Tuesday, May 28, 2013

မိုးပျံရထားစီမံကိန်းအပါအ၀င် မြို့တွင်းသယ်ယူပို့ဆောင်ရေးအဆင့်မြှင့်ရန် သမ္မတခွင့်ပြု

Tuesday, May 28, 2013

ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးအတွက် မိုးပျံရထားစီမံကိန်းအပါအ၀င် သယ်ယူပို့ဆောင်ရေးကဏ္ဍအားလုံးကို အဆင့်မြှင့် တင်တိုးချဲ့ရန် နိုင်ငံတော်သမ္မတက ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးအတွက် သမ္မတဆီကို အချက် ၁၀ ချက်တင်ပြတာ သဘောတူညီလိုက်ပါပြီ။ စီမံကိန်းကို ရေတိုရေရှည်နှစ်မျိုး ဆောင်ရွက်သွားမှာပါ” ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အဖွဲ့ဝင်ဦးခင်မောင်ဌေးက မေ ၂၇ ရက်တွင်ပြောသည်။

ယင်းစီမံကိန်းများတွင် အဓိကအနေဖြင့် မိုးပျံရထားစီမံကိန်း၊ ဒုတိယ စီးပွားရေးအချက်အချာ နယ်မြေများ တိုးချဲ့ခြင်း၊ ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတို့တွင် ဘတ်စ်ကားများကို တစ်လမ်းမောင်း ယာဉ်ကြော စနစ်ဖြင့် မောင်းနှင်ခြင်း၊ ကမ်းနားလမ်းနှင့်ဘုရင့်နောင် လမ်းတို့တွင် ယာဉ်ကြောပိတ်ဆို့နေခြင်းကို ဖြေရှင်းရန် အ၀င်တစ်လမ်း၊ အထွက်တစ်လမ်းပုံစံဖြင့် ပြောင်းလဲခြင်း၊ မြို့တွင်းမြို့ပြင် မြို့ပတ်လမ်းများ ဖောက်လုပ်ခြင်း၊ လိုအပ်သည့်နေရာများတွင် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ အစိုးရနှင့် ညှိနှိုင်း၍ မြေနေရာကျယ်ကြီးများတွင် အခြေခံအဆောက်အအုံကြီးများ တိုးချဲ့တည်ဆောက်ခြင်း၊ မြို့ပတ်ရထားစနစ်ကို အဆင့်မြင့်တင်ခြင်း၊ ဆိပ်ကမ်း၊ ဆိပ်ခံတံတားများ ပြုပြင်ခြင်း၊ ရေကြောင်းသွား လာရေးတွင် ရေယာဉ်သစ်များဝယ်ယူပြေးဆွဲခြင်းတို့ လုပ်ဆောင်သွားရန် ခွင့်ပြုမိန့်ရရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်သည်။

အဆိုပါစီမံကိန်းများအတွက် အရင်းအနှီးများစွာလိုအပ်ပြီး ပြည်တွင်းပြည်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင် သွားမည်ဟု သိရသည်။ လက်ရှိတွင် ရေတိုစီမံကိန်းများဖြစ်သည့် ဘတ်စ်ကားကွန်ရက် တိုးချဲ့အဆင့်မြှင့်တင်ရေး အတွက် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးမှု အချို့လည်းရှိနေကြောင်းသိရသည်။

“ရင်းနှီးမြှုပ်နှုံမှုတွေက ၁၀၀ ရာခိုင်နှုန်း ရင်းနှီးချင်လည်းရတယ်။ ဒါမှမဟုတ် ဒီအဖွဲ့နဲ့ပူးပေါင်းပြီး အကျိုးတူလုပ်ချင်လည်းရတယ်” ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ကဆိုသည်။

ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြ၍ မကြာမီပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့ကို နိုင်ငံတော်သမ္မတက ယခုနှစ် မေလ ၁၄ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိများနှင့် ပညာရှင်များအပါအ၀င် ၁၀ ဦးဖြင့် တရားဝင်ဖွဲ့စည်းလုပ်ပိုင်ခွင့်ပေးအပ်ခဲ့သည်။ မိုးပျံရထားစီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိ ရန်ကုန်မြို့မြေအသုံးချမှုနှင့် လူဦးရေအတွက် တိကျသည့်စစ်တမ်းများနှင့် မူဝါဒများချမှတ်ပြီးမှသာ လုပ်ဆောင်ရန် နေရာရွေးချယ်မှု များ ပြုလုပ်ရန်သင့်တော်ကြောင်း မြို့ပြ နှင့် ဗိသုကာပညာရှင် ဦးဝင်းမြင့်က အကြံပြုပြောကြားသည်။

No comments:

Post a Comment