သတင်းဆောင်းပါး
 ဒီဇင်ဘာ ၁၁၊ ၂၀၁၂
 
 ယခုဒီဇင်ဘာလတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အစီအစဉ်များရပ်ကွက်အလိုက် ကျင်းပနေပါသည်။
 
 ကမ္ဘာကျော် လူမည်း ခေါင်းဆောင်   မဲလ်ကွမ် အိပ်(စ) မှ 
လူမျိုးရေးခွဲခြားမှုကို တွန်းလှန်တိုက်ခိုက်ခဲ့စဉ်က အမေရိကန်နိုင်ငံသား 
လူမည်း ပြည်သူများကို အောက်ပါအတိုင်းမိန့်ခွန်း ပြောကြားခဲပါသည်။
 
 ”
 လူမည်းတွေမှာ စီးပွားရေးအင်အားက မရှိရှာကြပါဘူး။ ဒါကို 
တည်ဆောက်ဖို့ယူဖို့ရာက သူတို့အနေနှင့် အချိန်တော့ ယူပါမယ်။ ဒါပေမယ့် 
အခုအခါမှာ လူမည်းတွေမှာ နိုင်ငံရေး အင်အားက ရှိနေပါပြီ။ တစ်ညတည်းနှင့် 
မိမိတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားက ရှိနေပါပြိ။ 
လူမည်းတွေအနေနှင့် လူဖြူတွေဆီမှာ မိမိတို့ရဲ့ အရေးအရာကို သိက္ခာရှိရှိ 
ဂုဏ်ရှိရှိနှင့် တန်ဖိုးရှိရှိတောင်းဆိုစေနိုင်တဲ့ နေရာကတော့ 
ဆန္ဒမဲပေးရာနေရာတွေပါပဲ။ အသဲကြားက မဲတစ်ပြားကို လူဖြူတွေလည်း အရေးထားကြတယ်။ 
လေးစားကြတယ်။ ဆုံးရှုံးမှုကို ကြောက်ကြတယ်။ မဲရရေးအတွက် ချဉ်းကပ်လိုကြတယ်။ 
လူမည်းတွေကသာ တစ်စုတဝေးတည်းနှင့် တစ်သဘောတည်းရပ်တည်သွားကြမယ်ဆိုလျှင် 
ရွေးကောက်ပွဲရဲ့ အကျိုးရလဒ်ကို သူတို့တွေဟာ အဆုံးအဖြတ်ပေးလာနိုင်ကြမှာပါ။”
 
 ဒါကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပေးရန် ပြည်သူများ သိထားသင့်သည့် အချက်များကိုတင်ပြလိုက်ပါသည်။
 
 ၁။ ဒီအရည်အချင်းတွေပြည့်ရင် ရွေးချယ်ခံပိုင်ခွင့်ရှိနေတယ်
 
 (က)နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသူ
 (ခ)အသက်၂၅နှစ်ပြည့်သူ
 (ဂ)သင့်တင့်သောပညာအရည်အချင်းရှိသူ
 (ဃ)စားဝတ်နေရေးဖူလုံမှုရှိသူ၊
 (င)သက်ဆိုင်ရာရပ်ကွက်အတွင်းအနည်းဆုံး(၁၀)နှစ်နေထိုင်လျှက်ရှိသူ၊
 (စ)ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူ
 (ဆ)ကျန်းမာသူ
 (ဇ)နိုင်ငံတော်နှင့်ရပ်ရွာအကျိုးကိုစေတနာထားသူ၊
 (ဈ)အတူနေမိသားစုဝင်များသည်အကျင့်စာရိတ္တကောင်းမွန်သူများဖြစ်ရန်၊
 (ည)တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းမဟုတ်၊
 (ဋ)လက်နက်ကိုင်အဖွဲ့အစည်းဝင်မဟုတ်သူ တွေကို ရွေးချယ်နိုင်သည်။
 
 ၂။ ဆယ်အိမ်စုကိုယ်စားလှယ်ကို ဘယ်လိုရွေးကြမလဲ
 
 (က)ရပ်ကွက်မှအများကြည်ညို လေးစားသူ ရပ်မိရပ်ဖ (၅)ဦးကို ကြီးကြပ်ရေးအဖွဲ့အဖြစ်ဦးစွားရွေးချယ်ရန်
 (ခ) ကြီးကြပ်ရေးအဖွဲ့မှ အိမ်ထောင်စုစာရင်းကိုကောက်ယူ၍ အများဆုံး (၁၀)စုပါဝင်သည့်ဆယ်အိမ်စုများ ဖွဲ့စည်းရန်၊
 (ဂ)အဆိုပါ၁၀ဦးအနက်မှ ၁-ဦးကိုဆယ်အိမ်စုကိုယ်စားလှယ်အဖြစ် 
လျှို့ဝှက်ဆန္ဒမဲပေး၍ရွေးချယ်ရန်။ (မှတ်ချက်= ဆယ်အိမ်စုကိုယ်စားလှယ်များသည် 
ဆယ်အိမ်မှူးများမဟုတ်ပါ)
 
 {အိမ်ထောင်စု ဆိုသည်မှာ 
သန်းခေါင်စာရင်းဖြင့်နေထိုင်သူ သို့မဟုတ် 
ယာယီသန်းခေါင်စာရင်ဖြင့်နေထိုင်သူဖြစ်ရမည်ဖြစ်ပြီး 
ဧည့်စာရင်းဖြင့်နေထိုင်သူ မပါဝင်ပါ}
 
 ၃။ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဘယ်လိုရွေးချယ်မလဲ
 
 ရွေးချယ်ခံထားရသော ဆယ်အိမ်စုကိုယ်စားလှယ်များထဲမှ သင့်လျှော်သူကို 
အမည်စာရင်းတင်သွင်း၍(၁-ဦးသော်၎င်း၊၃/၄ ဦးသော် ၄င်း) လျှို့ဝှက်ဆန္ဒမဲပေး၍ 
ရွေးချယ်ရန်၊
 
 (၁) ကြီးကြပ်ရေးအဖွဲ့သည်အဆိုပါ ပုဂ္ဂိုလ်များ၏ 
မဲအများ အနည်းအလိုက် မှတ်တမ်းတင်ထားရှိရန်၊နောင်တွင်လိုအပ်သလို 
အစားထိုးရွေးချယ်နိုင်ရန်ဖြစ်ပါသည်
 (၂) 
ဆန္ဒမဲဖြင့်ရွေးချယ်ပြီးသောရပ်ကွက်အုပ်ချုပ်ရေးမှူး ၏ အမည်ကို မြို့နယ် 
အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြအတည်ပြုချက်ရယူရန်။
 
 ၄။ အထူးမှတ်သားရန် အချက်များ
 
 (က) ထုတ်ပြန်ထားသောဥပဒေများအတိုင်း ဆောင်ရွက်ရန်ဖြစ်၍မည်သည့်ပါတီကြီးတစ်ခုမှ လက်သိပ်ထိုး စည်းဝါးရိုက် ရွေးချယ်မှုမဟုတ်ပါ၊
 (ခ)ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့များကို မည်သည့်ပါတီကမျှလက်ဝါးကြီးအုပ် တင်မြှောက်၍မရပါ၊ရပ်ရွာလူထုမှအများသဘောကျရွေးချယ်ရန်သာဖြစ်ပါသည်။
 (ဂ)ဆယ်အိမ်စုမှူးများရွေးချယ်ရာတွင်လျှို့ဝှက်မဲစနစ် 
ကျင့်သုံးရန်ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်းအဆိုပါကိုယ်စားလှယ်များမှလျှို့ဝှက်
 စနစ်ဖြင့်ရွေးချယ်ရန်၊
 (ဃ)ပါတီဝင်များအရွေးချယ်ခံနီုင်သည်၊သို့ရာတွင် ရွေးကောက် တင်မြှောက်ခံရပါကပါတီ လုပ်ငန်းများရပ်ဆိုင်းရန်။
 
 ယခုရွေးချယ်မှုစနစ်သည်သတ်မှတ်အရည်အချင်းပြည့်မီသူများကိုပြည်သူအကြိုက်ရွေးချယ်တင်မြှောက်နိုင်သည့် စနစ်ဖြစ်ပါ၍ ပြည်သူများအနေဖြင့် 
 ကိုယ်တိုင်ကိုယ်ကျပါဝင် ရွေးချယ်ပေးကြပါရန် နှိုးဆော်အပ်ပါသည်။
 
No comments:
Post a Comment