Thursday, May 16, 2013

အစိုးရ ကတိကြောင့် ပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ ဒုက္ခသည်တွေ ဘေးလွတ်ရာ ရွေ့ပြောင်း

2013-05-16

မဟာစင် ဆိုင်ကလုန်း မုန်တိုင်းအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ အစိုးရရဲ့ဘေးလွတ်ရာကို ပြောင်းရွှေ့ရေး အစီအစဉ်ကို ငြင်းဆန်ခဲ့တဲ့ ဒုက္ခသည်တွေအပါအ၀င် စစ်တွေမြို့နားက မွတ်စလင် ဒုက္ခသည်စခန်း အကုန်လုံးကို ဒီကနေ့ မနက်ပိုင်းမှာ ပြောင်းရွှေ့လိုက်ပြီဖြစ်တယ်လို့ ပြည်နယ် အစိုးရတာဝန်ရှိ သူတွေ က ပြောပါတယ်။

အဲ့ဒီဒုက္ခသည်စခန်းတွေကို ဒီကနေ့ပြောင်းရွှေ့ပေးနေတဲ့ အခြေအနေတွေကို စည်ပင်သာယာရေး ဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးလှဟန်က RFA ကို ပြောပါတယ်။

ဒုက္ခသည်တွေဟာ မုန်တိုင်းအန္တရာယ်ကြောင့် နေရာပြောင်းရွှေ့ခဲ့ရင် မူလနေရာတွေပြန်မရမှာ စိုးရိမ်နေတဲ့အတွက် ငြင်းဆန်ခဲ့ကြတာဖြစ်ကြောင်း ပြည်နယ်အစိုးရက မူလနေရာကို ပြန်နေရာ ချထားပေး မယ် လို့ ကတိပေးပြောကြားခဲ့တာကြောင့် ဒီကနေ့မှာ ပြောင်းရွှေ့ခဲ့ကြတာလို့ ဆိုပါတယ်။

စစ်တွေမြို့နားက ဘောဒူဘ၊ သဲချောင်း၊ ဒါးပိုင် ၊ အုန်းတောကြီးစတဲ့ ဒုက္ခသည်စခန်းစုစုပေါင်း ၁၁ ခုရှိပြီး အဲဒီစခန်းတွေကို နီးစပ်ရာ ကျေးရွာတွေက စာသင်ကျောင်းတွေမှာ မုန်တိုင်းခိုလှုံမယ့် နေရာအဖြစ် သတ်မှတ် ပြောင်းရွှေ့ပေးနေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာလည်း ရခိုင်ပြည်နယ်အတွင်း ပင်လယ်ကမ်းရိုးတန်းတွေက ဒေသခံတွေကို မုန်တိုင်းခိုလှုံနိုင်မယ့် နီးစပ်ရာကုန်းမြင့်အဆောက်အအုံတွေ၊ မြို့ပေါ်နေရာတွေကို ပြောင်းရွှေ့ပေးနေတယ် လို့ သိရပါတယ်။

No comments:

Post a Comment