Tuesday, May 28, 2013
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ညပိုင်း၌ ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ယာဉ်များ လုံခြုံ မှုရှိစေရန်အတွက် သတင်းစာပို့ယာဉ်များ၏ရှေ့တွင် အချက်ပြယာဉ်တစ်စီး မောင်းနှင်းရမည်ဖြစ်ကြောင်း အမြန်လမ်း အင်ဂျင်နီယာ ဌာနက သိရှိရသည်။
"သတင်းစာပို့တဲ့ကားတွေ အကုန်လုံး ကျွန်တော်တို့နဲ့လာဆွေးနွေးပြီးတော့ အရှေ့က ပွိုင့်ကားတွေဘာတွေ ထည့် မယ်ဆိုရင် ညပိုင်းသွားဖို့ခွင့်ြ့ပုပေးပါမယ်"ဟု အမြန်လမ်း အင်ဂျင်နီယာ ဌာန၊ အင်ဂျင်နီယာမှူး ကြီး ဦးမျိုးမြင့်က ပြောသည်။
အဆိုပါ အမြန်လမ်းမကြီးတစ်လျှောက်ကို ၂၀၁၁ခုနှစ် ဒီဇင်ဘာလပိုင်းတွင် စတင်အသုံးပြုခွင့်ပြုခဲ့ပြီး ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကားများကိုသာ ဖြတ်သန်း မောင်းနှင်းခွင့်ပြုထားကြောင်း သိရှိရသည်။
"သတင်းစာပို့တဲ့ကားတွေကို ဖြတ်သန်းခွင့်မပြုဘူးဆိုရင် ဖြတ်သန်းခွင့်မပြုရတဲ့ အကြောင်းကို သက်ဆိုင်ရာကို မေးမြန်းဖို့လိုတယ်။"ဟု The Voice သတင်းစာတိုက်မှ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက ပြောသည်။
အမြန်လမ်းမကြီး စတင်အသုံးပြုချိန်မှစ၍ ယနေ့အချိန်ထိ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများတွင် မေလ ၂၅ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ယာဉ်တိုက်မှုမှ လူသေဆုံးမှုအများဆုံးဖြစ်ခဲ့သည်ဟု အင်ဂျင်နီယာဌာနမှ သိရှိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသည်တင်ကားများ လုံခြုံမှုရှိစေရန် သတင်းစာပို့ကားများရှေ့တွင် ပွိုင့်ကား မောင်းနှင် ရန်လိုအပ်သည်ဟု အမြန်လမ်း အင်ဂျင်နီယာ ဌာန၊ အင်ဂျင်နီယာမှူး ကြီး ဦးမျိုးမြင့်ကဆိုသည်။
၂၀၁၂ခုနှစ် မေလ(၂၀)မှ ၂၀၁၃ ခုနှစ်၊ မတ်(၁၁)ရက်နေ့အထိ ယာဉ်တိမ်းမှောက်မှု ၁၄၁ ကြိမ်၊ သေဆုံးသူ ၆၉ ဦးရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က သိရှိရသည်။
Eleven အင်တာနက်စာမျက်နှာ(၀ဘ်ဆိုဒ်)တွင် The Daily Eleven သတင်းစာပါ အမြန်လမ်းနှင့် ပတ်သက်သော အယ်ဒီတာ့အာဘော်ကြောင့် The Daily Eleven သတင်းစာပို့သည့် ကားများအား အမြန်လမ်းမတွင် ဖြတ်သန်းခွင့် ပိတ်ပင် ဟူသောခေါင်းစဉ်သတင်းများဖော်ပြထားပြီး နိုင်ငံပိုင် သတင်းစာများဖြစ်သော မြ၀တီ သတင်းစာနှင့် မြန်မာ့အလင်းသတင်းစာများ တင်ပို့ယာဉ်များကိုလည်း တစ်ပြေးညီထားသင့် ကြောင်းကိုလည်း ဖော်ပြထားသည်။

No comments:
Post a Comment