Monday, April 22, 2013

ဆိုရှယ်လစ် ဘောဂဗေဒ အငွေ့အသက်မကုန်သည့် ရပ်ကွက်အတွင်းမှ ဖုန်းကတ်မဲနှိုက်ပွဲများ ကျင်းပ

Monday ,April22 ,2013
မှတ်ပုံတင်၊ သန်းခေါင်စာရင်းများပြကာ ကျပ် ၁၅၀၀ တန်ဖုန်း Sim Card တစ်ကတ်အတွက် ရပ်ကွက်နေ ပြည်သူများ အချိန်ပေး စောင့်ဆိုင်း ဒုက္ခခံရသော ဖုန်းကတ်မဲနှိုက်ပွဲများ စတင်နေပြီဖြစ် သည်။

မဲနှိုက် ရောင်းချသည့် စနစ်အပေါ် သံသယရှိသဖြင့် ရပ်ကွက်နေ ပြည်သူများက တိုင်ကြားမှုများလည်း ရှိနေသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) ၄၀ ရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူများက ၎င်းတို့ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် တန်ဖိုးနည်းဖုန်း လျောက်လွှာများကို ၎င်းနှင့်နီးစပ်ရာ ဆွေမျိုးများသို့ လက်သိပ်ထိုး ဝေငှနေကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားခဲ့သည်ဟု သိရသည်။


ဖုန်းကတ်မဲနှိုက်ပွဲများကို မြင်တွေ့ရသည်မှာ ဆိုရှယ်လစ်စနစ်ဖြင့် ဦးနေ၀င်းခေါင်းဆောင် အုပ်ချုပ်ခဲ့သည့် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ ကာလများ၏ စီးပွားရေးစနစ်များ၊ ကုန်ပစ္စည်း ထုတ်လုပ်မှုစနစ်များနှင့် ကုန်ပစ္စည်းဖြန့်ဖြူး ရောင်းချမှု စနစ်များနှင့် ဆင်တူနေကြောင်း ဘောဂဗေဒ ပညာရှင်များက သုံးသပ်ကြသည်။

''ဆိုရှယ်လစ် ဘောဂဗေဒအရ ကုန်ပစ္စည်းတွေကို လွတ်လပ်စွာ ထုတ်လုပ်ခွင့်၊ ရောင်းချပိုင်ခွင့် မရှိဘဲ ကန့်သတ်ချုပ်ချယ် ထားသဖြင့် အစိုးရရဲ့ လက်ဝါးကြီးအုပ် စီးပွားရေး စနစ်ဖြစ်နေပါတယ်။ အရင်းရှင်စီးပွားရေး စနစ်ဟာ ပြည်သူလူထုကို သွေးစုပ်ချယ်လှယ်တဲ့ စနစ်ဖြစ်တယ်။
ကုန်ထုတ်အရင်းအနှီးတွေကို ပုဂ္ဂလိက လက်ထဲမှာ မထားဘဲ ပိုင်ဆိုင်ခွင့် မပေးဘဲနဲ့ အစိုးရကသာ ချုပ်ကိုင်ထားတဲ့အတွက် ပြည်သူလူထုဟာ အရင်းရှင်စနစ်ထက် ပိုမိုဆိုးရွားတဲ့ စနစ်ဖြစ်တယ်ဆိုတာကို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားခဲ့တဲ့ ဆိုရှယ်လစ် စနစ်နဲ့အတူ မှားယွင်းတဲ့ စီးပွားရေး စနစ်၊ အုပ်ချုပ်မှု စနစ်ကြောင့် လူထု တော်လှန်ရေးတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အဓိကကတော့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ စီးပွားရေးစနစ်ဟာ ပြည်သူလူထုကို စီးပွားရေး အကြပ်အတည်းတွေ ပိုမိုဖြစ်ပေါ်စေတဲ့ စနစ်ဖြစ်ပါတယ်။ လက်ရှိဖုန်းတွေ မဲနှိုက်ရောင်းချတဲ့ စနစ်ကလည်း ဆိုရှယ်လစ် ဘောဂဗေဒ စနစ်လိုပဲ ဗဟိုကချုပ်ကိုင်တယ်။ ပြီးတော့ ခွဲတမ်းအလိုက် ရောင်းချတယ်။ ဒါတွေက ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ဦးနေ၀င်းရဲ့ဆိုရှယ်လစ်စနစ်က ပုံစံတွေ အတိုင်းပဲ ဖြစ်နေတယ်။ ပုဂ္ဂလိကကိုလည်း လွတ်လပ်စွာ ရောင်းချခွင့် မပေးဘူး။ အရေအတွက်ကိုလည်း ကန့်သတ်ထားတယ်။ လက်ရှိဒီမိုကရေစီ အစိုးရ ကျင့်သုံးနေတဲ့ ဈေးကွက် စီးပွားရေးစနစ်အရဆိုရင် ဒီကိစ္စတွေက မဖြစ်သင့်ပါဘူး'' ဟု ဘောဂဗေဒ ပညာရှင်တစ်ဦးက သုံးသပ်ခဲ့သည်။

''အခုလုပ်နေတဲ့ ပုံစံက ဆင်းကတ်တွေကို ဈေးလျော့ပြီး ရောင်းတယ်ဆိုပေမယ့် မှောင်ခိုဈေးကွက်ကို အားပေးသလို ဖြစ်နေတယ်။ နိုင်ငံခြား ကုမ္ပဏီတွေကို အပြိုင်ဖွင့်ပေးလို့ ရရဲ့သားနဲ့ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတဲ့ သဘောမျိုးလည်း တွေ့ရတယ်။ ဆင်းကတ်ရရှိမှု အပိုင်းမှာ ပြသနာရှိသလို ငွေဖြည့်ကတ် ပြသနာကလည်း နောက်ထပ်ပြသနာတစ်ခု ဖြစ်နေတယ်။ အဲဒီတော့ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုပေမယ့် စီမံခန့်ခွဲမှုအပိုင်းမှာ ညံ့ဖျင်းမှုတွေ၊ တလွဲဖြစ်နေတာတွေ လက်ဝါးကြီးအုပ်ချင်တဲ့ စိတ်တွေ ရှိနေသေးတယ် ဆိုတာပဲ။ ဒီပုံစံ အတိုင်းဆိုရင် မှောင်ခိုလမ်းကြောင်း ပွင့်သွားနိုင်တယ်။ ဥပမာ-ဟိုတုန်းက သမဆိုင်မှာ လူတစ်ယောက် ဆန်ဘယ်နှစ်ပြည်၊ သကြားဘယ်နှစ်ပိသာ ၊ဆပ်ပြာဘယ်နှစ်တောင့်ဆိုပြီး ခွဲတမ်းချပေး လိုက်တဲ့အခါ ပိုက်ဆံရှိတဲ့သူတွေက ဆင်းရဲသားတွေဆီက စာအုပ်တွေကို ပိုက်ဆံနည်းနည်းပေး ပြီး သိမ်းကြုံးယူလိုက်တာတွေ ရှိတယ်ဆိုတော့ အခုအချိန်အထိ ဆိုရှယ်လစ် အငွေ့အသက်တွေ မကုန်သေးဘူးဆိုတဲ့ သဘောပါဘဲ'' ဟု စီးပွားရေးပညာရှင်ဖြစ်သူ မောင်သံဒိုင်( ဘောဂဗေဒ) က သုံးသပ်ပြောကြားခဲ့သည်။

အငြိမ်းစားကျောင်းဆရာ ဦးအောင်မြင့်က ''၁၅၀၀ တန် ဖုန်းထွက်မယ်လို့ စကြားကြားချင်း အစိုးရအဖွဲ့ကို အမှတ်ပေးလိုက်မိတယ်။ ဒါပေမဲ့ ရောင်းတဲ့ ပုံစံကတော့ တော်တော်ကို အဆင်မပြေဘူး။ ရပ်ကွက်ရုံးမှာ မဲနိုက်မယ်ဆိုရင် ရပ်ကွက်လူကြီးတွေက မသမာမှုတွေကို အမျိုးမျိုးလုပ်မှာပဲ။ အခုမှ လုပ်မှာမဟုတ်ဘူး၊ ဆိုရှယ်လစ်ခေတ် တစ်လျောက်လုံး သမဆိုင်မှာ မဲနှိုက်လို့ကတော့ အညွန့်အဖူးဆိုရင် ရပ်ကွက်လူကြီးတွေပဲရတယ်။ ကျွန်တော့်ဘ၀တစ်လျောက် ဘယ်တုန်းကမှ သမဆိုင်မှာ ပစ္စည်းကောင်းကောင်း မဲမပေါက်ဖူးဘူးလေ။ ကျွန်တော်မှ ရပ်ကွက်လူကြီး မလုပ်ဖူးတာကိုး။ ဒါကြောင့် အခုရောင်းတဲ့ပုံစံကို အယုံအကြည် မရှိဘူး။ မသမာမှုတွေ ဖြစ်လာအောင် လုပ်နေတာနဲ့ တူနေပါတယ်'' ဟု သုံးသပ်ပြောကြားခဲ့သည်။

4.22.3

ဧပြီလ ၂၁ ရက်နေ့က တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၌ တန်ဖိုးနည်းဆင်းကဒ်များ မဲနှိုက်နေစဉ်

Eco Dev မှ Managing Director ဦးဝင်းမျိုးသူက ''အခုဆိုရင် Facebook ပေါ်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တက်ရေးနေတာ တွေ့ရတယ်။ ဒီပုံစံ အတိုင်းသွားရင် တစ်နိုင်ငံလုံး သုံးနိုင်ဖို့ဆိုရင် နောက် ၁၅ နှစ်ကြာမယ် ဆိုတာမျိုး တွေ့ရတယ်။ တစ်ချို့ရှိတာက ဒီကိုတာစနစ်နဲ့ ရပ်ကွက်ထဲမှာ ၀ယ်ရတာတွေက အလုပ်ဖြစ်မလား ဆိုတာလည်း စဉ်းစားစရာ ဖြစ်နေတယ်။ ဒီကိစ္စက ဒီလောက်ခက်ခဲနေ စရာလည်း မလိုဘူး။ လွယ်လွယ်ကူကူ ပြီးရမယ့် ကိစ္စပါ။ ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတော့ Telecommunication နဲ့ပတ်သက်တဲ့ အခြေခံအဆောက်အအုံတွေ မပြည့်စုံသေးတာလား စဉ်းစားမိတယ်။ အမှန်က Proper Investment တစ်ခုကို ဖွင့်ပေးလိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။ အခု သမ္မတက ၀င်ပြောနေတာ တွေ့ရတယ်။ သမ္မတမှ ၀င်မပြောရင် မရွေ့ကြတော့ဘူးလား ဒါလည်းပြောစရာ ဖြစ်နေပါတယ်'' ဟု ပြောကြားခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစိုးထိုက်ကလည်း ''ကျွန်တော့် အတွက် ဖုန်းတစ်လုံး လိုအပ်တာ အမှန်ပါ။ ဒါပေမဲ့ ဈေးကြီးလို့ မ၀ယ်နိုင်ခဲ့ဘူး။ အခု ကျပ် ၁၅၀၀နဲ့ ဆင်းကတ်ရောင်းမယ်ဆိုတော့ ၀မ်းသာခဲ့တယ်။ ဒါပေမဲ့ အခုလို ရပ်ကွက်ရုံးမှာ မဲနှိုက်ရမယ် ဆိုရင်တော့ ကျွန်တော်မ၀ယ်တော့ဘူး၊ အချိန်ကုန်၊ လူပန်းတာပဲ အဖတ်တင်မှာပါ၊ ကျွန်တော်တို့နိုင်ငံလို နိုင်ငံမျိုးမှာ ရပ်ကွက်ရုံးတို့၊ ရပ်ကွက်လူကြီးတို့ ဆိုတာကို ဘယ်ပြည်သူမှ မယုံတာကြာပြီ။ ဒါကြောင့် မဲလည်း သွားမနှိုက်တော့ဘူး။ ဘယ်လို မသမာမှုတွေ ဖြစ်လာမလဲ ဆိုတာကိုပဲ စောင့်နားထောင်တော့မယ်။ တခြား နိုင်ငံတွေမှာ ဖုံးကတ်ဆိုတာ အစိုးရကလည်း မချုပ်ကိုင်ဘူး၊ ပုဂ္ဂလိကတွေ လုပ်နေတာပဲ'' ဟု ဝေဖန် ထောက်ပြသွားသည်။

ပုဂ္ဂလိကကိုလည်း လွတ်လပ်စွာ ရောင်းချခွင့်မပေးဘူး။ အရေအတွက်ကိုလည်း ကန့်သတ်ထားတယ်။ လက်ရှိဒီမိုကရေစီအစိုးရ ကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေး စနစ်အရဆိုရင် ဒီကိစ္စတွေက မဖြစ်သင့်ပါဘူး . . .



ဖုန်းအပြင် ကားတင်သွင်းခွင့်ပြုသည့် အပိုင်း၌လည်း ထိုသို့ပင် လူတစ်ဦး ကားတစ်စီးနှုန်း ကန့်သတ်ထားခြင်း၊ အဆိုပါ ကားတစ်စီးကိုပင် ဘဏ်စာရင်း ဖွင့်လှစ်သည်မှအစ ပြည်ပမှ တင်သွင်းရောက်ရှိသည့် အဆင့်အထိ မလိုအပ်ပဲ အဆင့် ပေါင်းများစွာခံ၍လုပ်ထားခြင်းမှာလည်း ယခင်ကျင့်သုံးခဲ့သည့် အစိုးရ လက်ဝါးအုပ် စီးပွားရေးလမ်းစဉ် (ဆိုရှယ်လစ်စနစ်)ဖြင့် အခေါ်အဝေါ်သာ ကွဲပြီး အားလုံးအတူတူပင် ဖြစ်နေသည်။

ကားအရောင်းပြခန်းများ ဖွင့်လှစ်ခိုင်းထားသော်လည်း လွတ်လပ် စွာဝယ်ယူခွင့်မရပဲ ကားဟောင်းအပ် သည့်စလစ်ဟူ၍ တစ်မျိုး ဘဏ်စာ ရင်းဖွင့်လှစ်ထားသည့်အထောက်အ ထားဟူ၍ တစ်ဖုံ အမျိုးမျိုးသော ကန့်သတ်ချက်များဖြင့်လုပ်ကိုင်နေရ မှုမှာလည်း လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုလိုက်ပြီဆိုသော ခေါင်းစဉ်ထက် ဆိုရှယ်လစ်စနစ်ခေါင်းစဉ်ဖြင့်သာ ပိုကိုက်ညီနေသည်။

''ကျွန်တော်တို့ သာကေတမြို့နယ် ၅ရပ်ကွက်မှာ ဧပြီလ ၂၀ ရက် နေ့မှာ ၁၅၀၀ တန် ဖုန်းအတွက် မဲနှိုက်ခဲ့ပါတယ်။ ၅ ရပ်ကွက်မှာက လမ်းစုစုပေါင်း ၁၀ လမ်းရှိပါတယ်။ မဲနှိုက်တဲ့ အခါမှာ သက်ဆိုင်ရာလမ်း အလိုက် မဲနှိုက်ရပါတယ်။ လမ်းတစ်လမ်းကို ရပ်ကွက်အုပ်ချုပ်ရေးမှုးက ချပေးတဲ့ အရေအတွက်အလိုက် ဥပမာ တစ်လမ်းကို ၉လုံး၊ ၁၀ လုံး စသဖြင့် မဲနှိုက်ရပါတယ်။ လမ်းအလိုက် မဲနှိုက်တော့ ကျွန်တော်တို့ ဆီမှာတော့ အငြင်းပွားစရာ မဖြစ်ခဲ့ပါဘူး။ ကျွန်တော်ကတော့ ဖုန်းမရှိလို့ လျောက်လွှာတင်ခဲ့တာပါ။ မဲတော့ မပေါက်ခဲ့ပါဘူး။ နိုင်ငံခြားမှာတော့ ဒီလို ဖုန်းကတ်ကို မဲနှိုက်ဝယ်ယူရတဲ့ စနစ်မရှိဘူးလို့ သိရတယ်။ ကိုယ်နိုင်ငံ၊ ကိုယ့်စနစ်နဲ့ ကိုယ်ဆိုတော့လည်း ဘာမှပြောစရာ မရှိပါဘူး။'' ဟု သာကေတ မြို့နယ် ၅ ရပ်ကွက် ၃ လမ်းတွင် နေထိုင်သည့် ကိုလတ်က ပြောကြားခဲ့သည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ကျီတော်ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်မော်လီမှလည်း ''အန်တီတို့ ရက်ကွက်မှာတော့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၉ နာရီမှ မဲနှိုက်ပေးမှာ။ အန်တီ့မှာက ဖုန်းမရှိတော့ လျောက်လွှာ တင်ထားပါတယ်။ အန်တီတို့ ရပ်ကွက်အတွက် အလုံးရေ တစ်ရာကျော် ချပေးမယ်တော့ ကြားတယ်။ ဖုန်းမရှိတော့ ပေါက်စေချင်ပါတယ် ။အဲလိုမဲနှိုက်မဲ့အစား အပြင်ဆိုင်တွေမှာ လိုသလောက် ၀ယ်ရရင်တော့ ကောင်းတာပေါ့။ အခုက လိုချင်တဲ့သူ များနေပြီး အလုံးရေက နည်းနေတော့ ကိုယ့်အတွက် မျော်လင့်ချက် မရှိသလောက်ပါပဲ'' ဟု ပြောပြသည်။

"ရန်ကုန်မြို့မှာ လူဦးရေက ခြောက်သန်းကျော်ရှိတယ်။ တစ်မြို့နယ်ကို ဖုန်းအလုံးရေက သုံးသိန်းပဲ ချပေးတာဟာ။ လူဦးရေနဲ့ ဖုန်းအလုံး ရေနဲ့က မလောက်ငှဘူး။ ဒီလိုမျိုး ရက်ကွက်အုပ်ချုပ်ရေးမှုး ရုံးတွေကနေ တဆင့်မဲနှိုက် ရောင်းချတဲ့ နေရာမှာလည်း တရားမျတမှု ရှိမရှိဆိုတာ ကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါ တယ်။ အငြင်းပွားစရာတွေလည်း ဖြစ်လာနိုင်တယ်။ အစ်မတို့ရပ်ကွက်မှာတော့ ဧပြီ ၂၂ ရက်နေ့မှ မဲနှိုက်ရမှာပါ။အဲဒီကျရင်တော့ ဘယ်လိုတွေ ဖြစ်လာဦးမလဲ မသိသေးပါဘူး'' ဟု ဒဂုံ(မြောက်ပိုင်း)မြို့နယ် ၃၅ ရပ် ကွက်မှ အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးက ပြောကြားခဲ့သည်။

ဧပြီလ ၂၁ရက်နေ့က မြောက် ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်တွင် တန်ဖိုးနည်းဖုန်းကို မဲနှိုက်ရောင်းချခဲ့ရာ ၀ယ်ခွင့်ရရှိခဲ့သူ တစ်ဦးက''ကျွန်တော်တို့ ရပ်ကွက်မှာ မဲနှိုက်ဖို့ စာရင်းပေးတဲ့သူ ၄၇၀ ကို ကိုယ်တိုင် လာရောက်မဲနှိုက်ဖို့ ခေါ်တယ်။ အရင်ဆုံး စာရင်းပေးတဲ့သူက စပြီး အစဉ်လိုက် မဲနှိုက်ပေးတယ်။ ပေါက်မဲ ၁၀၀ပြည့်တော့ ရပ်လိုက်တယ်။ ကျွန်တော်က ၉၃ ခုမြောက် ပေါက်မဲ ကိုရတယ်။ အရင်ဆုံး နှိုက်ခွင့်ရတဲ့ သူတွေ ပေါက်ကြတာများတယ်။ ဒီလို မဲနိုက်တဲ့စနစ်က နိုင်ငံတကာ မှာမရှိတော့ ရီတော့ရီရတယ်။ ကိုယ်က မဲပေါက်ခြင်တော့ အပင်ပန်းခံပြီး အချိန်တော့ နည်းနည်းပေးရတာပေါ့''ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ တယ်လီဖုန်း ကိုင်ဆောင်အသုံးပြုနိုင်သူ ဦးရေမှာ ခြောက်သန်းဝန်းကျင် (လူဦးရေ၏ ၁၀ ရာခိုင်နှုန်း) သာရှိ နေရာ ယခုလို တန်ဖိုးနည်းဖုန်းများ ၀ယ်ယူအသုံးပြုနိုင်ရန် စိတ်ဝင်စားသူ အများအပြား ရှိနေမည်ဖြစ်သည်။

ထို့ကြောင့် ရောင်းချပေးနိုင်မှု ပမာဏနှင့် ၀ယ်ယူလိုသည့် ပမာဏသည် ကွာဟမှု ကြီးမားနေဦးမည်သာ ဖြစ်သည်။ ထို့ကြောင့် အစိုးရ အနေဖြင့် နိုင်ငံတကာနည်းတူ ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံများကို မြှင့်တင်ကာ အရေအတွက် မကန့်သတ်ဘဲ အများပြည်သူထံ လွတ်လပ်စွာ ရောင်း ချခွင့်၊ ၀ယ်ယူခွင့်ပြုပါက တာဝန်ရှိသူများ စိုးရိမ်နေသည့် မှောင်ခိုဈေးကွက်နှင့် ဖုန်းကတ်ချထားပေးရာတွင် လာဘ်ပေး လာဘ်ယူ ဖြစ်စဉ်များမှာ လွန်စွာ နည်းပါးသွားမည်ဟု အိုင်တီဆိုင်ရာ ပညာရှင်များက သုံးသပ်နေကြသည်။
Eleven Media Group

No comments:

Post a Comment