Saturday, February 2, 2013

ပြည်ပဧည့်များ ငပလီတွင် ရေအောက်ကမ္ဘာ လေ့လာနိုင်ပြီ

Popular Myanmar News Journal ၊ မေဇင်ဝင်း 

ငပလီတွင် နိုင်ငံခြားသားများ ရေအောက်ကမ္ဘာ လေ့လာနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ 

ပင်လယ် ရေငုပ်ခြင်းကို စိတ် ဝင်စားသည့် ပြည်ပ ဧည့်များ အတွက် ရေငုပ် ဝတ်စုံဝတ် ရေအောက် ခရီး၊ ပျော်စရာ ပင်လယ်ကမ္ဘာ လေ့လာရေး ခရီး (ရေပေါ် လေပိုက် မျက်နှာဖုံး ဖော်၍ ကူးခတ် လေ့လာခြင်း၊ က ယက်လှေလှော်ခြင်း၊ ရေကူးငါးမြား ခြင်း၊ တံငါရွာ လေ့လာခြင်း)၊ ငပလီ ဝန်းကျင်ရေမြေ သဘာဝလေ့လာ ခြင်း၊ သံတွဲမြစ်ရိုး တစ်လျှောက် လေ့လာခြင်း တို့ကို ငပလီရေ လွှာ အားကစား စင်တာမှ ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

”တခြားနိုင်ငံတွေမှာလည်း ဒီလို Water Sport Center တွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ ဆီမှာလည်း အဲဒါမျိုးတွေ ဖြည့် ဆည်းပေးချင်လို့ စဖွင့်လိုက်တာ” ဟု စင်တာ ဖွင့်ထားသည့် Asia Whale ခရီးသွားလုပ်ငန်းမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

ပြည်ပ ဧည့်များသည် ထိုသို့ ရေငုပ်ခြင်း (Scuba Diving)ကို ယခင် က မြိတ်ကျွန်းစု များတွင်သာ ပြုလုပ် ကြပြီး အပန်းဖြေ ကမ်းခြေတွင် ယခုကဲ့သို့ ဝန်ဆောင်မှုပေး သည် မှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။

ဒေသခံများ၏ လူနေမှု ဘဝကို လေ့လာလို သူများသည် သံတွဲအနီး ဝန်းကျင်ရှိ မောင်ရွှေလေး တံငါရွာ အပါအဝင် ရွာများ၊ သံတွဲမြစ်ရိုး တစ်လျှောက် ဒေသခံများ ၏ နေ့စဉ် လူနေမှု ဘဝများကို လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။ ရေငုပ်ခြင်း အတွက် ငပလီ ကမ်းခြေမှ ကားဖြင့် တစ်နာရီခွဲ သွားရောက်နိုင်မည့် နေရာတွင် စီစဉ်ပေးကြောင်း၊ လက်ရှိတွင် အီတလီ၊ ဂျာမနီ စသည့် နိုင်ငံသားများ အများဆုံး လာရောက် လေ့လာကြကြောင်း၊ ငပလီသည် နေ့စဉ် လေကြောင်းလိုင်း ရှိသောကြောင့် နောက်ပိုင်းတွင် ပြည်ပဧည့် ပိုများ လာမည်ဟု ခန့်မှန်းထားကြောင်း Asia Whale ခရီးသွား လုပ်ငန်းမှ သိရသည်။

ဓါတ်ပုံ - Popular Myanmar News Journal

No comments:

Post a Comment