မိုးညှင်းလူမျိုးရေး ပဋိပက္ခ ပြေလည်မှုရ
Wednesday, May 22, 2013
မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့အတွင်း၌
လူမျိုးရေးဆန်သည့် ပဋိပက္ခတစ်ခု မေလ (၂၀)ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည့်ဟု
ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ သာသနာ့စည်းကမ်းဖောက်ဖျက်ခဲ့သည်
သံဃာတစ်ပါးကို မြို့နယ်သံဃနာယကအဖွဲ့အပါအ၀င် အုပ်ချုပ်ရေးအာဏာပိုင်များမှ
ထိန်းသိမ်းခဲ့သည့် ဖြစ်ရပ်ကို အကြောင်းပြု၍ သွေးထိုးလှုံ့ဆော်လိုသူတစ်စုက
လှုံ့ဆော်ခဲ့ရာမှ အနီး ပတ်ဝန်းကျင် ကျေးရွာလူထုက မိုးညှင်းမြို့ပေါ်သို့ တက်လာကာ
ပဋိပက္ခစတင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ဆိုင်ကယ်နဲ့ လူတစ်စုက ဘုန်းကြီးတွေကို
ဖမ်းသွားတယ်လို့ လိုက်အော်တဲ့ အတွက် အခုလိုဖြစ်လာရတာပါ၊ အခု သံဃာတော်တွေက
လိုက်ရှင်းတော့ ပြေလည်သွားပါပြီ”ဟု ဒေသခံ ကိုသန်းစိုးအောင်က ဆိုသည်။
အဆိုပါ အဓိကရုဏ်းတွင် ဒုတ်ဓါးလက်နက်ကိုင်ဆောင်သူများအား
ရဲဝန်ထမ်းများမှထိန်းသိမ်းကာ ၄င်းတို့အား ပြန်လည်လွှတ်ပေးခဲ့ကြောင်းနှင့်
တစုံတရာထိခိုက်သူမရှိဟု ဒေသခံများထံက သိရသည်။
အထက်ပါကိစ္စရပ်မှာ မှန်ကန်ကြောင်းနှင့်
မိမိတို့၌ပြောဆိုခွင့်မရှိဟု မိုးညှင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်အဆင့်ရှိ
အရာရှိတစ်ဦးက ပြောသည်။
“ဒီမြို့နားက လူတွေက ကောလဟာလတွေကို ကြားပြီးတော့
လာကြတာပါ၊ ဒီမှာမဟုတ်တဲ့ အကြောင်းကို သေချာသိတော့ ညပိုင်း ၁၀ နာရီကျော်လောက်ကျတော့
အေးအေးဆေးဆေးပဲပြီးသွားခဲ့ပါတယ်”ဟု ဒေသတွင်း စာချကိုယ်တော်တစ်ပါးက မိန့်သည်။
ကြားမိတဲ့ အဖြစ်အပျက်များကို အမှန်ဟု ယူဆပြီး
စိတ်လိုက်မာန်ပါမလုပ်သင့်ကြောင်း ၊ မိမိကိုယ်တိုင် သေချာစွာ
ချင့်ချိန်စဉ်းစားလျှင် ထိုသို့သောကိစ္စများ မဖြစ်ပွားနိုင်ကြောင်း ဆရာတော်က ဆက်လက်
မိန့်ကြားသည်။
အဆိုပါ ဖြစ်စဉ်မှာ ဘူတာရုံတွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကို
အခြေပြု၍ ပညာရောင်ခြည်ကျောင်းတိုက်သို့ လူမျိုးခြားလူတစ်စုက ၀င်ရောက်ဖျက်စီးနေသည်ဟူသော ကောလဟာလ များကြောင့် ဖြစ်ပွား ရခြင်းဖြစ်ကြောင်း
ဒေသခံ တို့က ဆိုသည်။
No comments:
Post a Comment