Monday, April 22, 2013

HRW အစီရင်ခံစာပါ စွပ်စွဲမှု မြန်မာအစိုးရ အလေးမထားဟု တုံ့ပြန်

မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW ရဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာဟာ တစ်ဖက်သတ်ရရှိတဲ့ သတင်းတွေကိုသာ အခြေခံထားတာဖြစ်ပြီး အလေးထားမှာမဟုတ်ဘူးလို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ဧပြီ ၂၂ရက်မှာ တုံ့ပြန်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ပညာရှင်တွေ၊ နှစ်ဖက်အသိုင်းအဝိုင်း က လေးစားအပ်တဲ့သူတွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပြီး အစီရင်ခံစာပြုစုနေတာမို့ ဒီအစီရင်ခံစာရဲ့ တွေ့ရှိချက်နဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောဆိုလိုက်ပါတယ်။

အီးယူက မြန်မာနိုင်ငံအပေါ် တစ်နှစ်ဆိုင်းငံ့ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လုံးဝရုပ်သိမ်းဖို့ အစည်းအဝေးပြုလုပ်နေချိန်နဲ့ အချိန်ကိုက်ပြီး HRW က အစီရင်ခံစာထုတ်ပြန်လိုက်တာဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ မြန်မာအစိုးရဘက်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို ဧပြီ ၂၃ရက်နေ့မှာ ထုတ်ပြန်ဖို့ရှိနေတယ်လို့ ကော်မရှင်မှာ ပါဝင်တဲ့သူတွေက အတည်ပြုပြောဆိုခဲ့ကြပါတယ်။

HRW ရဲ့ အစီရင်ခံစာထဲမှာ မြန်မာအစိုးရအာဏာပိုင်တွေက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူမဆန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ဦးရဲထွဋ်ကတော့ HRW အစီရင်ခံစာဟာ စကားလုံးအသုံးအနှုံး အငြင်းပွားဖွယ်ရာရှိတယ်လို့ တန်ပြန်ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment