတွက် မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂလန်နိုင်ငံ၏ တက္ကသိုလ်များ အလုပ်ရုံဆွေးနွေးပွဲတွင် ဗီဒီယိုဖိုင်ဖြင့်ပြောကြားခြင်း ဖြစ်သည်။

စစ်အစိုးရအနေဖြင့် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေးတွင်သာ အာရုံစိုက်ခဲ့ပြီး ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင်မူ အလေးပေးခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့ပြီး၊ လူငယ်လူရွယ်များ တက္ကသိုလ်နယ်မြေ အတွင်း စုဝေးနေခြင်းကို အန္တရာယ်အဖြစ် သဘောထားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း Financial Time သတင်းစာတွင် ဖော်ပြထားသည်။

လူငယ်လူရွယ်များကလည်း တက္ကသိုလ်များတွင် စစ်အစိုးရ ပြုတ်ကျရေးကိုသာ ဦးတည်ချက် ထားခဲ့ကြပြီး ပညာရေးဘက်တွင်မူ စိတ်ပါဝင်စားခြင်း နည်းပါးခဲ့ကြောင်းကိုပါ သူမ၏ ဗီဒီယိုဖိုင်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာပြည်ရှိ တက္ကသိုလ်များသည် စစ်အစိုးရအုပ်ချုပ်ရေးအား ဆူပူ ကန့်ကွက်ခဲ့သော ၁၉၈၈ ခုနှစ် အရေးအခင်း ပြီးနောက် (၂) နှစ်ခန့် ပိတ်သိမ်းခြင်းခံခဲ့ရပြီး၊ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်များမှာလည်း ဆယ်စုနှစ် တစ်စုခန့် ပိတ်ထားခဲ့ရသလို ကျောင်းများပြန်ဖွင့်သော အခါ တွင်လည်း ရန်ကုန်မြို့ပြင်ပ ဧရိယာများ တွင်သာ ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

ယင်းသို့ပြုလုပ်ခြင်း၏ အကျိုးရလဒ်အဖြစ် မြန်မာပြည်၏ ပညာရေးမှာ များစွာနိမ့်ကျခဲ့ရပြီး ဘွဲ့ရလူငယ်များ၏ ဘွဲ့လက်မှတ်များမှာ အလှဓါတ်ပုံ ရိုက်ရန်ကလွဲ၍ အခြားအသုံးချစရာ နေရာမရှိခဲ့ကြောင်းကိုပါဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်ဟု Financial Time သတင်းစာတွင် ဖော်ပြထားသည်။

တစ်ချိန်က ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် ထိပ်တန်းအဆင့်တွင် ရှိခဲ့သော မြန်မာ့ပညာရေးသည် ယခုအချိန် တွင် အိမ်နီးချင်း နိုင်ငံများထက် များစွာနိမ့်ကျ လျက်ရှိနေပြီး၊ ဗြိတိန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အတိတ်ကာလက ဆက်နွယ်ခဲ့သော ပညာရေးကဏ္ဍကို ထောက်ရှု၍ ဗြိတိန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးစေလိုကြောင်း နှင့် ခေတ်သစ်ပညာရေးအား ဗြိတိန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အတွက် ဆောင်ကျဉ်းပေးစေလိုကြောင်းနှင့် ယခုအချိန်သည် မြန်မာ လူမျိုးများအတွက် အစစအရာရာ ပြန်လည် သင်ကြားခွင့် ရရှိရန် ကောင်းသော အချိန်အခါပင်ဖြစ်ကြောင်းကိုပါ ထည့်သွင်း ပြောကြားသွားခဲ့ကြောင်း Financial Time သတင်းစာတွင် ဖော်ပြထားသည်။
Mizzima

No comments:

Post a Comment