ရန်ကုန်၊ ဧပြီ ၁
နိုင်ငံရေးပါတီ ၂၀ ခန့်မှ ပါတီ ခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်တို့ သင်္ကြန်မတိုင်မီ တွေ့ဆုံသွား မည်ဖြစ်ကြောင်း
နိုင်ငံရေးပါတီများနှင့် နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူများက ပြောကြားသည်။
ယခုလက်ရှိ ဖြစ်ပေါ်နေသောပဋိပက္ခ များနှင့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်း
စဉ်များကို ယင်းတွေ့ဆုံပွဲ တွင် နိုင်ငံတော် သမ္မတက
ရှင်းလင်းပြောကြားသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး နှင့်
လူမှုရေးအကြံပေးကောင်စီဝင် တစ်ဦးက ဆိုသည်။
နိုင်ငံတော် သမ္မတနှင့်
ယခင်တွေ့ဆုံ ထားခြင်းမရှိသည့် ပါတီများ၊ အင်အားကြီး ပါတီ အချို့နှင့်
တွေ့ဆုံသွားမည် ဖြစ်သော်လည်း မည်သည့်ပါတီများနှင့် တွေ့ဆုံမည်ကိုမူ
စိစစ်နေဆဲဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
"နိုင်ငံရေး ပါတီတွေနဲ့
တွေ့ဆုံဖို့ Peace Center (မြန်မာငြိမ်းချမ်းရေး စင်တာ)က ဝန်ကြီး
ဦးအောင်မင်းတို့ စီစဉ်တာပါ" ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး
ဦးဇော်ဌေးက ဆိုသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ရှင်းလင်းရန်
နိုင်ငံရေးပါတီများမှ ပါတီ ခေါင်းဆောင်များ ဧပြီလ ၉ ရက်နေ့တွင်
တွေ့ဆုံမည်ဟု သိရသော်လည်း တရားဝင် ဖိတ်ကြားထားခြင်း မရှိသေးကြောင်းဒီမိုကရက်တစ် ပါတီ (မြန်မာ)မှ ပြန်ကြားရေး တာဝန်ခံ ဦးလှမြင့်က ပြောကြားသည်။
နိုင်ငံတော် သမ္မတက ယခုလက်ရှိ ဖြစ်ပေါ်လျက်ရှိသော ဘာသာရေးအသွင်ဆောင်
ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးလာပါက ပဋိပက္ခများကို အချိန်မီမထိန်း သိမ်းနိုင်သော ပြည်ထဲရေး ဝန်ကြီးဌာန ကို ပြန်လည် သုံးသပ်ပေးရန်
တိုက်တွန်းသွားမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
ဥက္ကဋ္ဌဒေါက်တာအေးမောင်က ဆိုသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
၂၀၁၂ ခုနှစ်အတွင်း၂၀၁၀ အထွေထွေ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီများနှင့်
တစ်ကြိမ်၊ တိုင်းရင်းသားပါတီများ အပါအဝင်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်
ပါတီအချို့နှင့် တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
No comments:
Post a Comment