Thursday, January 24, 2013

အစိုးရ၀န်ကြီးများ "၀ါးတားတား"လို့ လွှတ်တော်က ပြောပြီ


လွှတ်တော်အစည်းအဝေးတွေမှာ အမတ်တွေက မေးမြန်းတဲ့မေးခွန်းတွေကို ဖြေဆိုရာ အစိုးရ၀န်ကြီးတွေ အနေနဲ့ တိတိကျကျ ရေရေရာရာ မဟုတ်ဘဲ ၀ါးတားတားတွေဖြေနေကြတယ် လို့ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက မနေ့က လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏အစီရင်ခံစာကို ဦးဖေသန်းက ၀င်ရောက်ဆွေးနွေးရင်း အဲဒီလို ပြောသွားတာပါ။

"ကြယ်ပွင့်မပြမေးခွန်းတွေကို ဖြေရာမှာ တချို့ဝန်ကြီးတွေက ပြီးစလွယ်ဖြေတာတွေ ခပ်ပါးပါးနဲ့ ဝါးတားတားဖြေတာတွေကို တွေ့ရပါတယ်" လို့ ဦးဖေသန်းက ဆိုပါတယ်။

ဒါ့အပြင် အစိုးရ၀န်ထမ်းတွေ ဝေစား မျှစားလုပ်ကြတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

"ကျောင်းတစ်ဆောင် ဆိုပါတော့ ဘတ်ဂျက်တွက်ချက်ပြီး ချပေးတာက သစ်မာသား၊ ပျဉ်းကတိုးသား တာဝန်ခံလုပ်တဲ့သူက သစ်ပွသားနှင့်လုပ်ပြီးတော့ သင်္ဘောဆေးသုတ် ဓာတ်ပုံရိုက်လက်မှတ်ထိုးပြီး အပေါ် တင်ပြ ဝေစားမျှစား စားကြသောက်ကြ ဥပမာ မြေပုံ-မင်းပြား လမ်းပေါ်မှာရှိတဲ့ ပြိုင်ချောင်းတံတားဆိုရင် အပေါ်က သံယက်မ သံပေါင်တန်းတွေနဲ့ ဘေလီတံတား တိုင်ကြတော့ နှစ်ထွာခွဲလောက်ရှိတဲ့ သစ်လုံးမျောတိုင် အပေါ်ပိုင်းဓာတ်ပုံရိုက်ပြီး အပေါ်တင်ပြ အဲဒီလို ကိစ္စမျိုးလည်း နိုင်ငံ အနှံ့မှာ ဖြစ်နေတဲ့ကိစ္စဖြစ်ပါတယ်။ ဒါတွေကို ပြည်သူ့ကိုယ်စား လွှတ်တော် မှာမေးတယ်" လို့ ဦးဖေသန်းက ဆိုပါတယ်။

Zaw Min Latt ထံမှ..ကူးယူဖော်ပြသည်။

No comments:

Post a Comment