Sunday, February 24, 2013

Debate လုပ်ရန် စိန်ခေါ်သင့်ကြောင်း

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရိုဟင်ဂျာတိုင်းရင်းသားများရဲ့ သမိုင်းအား ကျွမ်းကျင် နိုင်နင်းတဲ့ ပုဂ္ဂိုလ်များအနေနဲ့ လ၀က ဒု-၀န်ကြီး ဦးကျော်ကျော်ဝင်းအား အများပြည်သူရှေ့မှောက်တွင် ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံတွင် ရှိခဲ့၊ မရှိခဲ့၊ ပါလီမာန်ဒီမိုကရေစီခေတ်က တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး ဖြစ်ခဲ့၊ မဖြစ်ခဲ့ဆိုသောအချက်ကို စိန်ခေါ်၍ စကားစစ်ထိုးသင့်တယ်လို့ ကျနော် ယူဆပါတယ်။

ရိုဟင်ဂျာလူမျိုးများကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခဲ့တာက ပြည်သူ့အစိုးရ အုပ်ချုပ်တဲ့ ပါလီမာန်ဒီမိုကရေစီခေတ်ပါ။ အဲဒီ ပါလီမာန်ဒီမိုကရေစီ ခေတ်မှာ ယခု ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာ မရှိပါဘူးလို့ ငါ့စကားနွားရလုပ်ပြီး မြောက်များစွာသော သမိုင်းအထောက်အထားများကို မျက်ကွယ်ပြုပြီး၊ အရှက်ဂုဏ်သိက္ခာ ကင်းမဲ့စွာနဲ့ ငြင်းပယ်ခဲ့တဲ့ လ၀ကဒုဝန်ကြီး ဦးကျော်ကျော်ဝင်းဆိုသူဟာ ရိုဟင်ဂျာလူမျိုးတွေ တိုင်းရင်းသားဖြစ်ခဲ့တဲ့ ပါလီမာန်ဒီမိုကရေစီခေတ်ကို မှီခဲ့ဖူးသူတစ်ဦး ဖြစ်ဟန် မရှိပါဘူး။ မှီခဲ့ရင်လည်း ကလေးအရွယ်ပဲ ရှိပါလိမ့်မယ်။ ဒီတော့ ၎င်းဟာ စစ်အစိုးရခေတ်မွေး၊ စစ်အစိုးရခြံမှာ ပေါက်ပြီး၊ စစ်အစိုးရခေတ်မှာ ကြီးပြင်းခဲ့သူတစ်ဦး ဖြစ်ဟန်တူပါတယ်။

ဘာပဲပြောပြော ရိုဟင်ဂျာလူမျိုးများရဲ့ လွတ်လပ်ရေးအတွက် ရိုဟင်ဂျာလူမျိုးများကသာလျှင် ဆောင်ကြ ရမှာပါ။ ဒါမှ နိုင်ငံတကာနဲ့ မွတ်စလင်မ်ကမ္ဘာက သူတို့ရဲ့နောက်မှာ ကျားကန်ပေးလို့ ရမှာပါ။ အထူးသဖြင့် ပြည်တွင်းက ရိုဟင်ဂျာလူမျိုးများရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေးကြီးပါတယ်။

ကျနော် ကြားသိရသမျှ မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာသမိုင်းကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ ရှိပါတယ်။ သူတို့ဆီက အသံ အခုထက်ထိ မထွက်လာသေးတာကို ၀မ်းနည်းစွာ တွေ့ရှိရပါတယ်။ ၎င်းပညာရှင်များ၊ သုတေသီများအနေနဲ့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းကို Debate လုပ်ရန် အမြန်ဆုံး ဖိတ်ကြားသင့်ပါတယ်။ ပြည်သူ့ရှေ့မှောက်မှာ အမှန်တရားကို ဖော်ထုတ်ပြီး ပြည်သူ လူထုတစ်ရပ်လုံးကို ချပြရမဲ့ အချိန်အခါပါပဲ။ ဒါဟာ တရားဥပဒေနဲ့လည်း ညီပါတယ်။ သူတော်ကောင်း ပညာရှိများရဲ့ ချီးမွှမ်းခြင်းကို ခေတ်အဆက်ဆက်မှာ ခံယူကြမဲ့ သမိုင်းဝင် လုပ်ငန်းကြီးလည်း ဖြစ်ပါတယ်။

အလ္လာဟ်အရှင်မြတ်အနေနဲ့ ထိုသမိုင်းသုတေသီ၊ ပညာရှင်များကို အကြောက်တရားမှ ကင်းဝေးပြီး၊ အမှန်တရားအတွက် သက်စွန့်ကြိုးပမ်း ထမ်းရွက်နိုင်တဲ့ သောင်ဖီးက်စွမ်းအား ပေးသနားတော်မူပါစေ။ အာမီးန်။

ချမ်းမြေ့
23-03-2013

No comments:

Post a Comment