Thursday, May 16, 2013

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် လေဖိအားနည်း ရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ် သွားမည်ဟု မိုး/ဇလမှခန့်မှန်း

မေလ ၁၆ ရက် ည ၈ နာရီအချိန် တိုင်းထွာချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားနေပြီး လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်းအားပျော့ ပျက်ပြယ်သွားမည်ဟု ခန့်မှန်းရကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ည ၈ နာရီအချိန် တိုင်းထွာချက်အရ မုန်တိုင်း၏ အခြေအနေမှာ အစိမ်းရောင် အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ရခိုင်ကမ်းရိုးတန်းအတွက် အန္တရာယ်ကင်းရှင်း သွားပြီဖြစ်ကြောင်းလည်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် မြေပြင်ရေပြင်လေသည် တစ်နာရီမိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်းနှင့် ယခုသတင်းသည် မဟာစင်မုန်တိုင်းအတွက် ထုတ်ပြန်ပေးသော နောက်ဆုံး သတင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေ ၉ ရက်က လေဖိအားနည်း ရပ်ဝန်းအဖြစ် ရှိခဲ့ရာမှ မေ ၁၀ ရက်နေ့တွင် အပူပိုင်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိခဲ့သည်။

အေးချမ်းမွန် Credit & Copy From > Eleven Media Group<Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

No comments:

Post a Comment