Monday, December 23, 2013
ရိုဟင်ဂျာ တိုင်းရင်းသားခေါင်းစဉ်ဖြင့် သန်းခေါင်စာရင်းကောက်ယူပေး ပါရန် တင်ပြခြင်း
သို့
၁။ နိုင်ငံတော် သမ္မတကြီး
၂။ သူရဦးရွှေမန်း
    နာယက (ပြည်ထောင်စုလွှတ်တော်)
၃။ သူရဦးရွှေမန်း
    ဥက္ကဌ (ပြည်သူ့လွှတ်တော်)
၎။ ဦးခင်အောင်မြင့်
    ဥက္ကဌ (အမျိုးသားလွှတ်တော်)
၅။ ဦးခင်ရီ
၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ၊ (၁၆)ရက်။
အကြောင်းအရာ။            ရိုဟင်ဂျာလူမျိုးများအား မူလပြန်တမ်းဝင်အမည်ဖြစ်သောရိုဟင်ဂျာ တိုင်းရင်းသားခေါင်းစဉ်ဖြင့် သန်းခေါင်စာရင်းကောက်ယူပေး ပါရန် အလေးအနက်ထားတင်ပြခြင်း။
လေးစားစွာဖြင့်
                    မြန်မာ့လွတ်လပ်ရေးမတိုင်မီကရခိုင်ဒေသတွင် ယခုရခိုင်လူမျိုးဟု ခံယူသူများအား အာရကန်မောဂ်လူမျိုးဟူ၍လည်းကောင်း၊ ယခုရိုဟင်ဂျာလူမျိုးများအား အာရကန်မူစလင်ဟူ၍ လည်းကောင်း ၁၈၂၆ အင်္ဂလိပ်အစိုးရအစီရင်ခံလေ့လာသိရှိပါသည်။
                   ရိုဟင်ဂျာလူမျိုးများအား မူလတိုင်းရင်းသားခေါင်းစဉ်အောက်မှ မဆလ ပါတီခေတ် ၁၉၇၂တွင် ရခိုင်ဒေသရှိ ရိုဟင်ဂျာလူမျိုးများအား လ၀က စာရင်းတွင် တိုင်းရင်းသား(၁၄၄)မျိုး စာရင်းတွင် ရခိုင်စစ်တကောင်းဟုအတိအလင်း ဖော်ပြထားပါသည်။ မဆလ ခေတ်ဦး ၁၉၆၅ နှစ်အထိ ရိုဟင်ဂျာလူမျိုးများ တိုင်းရင်းသားခေါင်းစဉ်အောက်တွင်တည်ရှိနေခဲ့ပါသည်။ နောက် ပိုင်းတွင်တိုင်းရင်းသား၁၃၅မျိုးသို့ ပြောင်းသွားပြီး ရိုဟင်ဂျာရော၊ ရခိုင်စစ်တကောင်း တိုင်းရင်း သားစာရင်းမှ ထိုစဉ်က အုပ်ချုပ်ရေးအဖွဲ့နှင့် ရခိုင်ဒေသမှ ရိုဟင်ဂျာ မုန်းတီးသူအချို့ ပူးပေါင်းသုတ်သင်ရှင်းလင်းခံခဲ့ရပါသည်။ ရိုဟင်ဂျာကိုတိုင်းရင်းသား စာရင်းမှ ဖြုတ်ချခံလိုက် ရသည်ကိုသိတောင်မသိ လိုက်ရပါ။ မဆလ ပါတီခေတ်က ရခိုင်ဒေသမှ ပါတီကောင်စီအကြီး
အကဲနေရာမှန်သမျှ ရခိုင်လူမျိုးလက်ထဲရောက်ရှိသွားသော အခါ ငါနှင့်မတူ ငါ့ရန်သူဟု သတ်မှတ်လျှက် ရိုဟင်ဂျာများအား ခိုးဝင်လာသူများဟု မဟုတ်မမှန် စာနာမှုကင်းမဲ့စွာ ပြောဆိုလာကြပြီး အပယ်ခံဘ၀သို့ တွန်းပို့ခံခဲ့ရပါသည်။
                   လွတ်လပ်ရေးခေတ်မတိုင်မီနှင့် လွတ်လပ်ရေးခေတ်တွင် ရခိုင်ပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားရွိုင်းဂျားလူမျိုးများ အများအပြားနေထိုင်ကြ၍ များမကြာမီက စစ်တကောင်း (အရှေ့ပါကစ္စတန်)မှ စစ်တွေသို့ဝင်ရောက်လာကြသူအများအပြားမှာ စစ်တကောင်းဘရူးဝါး (ယခု)မရမာကြီးနှင့် စစ်တကောင်းမောဂ်လူမျိုး(ယခုရခိုင်လူမျိုး)များ ဖြစ်ကြ၍ အီစ္စလာမ် ဘာသာဝင်များမဟုတ်ကြောင်း သိရှိရပေသည်။ ရှေးယခင်က ပေါ်ပေါ်ထင်ထင်ခိုးဝင်လာကြ သော်လည်း လွတ်လပ်ရေးရပြီး ခေတ်တွင်တိုးတိုးတိတ်တိတ်မောဂ်လူမျိုးများ (ယခုရခိုင်)လူမျိုး နည်းပေါင်းစုံသုံး၍ ၀င်ရောက်လာကြပါသည်။ မဆလ ပါတီခေတ်တွင် ယခုရခိုင်လူမျိုး အများ အပြားအာဏာပိုင်အဖွဲ့အစည်းအတွင်းနေရာရှိကြသူများ ဖြစ်ကြသဖြင့် ခိုးဝင်ရောက်လာသူ ဗုဒ္ဓဘာသာဝင်များ အလွယ်တကူ မှတ်ပုံတင်အိမ်ထောင်စုစာရင်းများရရှိကြပါသည်။ ယခုအခါ ရိုဟင်ဂျာလူများအား ယခင်အာဖရိကမှ ကပ္ပလီကျွန်လူမျိုးများကဲ့သို့ ဌာနဆိုင်ရာအချို့နှင့် ရခိုင်လူမျိုးအချို့က သုံးနှုန်ပြောဆိုနေခြင်းသည် အလွန်ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်။ စီးပွား ရေးအခွင့်အလမ်းကောင်း၍ ၀င်ရောက်လာသည်ဆိုပါကလည်း ရခိုင်ဒေသတွင် ကျောက်သံ ပတ္တမြား ထွက်ခြင်းမရှိသလို ဘိန်းစိုက်ပျိုးထုတ်လုပ်ခြင်းလည်းမရှိပါ။ မြန်မာနိုင်ငံ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ရခိုင်ဒေသအပါအ၀င်လူမျိုးစုံဘာသာစုံ နိုင်ငံတကာသို့ စီးပွားရှာထွက် နေကြသည်ကို အားလုံးမျက်မြင်ဖြစ်ပါသည်။ အချို့လည်း အကြောင်းအမျိုးမျိုးကြောင့် လုံးဝ မြန်မာနိုင်ငံသို့ ပြန်လာခြင်းမရှိပါ။ ရခိုင်ဒေသတွင် ရွှေတွင်း မရှိပါ။ အထောက်အထားသမိုင်း ခေတ်အဆက်ဆက်လေ့လာပြီးမှ ခိုးဝင်လာသော ဘင်္ဂလီဟု စွပ်စွဲသင့်ပါသည်။ ဘာသာမတူ လျှင် မြန်မာတိုင်းရင်းသား မဖြစ်နိုင်ဟု မပြောနိုင်ပါ။ လွတ်လပ်ရေးရရှိရန် အင်္ဂလိပ်နှင့် ဂျပန်ကိုလိုနီခေတ်များ တော်လှန်တိုက်ခိုက်စဉ်ကလည်း ရိုဟင်ဂျာများ ကဏ္ဍပေါင်းစုံမှ ပါဝင် တိုက်ခိုက်ခဲ့ကြသူများ ဖြစ်ကြပါသည်။ အင်အားကြီးမားသော သတ္တိရှိသော ရိုဟင်ဂျာများ ကြောင်း ဂျပန်များ ရခိုင်ဒေသမြောက်ပိုင်းသို့ လုံးဝသိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပါ။ သို့သော် လျစ်လျူရှုခံခဲ့ကြရပါသည်။
                   လူသားမျိုးနွယ်အချို့သည် မူလကသမိုင်းစဉ်အရ ၄င်းတို့ခေါ်ဝေါ်ခဲ့ကြသည့် လူမျိုး အမည်မှ ၄င်းတို့ကြိုက်နှစ်သက်ရာအမည် ပြောင်းလဲမှည့်ခေါ်လာခဲ့ကြကြောင်း အထင်အရှား တွေ့မြင်နိုင်ပါသည်။ ယင်းကဲ့သို့ မိမိတို့လူမျိုးအမည် မိမိတို့၏ စိတ်ကြိုက်နှစ်သက်ရာ ပြောင်းလဲမှည့်ခေါ်လာခဲ့ကြခြင်းကို အခြားလူတစ်စုက ကန့်ကွက်ခွင့်ရှိမည် မဟုတ်ချေ။
မြန်မာနိုင်ငံတွင် ယခင်က ''လ၀''လူမျိုးမှ ''၀''လူမျိုး၊ ''ကရင်နီ''မှ ''ကယား''လူမျိုး၊ ''တလိုင်း'' လူမျိုးမှ ''မွန်''လူမျိုး၊ ''မောဂ်''လူမျိုးမှ ''ရခိုင်''လူမျိုးနှင့် ''ရခိုင်မူစလင်''မှ ရိုဟင်ဂျာ လူမျိုး၊ ''ယုင်းဒူး''မှ ''ဒိုင်''၊ ''လူရှည်''မှ ''လူရိုင်း'' ''မရာ'' မှ ''မိရိမ်'' ''မရို'' မှ ''ပါကင်းမ်'' ''ယော'' ''ဆော'' ''စုံကူး'' မှ ''ကဒူး'' ''ဘရူးဝါး''မှ ''မရမာကြီး'' ''လာအို'' မှ ''ယွန်း'' ''ဆဲ'' မှ ''စုံ'' ''လော်ဂေါ်''မှ ''မရူ'' ''ပဒေါင်'' မှ ''ကယမ်း'' ''ကယော်'' မှ ''ပရဲ'' ''ကသဲ'' မှ ''မယ်တိုင်'' ''လုရှေ'' ''ကလင်ကော'' ''တဲဒင်မ်'' မှ ''တီးတိန်'' ''အာခါ-အီကော'' မှ ''ကော်'' ''တောင်သူ'' မှ ''ပအိုဝ့်'' ''ချင်းဝိသေသတိုင်း'' မှ ''ချင်းပြည်နယ်'' ''တော်သူလေးပြည်နယ်'' မှ ''ကယား ပြည်နယ်'' ''အာရကန်ဒေသ'' မှ ''ရခိုင်ပြည်နယ်'' ''ဘားမား'' မှ ''မြန်မာ'' အသီးသီးပြောင်းလဲ ခေါ်ဝေါ်လာခဲ့ကြပါသည်ကို သမိုင်းစဉ်အရ ငြင်းဆိုနိုင်မည် မဟုတ်ပေ။
                   တိုင်းဒေသကြီးနှင့် ပြည်နယ်များကို လေ့လာပါက ရခိုင်ဒေသတွင် မောဂ်လူမျိုး၊ ဘရူးဝါးလူမျိုး၊ သက်လူမျိုးနှင့်ဒိုင်းနက်လူမျိုးများ တည်နေသလို (ယခင်အရှေ့ပါကစ္စတန် ယခု ဘင်္ဂလားဒေ့ရှ်လည်း အထက်ပါလူမျိုးများ ယနေ့တိုင်တည်ရှိနေပါသည်။ ၁၉၇၂ခု လ၀က စာရင်းတွင်ဒိုင်းနက်သည် နိုင်ငံခြားသားစာရင်းတွင် ဖော်ပြခံရသော်လည်း တိုင်းရင်းသား ၁၃၅မျိုးစာရင်းတွင်မူ တိုင်းရင်းသားအဖြစ်ဖော်ပြထားပါသည်။ စစ်ကိုင်းတိုင်းတွင်လည်း မြန်မာ နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် နှစ်ဖက်စလုံးတွင် တူညီသော တိုင်းရင်းသားရှိနေကြပါသည်။ ကချင်နယ်စပ်တွင်လည်းကောင်း၊ ရှမ်းဒေသတွင်လည်း မြန်မာနှင့် တရုတ်နယ်စပ်များတွင် တူညီသော လူမျိုးများရှိနေကြသည်ကို မည်သူများ ငြင်းဆိုနိုင်မည်မဟုတ်ပါ။ မျက်နှာကြီး ရာဟင်းဖတ်ပါဆိုသလို ယခုလိုတူညီသော လူမျိုးစုများအား မည်သူမှ ကန့်ကွက်ကြခြင်း မတွေ့မြင်ရပါ။ ရှမ်းပြည်နယ် အချို့ဒေသတွင် သန်းခေါင်စာရင်း ကောက်ခံရန်ပါ ငြင်းဆိုနေ ကြသည်ကိုလည်း သတင်းစာဂျာနယ်များတွင် ဖော်ပြချက်အရသိရှိနေရပါသည်။ မျက်နှာ ကြီးသော လူမျိုးစုများ တင်းတင်းမာမာပြောသော်လည်း နည်းမျိုးစုံနှင့် စည်းရုံးနေရသည်ကို လည်း တွေ့မြင်ကြားသိနေရပါသည်။
                   နိုင်ငံတော်သမ္မတကြီး၊ ပြည်ထောင်စုလွှတ်တော် နာယကကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်အားလုံးမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ လူမျိုးစုများအတွက် ငြိမ်းချမ်းရေး စကားပြောနေကြပါ သော်လည်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုးစုများအတွက်လည်း ငြိမ်းချမ်းရေးစကား ပြောနိုင်ပါစေကြောင်း ဆုတောင်းပါသည်။ ရိုဟင်ဂျာလူမျိုးစုသည် လူသားမျိုးနွယ်စုတစ်စုဖြစ်ပါ သည်။ အထူးသဖြင့် “မြန်မာ့သတင်းမီဒီယာ” များကရိုဟင်ဂျာလူမျိုးစု သတင်းကိုပွင့်လင်း မြင်သာစွာဖြင့် စိတ်သစ်လူသစ်အမြင်သစ်ဖြင့် ဖော်ပြပေးပါလိမ့်မည်ဟု အထူးမျှော်လင့်လျှက် ရှိပါသည်။
                    ယနေ့သန်းခြောက်ဆယ်ပြောဆိုနေသော လူဦးရေတွင် ရိုဟင်ဂျာလည်း ဆယ်သိန်းကျော် ပါဝင်နေပါသည်။ သို့သော် မဆလ ခေတ်ဦးမှ စ၍ ရိုဟင်ဂျာများအား ခွဲခြားဆက်ဆံလာ ခဲ့ကြသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်နေရပါသည်။ မဆလ ခေတ်ဦးတွင် ရခိုင်ဒေသတွင် အခွင့်ထူးခံလူတန်းစားတစ်ရပ်ပေါ်ပေါက်လာရာ ငါတို့နှင့် မတူသူမှန်သမျှကို ခွဲခြားလာခဲ့ကြပါ သည်။ နအဖ န၀တ ခေတ်တွင် အုတ်တံတိုင်းမရှိသော ထောင်သွင်းအကျဉ်းချခံရကာ ရွာတစ်ရွာမှ အခြားတစ်ရွာသို့လည်းကောင်း ၊ မြို့တစ်မြို့မှ အခြားမြို့တစ်မြို့သို့ လည်းကောင်း သွားလာခွင့် ပိတ်ပင်တားဆီးခံခဲ့ရာကာ လူတစ်ယောက်၏ ဂုဏ်သိက္ခာမရှိတော့အောင်ပင် ချိုးနှိမ်စော်ကား ခြင်း ခံခဲ့ရပါသည်။ အရေးအကြောင်း ရှိပါက လည်း ရိုဟင်ဂျာများပြည်မသို့ ခရီးသွားရန် လိုအပ်လျှင် ပုံစံ(၄)စာရွက်နှင့် သွားလာနေထိုင် ကြရပါသည်။ ရခိုင်ဒေသတွင် အခွင့်ထူးခံ လူတန်းစားများက တန်းစီး၊ ဗာရာဘုတ်ကိုင် အသီးသီးကဲ့သို့ အဆင့်ဆင့်ရာထူးများ အလို အလျောက်ရရှိကြပြီး တာဝန်များပေးအပ်ကာ အုပ်ချုပ်စေခဲ့ပါသည်။ ရခိုင်ဒေသအာဏာပိုင်များကလည်း ထောင်မှူး၊ ထောင်ပိုင်များကဲ့သို့ ရိုဟင်ဂျာများအား ယနေ့တိုင်အောင် အုပ်ချုပ်နေ ပါသည်။ အုတ်တံတိုင်းမရှိသော အကျဉ်းစခန်းမှ ရိုဟင်ဂျာများကို လူမဆန်စွာညှင်းပန်းနှိပ်စက် လျက် ရှိပါသည်။ နိုင်ငံတကာ အမြင်မှာ ကမ္ဘာပေါ်တွင် အနှိမ်ခံရဆုံးလူမျိုးစုထဲတွင် ရိုဟင်ဂျာ ထိပ်ဆုံးမှာ ပါဝင်နေသည် ကိုလည်း လူ့အခွင့်အရေးအစီရင်ခံစာများတွင် ဖော်ပြနေကြပါသည်။ အဆိုပါအခွင့်ထူးခံ လူတန်းစားများက ရခိုင်ဒေသကို၎င်းတို့၏ ငွေကြေးနှင့် ၀ယ်ယူထားသလို အောက်မေ့နေ သည် ဟု ထင်ရပါသည်။ အဆိုပါ လူတန်းစားများကြောင်း မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခကို ညှိနွမ်းစေပါသည်။ မြန်မာပြည်အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များကိုလည်း ရခိုင်ဒေသအခွင့်ထူးခံလူတန်းစားများ လေ့လာသင့်သည့်အပြင် နိုင်ငံပေါင်းနှစ်ရာကျော်ကို လည်း လေ့လာစေသင့်ပါသည်။ ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုးတည်းခြံစည်းရိုးခတ်နေထိုင် နိုင်ခြင်း မရှိသလိုဘာသာပေါင်းစုံလူမျိုးပေါင်းစုံပူးတွဲနေထိုင်လျက် ငြိမ်းချမ်းသာယာဝပြောသော ဘ၀ကို မျှော်လင့်နေကြပါသည်။ ရခိုင်ဒေသမှ အခွင့်ထူးခံလူတန်းစားများကရခိုင်ဒေသသည် မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို မေ့လျောနေပုံရပါသည်။
                   ယခင်အစိုးရများ၏ အရိပ်မဲ့ကြီး အောက်မှလွတ်မြောက်ပြီး ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်ကို မျှော်လင့်တောင့်တခဲ့ကြသော်လည်း ယခင်စစ်အစိုးရများကဲ့သို့ပင် ဖိနှိပ် ချုပ်ချယ် ကန့်သတ်ခွဲခြားမှုများ အမှန်ကို မစူးစမ်းဘဲမလိုမုန်းထားဘက်လိုက်မှုများ တစ်ဖက် သတ် ဆန် သော အခြေအမြစ်မရှိသည့် အခွင့်အလမ်းဟောပြောသွေးတိုးလုပ်ဆောင် လာခြင်းကြောင်း ရခိုင်ဒေသရှိ ရိုဟင်ဂျာလူမျိုးစုများ မျှော်လင့်ချက်မဲ့ကာ အနာဂတ်ေ၀၀ါးနေကြရ ပါသည်။ အမိနိုင်ငံတွင် ဘ၀ငြိမ်းချမ်းစွာ နေထိုင်ခွင့်မရသည့်အပြင် မျိုးနွယ်စုပါ
ပျက်သုဉ်းသွားစေရန် ဖိအားပေးနှိပ်စက်ခံနေရပါသည်။
                   လူသားမျိုးနွယ်စု ပျက်စီးရာပျက်စီးကြောင်း ကျူးလွန်သည့်အမှုကိစ္စများကို မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ကိုမဆို တစိတ်တပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ကြံစည်ကျူးလွန်ပါက လူမျိုးသုန်းအောင်သတ်ဖြတ်ခြင်း၊ မျိုးဖြုတ်သတ်ဖြတ် ခြင်းမည်စေမည်ဟု ၁၉၄၈ ကုလသမဂ္ဂလူမျိုးသုဉ်း သတ်ဖြတ်ခြင်းပြစ်မှုတားစီးကာကွယ်ရေးနှင့် စီရင်ချက်ချမှတ်ရေးညီလာခံက ချမှတ်ထားသော ဥပဒေ ပုဒ်မ-၂တွင် ဖွင့်ဆိုထားပါသည်။
                   ရိုဟင်ဂျာလူမျိုးများအား ဘင်္ဂါလီပြုလုပ်ရန်ကြိုးစားလာသည်မှာ နှစ်ပေါင်း ၄၀ကျော် သော်လည်းပြောင်းလဲမှုမရှိခဲ့ပါ။ ယခုတစ်ကြိမ်တမူထူးခြားစွာဖြင့်  အုပ်ရိုးမရှိသော ထောင်သွင်း
အကျဉ်းချကာ ဘင်္ဂါလီပြုလုပ်ယူနေကြပါသည်။ နောက်နှစ်ပေါင်းတစ်ထောင်ကြိုးစားလျှင် လည်း ရိုဟင်ဂျာသည် ဘင်္ဂါလီအဖြစ်ခံယူမည့်သူများ မဟုတ်ပါ။ အတင်းအားဓမ္မဘင်္ဂါလီပြု လုပ်မည်ဆိုပါကလည်း ဘယ်သောအခါမှ ရိုဟင်ဂျာသည် ဘင်္ဂါလီဖြစ်ကြောင်း လက်ခံမည် မဟုတ်ပေ။ ရိုးသားပွင့်လင်းသော ထင်သာမြင်သာရှိသော အများလက်ခံနိုင်သော သမိုင်း အထောက်အထားများ လေ့လာသင့်ပါသည်။
                   မြန်မာနိုင်ငံ၏ အနောက်တံခါးကာကွယ်ရန် ရခိုင်ဒေသနေလူမျိုး တစ်မျိုး အပိုင်အပ်ထားသလို ပြောဆိုနေခြင်း  အခြားသောရခိုင်ဒေသနေလူမျိုးစုံမှလည်း တာဝန်ရှိသလို၊ ဒုတိယ လူများစုဖြစ်သော ရိုဟင်ဂျာလူမျိုးမှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးမှာ အမိနိုင်ငံကာကွယ်ရန် တာဝန်ရှိပါသည်။ ရခိုင်ဒေသမှ အခွင့်ထူး ခံလူတန်းစားတရပ်ဟစ်ကြွေးနေသလို အနောက်တံခါးယိုင်နေပြီ၊ ယာယီကဒ်ပြားနှင့် လွှတ် တော်အမတ်ဖြစ်နေပြီး ယာယီကဒ်ပြားဖြင့် မြန်မာနိုင်ငံသို့ လာရောက်နေထိုင်ကြောင်း၊ ဧည့်သည်ဖြစ်ကြောင်း အထောက်အထားသာဖြစ်ကြောင်း ရက်စက်ခွဲခြားသော စကားလုံးများ ထွင်ထွင်အသုံးပြုနေကြပါသည်။ ခေတ်အဆက်ဆက် ဘိုးဘေးများမှတ်ပုံတင် ကိုင်ဆောင်လာ ကြသော်လည်း သားသမီးမြေးမြစ်လက်ထက် နအဖ န၀တ ခေတ်ကျမှ ရခိုင်ဒေသနေအခွင့်ထူး ခံလူတန်းစားများ၏ သွေးထိုးလုံ့ဆော်မှုကြောင့် အာဏာရှင်စနစ်အောက်မှာ ကျွေးရာစား၊ စေရာသွားထားရာနေ အနိုင်ကျင့်မှုမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ ရခိုင်ဒေသအခွင့်ခံလူတန်းစားများသည် ရိုဟင်ဂျာများကို ကျွန်ကဲ့သို့လက်အောက်ခံဘ၀ဖြင့် ထားလိုသောကြောင့် နည်းမျိုးစုံသုံး ခွဲခြားဆက်ဆံခံနေကြရပါသည်။
                   ဒီမိုကရေစီခေတ်သစ်ကြီးသို့ ဦးတည်နေချိန်မှာ စိတ်သစ်လူသစ်ဖြင့် နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်မည့်နည်းလမ်းကောင်းများရှာကြံသင့်ပါသည်။ ငြိမ်းချမ်းရေး အတွက်တစ်စာစာအော်နေသော လွှတ်တော်ဥက္ကဌကြီးများနှင့်ဝန်ကြီးများသည် လက်နက်ကိုင်
အင်အားကြီးမားသော နယ်စပ်ဒေသနေ တိုင်းရင်းသားလက်နက်ကိုင်များကို အကြမ်းနှင့် တစ်မျိုး၊ အချော့နှင့်တစ်ပုံ စည်းရုံးနေကြသော်လည်း၊ ရခိုင်ဒေသမှ အာကာအရံမဲ့ အကျယ်ချုပ် ခံ ရိုဟင်ဂျာလူမျိုးအရေး ငြိမ်းချမ်းရေးစကားပြောဆိုခြင်းမရှိပါ။ ရိုဟင်ဂျာများသည် ရိုဟင်ဂျာ အရေးကိုသာ ဆွေးနွေးမည်ဖြစ်ပါသည်။ ရိုဟင်ဂျာများကို ပါလီမန်ဒီမိုကရေစီခေတ်က အသိ အမှတ်ပြုခဲ့ပြီး မြန်မာ့အသံတိုင်းရင်းသာဘာသာအစီစဉ်မှ အသံလွှင့်ခွင့်ပါရရှိခံစားခဲ့ဖူးပါသည်။ မြန်မာပြည် အုပ်ချုပ်သူများ၏ မူမမှန်မှုကြောင့် ငြိမ်းချမ်းမှုမရနိုင်ဖြစ်နေကြပါသည်။ အသိအမှတ်ပြုပြီးသားရိုဟင်ဂျာလူမျိုးများအရေးအစိုးရမှ လုပ်ပုံလုပ်နည်းများကို အင်တာနက် ခေတ်ကြီးမှာ ဖုံးကွယ်မရနိုင်ပါ။ မြန်မာအစိုးရမှန်သမျှ တိုင်းသူပြည်သူပြည်သားများက အစိုးရဟုနားလည်ကြပါသည်။ ယခုအစိုးရလုပ်ခဲ့သမျှ နောက်အစိုးရတက်လာလျှင် လက်မခံ နိုင် သည်ကိုလည်း အံ့သြစွာတွေ့မြင် နေရပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် မည်သည့်သူပုန်အစိုးရတက်၍ နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ခြင်းမရှိပါ။ တရားဝင်အစိုးရမှ အသိအမှတ်ပြုချက်များကို အစိုးရသစ်တက်လျှင်လည်း ဆက်ခံဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု ယုံကြည်ပါသည်။ ပွင့်လင်းမြင်သာသောမှု၊ အယုံကြည်မဲ့သော၊ အာမခံချက်မရှိသော ကတိများကို တိုင်းသူပြည်သားမည်သူမျှလက်ခံမည် မဟုတ်ဟု ယူဆရပါသည်။
                   မြန်မာနိုင်ငံမှာ လူမျိုးစုအရေး၊ နယ်မြေအပိုင်းအခြားကိစ္စ၊ ယဉ်ကျေးမှုကိစ္စ မငြိမ်းချမ်းမှုများသည် ယနေ့လက်ရှိ အချိန်အထိ ဖြေရှင်းရခက်ခဲနေသော ပြဿနာတစ်ရပ် အဖြစ်တည်ရှိနေပါသည်။ နိုင်ငံသူ နိုင်ငံသားများ စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ သံသယပပျောက်ရေး၊ တန်းတူခံစားခွင့်ရရှိရေး ရရှိခံစားနိုင်မည်ဟု အားလုံးမျှော်မှန်းကြပါ သည်။ အင်္ဂလိပ်လက်အောက်ကျရောက်ပြီးမှ ယခုလက်ရှိလူမျိုးစုံအတူ နေထိုင်နေသော ဒေသ တစ်ခုလုံးကို ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်လိုက်ပါသည်။ နိုင်ငံကောင်းစားအတွက် ပြောကြသည်။ နိုင်ငံသားများနှင့် မဆိုင်ဘူး။ နိုင်ငံသားမိသားစုများအမြင်စောင်းလာကြသည်။ စည်းလုံးညီညွတ်ရေးလို့ ပြောဆိုနေကြပါသော်လည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း မငြိမ်းချမ်းသေးပါ။ နိုင်ငံတကာ အမြင်မှာ မငြိမ်းချမ်းဘူးလို့ အပြောခံနေရပါသည်။ တိုင်းရင်းသားလူမျိုးစု ၁၄၃မျိုး သတ်မှတ်လိုက်၊ တိုင်းရင်းသား ၁၃၅ မျိုးသတ်မှတ်လိုက်ဟုတ် နေသလိုထင်ရသော်လည်း လေဘယ်များကပ်ပေးကာ သီးခြားခွဲခြားမြင်စေချင်လို့ဟု ခံစား မိပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်ပေါ်လာအောင် အထက်က ဖော်ပြပါ ပညတ်အစွဲခွါချလိုက်မည်ဆိုပါက အစွန်းရောက်လူမျိုးရေးစိတ်ဓာတ်များ မတူကွဲပြားအောင် ခွဲခြား မြင်ခြင်း၊ အမြင်ခံရခြင်းများ ပျောက်ကွယ်သွားမည်ဟု ထင်မြင်ယူဆပါသည်။
                   နာမည်ကောင်းနှင့် ထင်ရှားကျော်ကြားသူတစ်ဦးကိုအဆိုးဘက်ကို ဆွဲချတွန့်ပို့ပြီး နာမည် ဆိုးအောင် ချက်ချင်းလုပ်ယူဖို့ မလွယ်ကူသလို နာမည်ဆိုးနှင့် ကျော်ကြားသူတစ်ဦးကို
လည်းအကောင်းဘက်ကို ဆွဲတင်တွန့်ပို့ပြီး နာမည်ကောင်းရအောင်ချက်ချင်းလုပ်ယူဖို့ မလွယ်ကူနိုင်ပါ။ အဆိုးသံသရာမှာ နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့ပြီးကာမှ အကောင်းဘက်ကို အမှန်တကယ်ပြောင်းလဲလုပ်ဆောင်နေသော်လည်း အဆိုးသံသရာ၏အငွေ့အသက်အရိပ် အရောင်များ အနည်းနှင့်အများဆိုသလို ထင်ဟပ်နေဦးမှာ ဖြစ်ပါသည်။
                   သွေးခွဲသပ်လျှိခြင်း၊ ရန်တိုက်ပေးခြင်း၊ အယူအဆအတွေးအခေါ်များတိုင်းပြည် အတွက် တားဆီးထားသောတံတိုင်းသဖွယ်သာပေါ်လွင်မြင်တွေ့ရပါသည်။ မိမိနိုင်ငံ၏ ပုံရိပ်ကိုထိခိုက်လာမည့်အနှောက်အယှက်အဟန့်အတားများကို မည်သည့်နည်းနှင့် မဆို ချေမှုန်းသွားရ မည်ဟူသောသတိတရားလက်ကိုင်ထားဖို့လိုပါသည်။
                   ၁၉၉၇ ခုနှစ်၊ မတ်လ၊ စာမူခွင့်ပြုချက်အမှတ်-၃၄/၉၇(၃)ဖြင့် "သာသနာ့ရောင်ဝါ ထွန်းစေဖို့"စာအုပ်ကို ဒုတိယဗိုလ်မှူးကြီးဝင်းမောင်၊ ဦးစီးအရာရှိ (ပထမတန်း) ပြန်လည်နေရာ ချထားရေးညွှန်ကြားရေးမှူးရုံးကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့်စာအုပ်တွင် ရမ်ဗြဲကျွန်း အနီး သင်္ဘောများပျက်ခဲ့သဖြင့် အစ္စလာမ်ဘာသာဝင်သင်္ဘောသားများ ထိုစဉ်အခါကပင် ရမ်းဗြဲ ကျွန်းတွင် အခြေချနေထိုင်ခဲ့ကြောင်း တွေ့ရှိရပေသည်။
                   ရခိုင်ဘုရင်မဟာတိုင်စန္ဒလက်ထက် အေဒီ ၇၈၈-၈၁၀ တွင် ရမ်းဗြဲကျွန်းအနီး သင်္ဘောများစွာပျက်ခဲ့ကြောင်း အစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးခဲ့ကြောင်းတွေ့ရ၏ဟု ဖော်ပြထား ပါသည်။
                   ရခိုင်ဒေသကို မြန်မာဘုရင် ဘိုးတော်ဘုရားရှင်အုပ်ချုပ်ခဲ့သည့် ကာလအတွင်း ရခိုင်ဒေသရှိ  အစ္စလာမ်ဘာသာဝင်အားလုံးကို မြန်မာပြည်မရှိ အစ္စလာမ်ဘာသာဝင် များနည်း တူ ပသီကုလားဟုတရားဝင်သုံးနှုန်းဖော်ပြခဲ့ပါသည်။ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်၏ ရာဇသတ်ခေါ်သော အမိန့်တော်ပြန်တမ်းကြီး စတုတ္ထပိုင်း၊ စာ(၂၅၄)။
                   အေဒီ ၁၇၉၉ ခုနှစ် ထုတ်သုတေသီ Francis Buchanan, M.D/A Comprative Vocabulary of Some of the Languages Spoken in the Burm Empire အမည်ရှိစာအုပ်မှာ
အေဒီ(၁၇၈၉)တွင် အင်းဝüရုံးစိုက်သော ဗြိတိသျှသံအဖွဲ့ဝင် Francis Bachanan က မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားစကားများကို သုတေသနပြုခဲ့ရာ အာရကန် ဒေသအတွင်းရှိ တိုင်းရင်းသားစကားများကို သုတေသနပြုခဲ့ရာ အာရကန်ဒေသအတွင်းရှိ စကားများတွင် Rosswanနှင့်Rooinga (ရိုဟင်ဂျာ)စကားနှစ်မျိုးနှင့် စပ်လျဉ်း၍လေ့လာသုံးသပ်
တင်ပြထားပါသည်။ ထိုသုတေသနစာတမ်း၏ စာမျက်နှာ(၄၃)တွင် Mr. Rennell has been induced to make a country named Roshaum occupy part of his map ဟူ၍လည်းကောင်း၊ The Mahommedanssettled at Arkan, call the country Rovingaw, the Persians call it Rekan ဟူ၍လည်းကောင်း၊ စာမျက်နှာ (၅၅၊ ၅၆၊ ၅၇)တို့တွင် the first is that spoken by the Mohammedans, who have long settled in Arakan, and who call themselves Rooinga, or natives of Arkan ဟူ၍လည်းကောင်းရေးသားပါရှိပြီး Rooing စကား၊ Rossawan စကား၊ Bamga စကားတို့၏ခြားနားချက်အဖြစ် စကားလုံး(၅၀)
    ကိုဥပမာအဖြစ် ဖော်ပြထားသဖြင့် ရိုဟင်ဂျာစကား နှင့် ဘင်္ဂါစကား ကွာခြားချက်ရှိကြောင်း
တွေ့မြင်နိုင်ပါသည်။
ယနေ့ ရိုဟင်ဂျာများပြောသောစကားကို ဘင်္ဂါလီစကားထင်ယောင်ထင်မှားရှိသော် လည်းအမှန်မှာ ရိုဟင်ဂျာများပြောသောစကားမှာ "သမိုင်းတင်ဝေသာလီစကား" ပင်ဖြစ်ပါ သည်။ အနောက်သားရခိုင် (ခေါ်) ဘင်္ဂလီရခိုင်၊ မရမာကြီး၊ ဒိုင်းနက်နှင့် ခမွီးတို့မှာ ရိုဟင်ဂျာ များပြောဆိုသော စကားအတိုင်းပင် ပြောဆိုကြသူများဖြစ်ရာ ဘင်္ဂလီစကားဟု စွပ်စွဲခြင်းမပြုဘဲ ရခိုင်ပြည်နယ်နှင့် စစ်တကောင်းအရှေ့ဖက်ကမ်းတစ်ဝိုက် သီးခြားပြောဆိုသော ဘာသာစကား တစ်မျိုးသာဖြစ်၍အထက်ကတင်ပြခဲ့သော ရှေးရခိုင်ကြီးများ၏စကား၊ "ဝေသာလီခေတ်စကား" ပြောဆိုတက်သူများဟု သုံးသပ်ကာ ညီအစ်ကိုမောင်နှမအရင်းအခြာကဲ့သို့ ရင်ကြားစေ့ရေးကို အကြုံပြုတင်ပြအပ်ပါသည်။
ရခိုင်ဒေသ၌မတည်မငြိမ်ဖြစ်နေသည့်အချိန်တွင် ရိုဟင်ဂျာလူမျိုးများ၏ ဂုဏ်သိက္ခာကို လွန်စွာနစ်နာစေပြီး ရိုဟင်ဂျာလူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများ လူမျိုးတူသကဲ့သို့ ရိုဟင်ဂျာလူမျိုး များ၏ နိုင်ငံသားဖြစ်မှုကိုပင် ထိခိုက်နစ်နာစေပါသည်။ ထို့ကြောင့်ရိုဟင်ဂျာလူမျိုးများအနေဖြင့် သမိုင်းအထောက်အထားဖြင့် တင်ပြဖြေရှင်းပေးရန် လိုအပ်လာ၍ ဖြေရှင်းပေးရတော့မည် ဖြစ်ပါသည်။
ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲပြီးနောက် ရန္တပိုစာချုပ်အရ အာရကန်ဒေသနှင့် တနင်္သာရီ ဒေသကို အရှေ့အိန္ဒိယသို့ လွှဲပေးခဲ့ရာ Mr. Charles Paton သည် ၁၈၂၆ ခုနှစ်မှစ၍ ရခိုင်ဒေသ၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အာရကန်ဒေသစစ်တွေခရိုင် တစ်ခုလုံး၏လူဦးရေသည် ၁၈၂၆ ခုနှစ် စာရင်းအရ Mughs 60%, Mussalman 30%, Burmese 10% ရှိကြောင်း ဖော်ပြထားပါသည်။ အာရကန်ဒေသမြောက်ဦးမြို့တွင် အရေးပိုင် ခန့်ပြီး ကျန်လေးဝတီတွင် ကျွန်းအုပ်များခန့်အပ်အုပ်ချုပ်ခဲ့ရာ၊ ကျွန်းအုပ်ရာထူးများတွင် Arracan Mussalman, Ramoo Mug, ArrancanMug များအားခန့်အပ်ထားခဲ့ကြောင်း
အသေးစိတ်ဖော်ပြထားသဖြင့် ၁၈၂၆ ခုနှစ်အစီရင်ခံစာအရဆိုလျှင် ရိုဟင်ဂျာများအား ArracanMussulman ဟုလည်းကောင်း၊ ယခုရခိုင်ဆိုသူများအား ArracanMug ဟု လည်းကောင်း၊ ဗမာများအား Burmese ဟုလည်းကောင်းတရားဝင်ခေါ်ဝေါ်သုံးခဲ့ကြောင်း တွေ့ရှိရပါသည်။
အဆိုပါအစီရင်ခံစာ၏ စာမျက်နှာ(၂၄)တွင် အာရကန်ဒေသဖွား ArracanMussulman တစ်ဦးဖြစ်သော Sheikh Soojah Kazee ကို အုပ်ချုပ်ရေးနယ်မြေအမှတ်(၃၅၊ ၃၆)နှင့် (၃၇) တို့တွင် ကျွန်းအုပ်အဖြစ်ခန့်ထားကြောင်းရေးသားထားပါသည်။
လွတ်လပ်ရေးရပြီးနောက် (၂၅-၉-၅၄)ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက မြန်မာ့အသံလွှင့်မိန့်ခွန်းတစ်ရပ်တွင် ရှင်းလင်းပြောကြားရာüဘူးသီးတောင်နှင့် မောင်တော မြို့နယ် အတွင်းမှာနေထိုင်ကြသည့် ပြည်ထောင်စုသားများမှာ ရိုဟင်ဂျာအမျိုးသားများဖြစ် ကြောင်း မိန့်ကြားခဲ့ပါသည်။
(၃.၁၁.၅၉)နေ့နှင့် (၄.၁၁.၅၉)နေ့တို့တွင် ဘူးသီးတောင်မြို့နယ်နှင့် မောင်တော မြို့နယ်တို့နိုင်ငံüနိုင်ငံတော်ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဗဆွေမိန့်ခွန်းတွင် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင်ကဲ့သို့ပင် ရိုဟင်ဂျာလူမျိုးများသည်လည်း တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ကြောင်းမိန့်ကြားခဲ့ပါသည်။
(၄.၇.၆၁)တွင် "မေယုခရိုင်" မောင်တောမြို့üဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီးက နိုင်ငံတော်ကိုယ်စား မိန့်ခွန်းပြောကြားရာüကျွန်ုပ်တို့ဒီခရိုင်မှာ နေထိုင်တဲ့လူတွေကိုရိုဟင်ဂျာလို့ ခေါ်ပါတယ်။ မေယုခရိုင်ကို ပြည်ထောင်စုထဲမှာရှိတဲ့ လူနည်းစု တစ်ခုလိုပဲသဘောထားမည်ဟု ရှင်းလင်းမိန့်ကြားခဲ့ပါသည်။ ရေတပ်အကြီးအကဲ ဖြစ်သည့် ဒုတိယကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ်သန်းဖေကလည်း ရိုဟင်ဂျာဟု သုံးနှုန်းမိန့်ကြားခဲ့ပါသည်။
မြန်မာ့အသံမှ တိုင်းရင်းသားဘာသာစကားဖြင့် ထုတ်လွှင့်သည့်အစီအစဉ်တွင် ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာနှင့် ကယားဘာသာတို့ကို ထုတ်လွှင့်ခဲ့ရာ ရိုဟင်ဂျာဘာသာ အစီအစဉ်ကို (၁၅.၅.၆၁) မှစ၍ (၁.၁၀.၆၅)ရက်နေ့ အထိ ထုတ်လွှင့်ခွင့်ရရှိခဲ့ပါသည်။
(၁၉၄၆)ခုနှစ် မြန်မာ့စွယ်စုံကျမ်းထုတ်ဝေခဲ့ရာ စွယ်စုံကျမ်းအတွဲ (၉)၊ စာမျက်နှာ (၈၉) နှင့်(၉၀)တွင် မေယုနယ်ခြားခရိုင်တွင်လူဦးရေ(၄)သိန်းကျော် (၅)သိန်းနီးပါးရှိ၍ များသောအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် တံငါလုပ်ငန်းများဖြင့်သာ အသက်မွေး ကြသည်။ လူများစု၇၅%မှရိုဟင်ဂျာလူမျိုးများဖြစ်၍ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမွီးစသော တိုင်းရင်းသားလူမျိုးစုများရှိကြသည် ဟုဖော်ပြထားပါသည်။
          ဗြိတိသျှစွယ်စုံကျမ်းတွင်လည်း ရိုဟင်ဂျာနှင့်ပတ်သက်၍ “Islamic Arakanese are known as Rohingyas, a name based on the historical name of the region, Rohang”ဟု ဖော်ပြထားပါသည်။
          တပ်မတော်ခေတ်ရေး စာစောင်များအနက် (၈.၈.၆၁)နေ့ထုတ် စာစောင်အတွဲ(၁၂)၊ အမှတ်(၉)တွင် “ပျောက်သောသူပြန်၍ တွေ့သည့်ပမာ”ခေါင်းစဉ်ဖြင့် မေယုနယ်ခြားခရိုင်မှ ရိုဟင်ဂျာ အမျိုးသားထု၏ မျိုးရိုးစဉ်ဆက် လေ့လာတင်ပြချက်တွေ့ဆုံဆွေးနွေးခြင်း ဆောင်းပါးကို ထည့်သွင်းဖော်ပြခဲ့ရာ မေယုနယ်မြေဟု သတ်မှတ်လိုက်သော ဘူးသီးတောင်၊ မောင်းတောနယ် များတွင် (၉၇%)သည် ရိုဟင်ဂျာလူမျိုးများ နေထိုင်ကြ၏ဟု ဖော်ပြထားပါသည်။
          ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာနမှ အထက်တန်း ကျောင်းသုံး မြန်မာပထ၀ီဖတ်စာ (၁၉၇၈)ခုနှစ် ပြဌာန်းစာအုပ်၏ တိုင်းရင်းသားလူမျိုးများပျံ့နှံ့နေ ထိုင်ရာ မြန်မာနိုင်ငံမြေပုံကို ဖော်ပြထားပါသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းဘူးသီးတောင်နှင့် မောင်တောဒေသရှိ လူမျိုးများကို ရိုဟင်ဂျာနှင့်ပတ်သက်လူမျိုးများနေထိုင်ရာဒေသအဖြစ် ထည့်သွင်းဖော်ပြပုံနှိပ်ထားခြင်းဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်တွင် ရိုဟင်ဂျာ ကျောင်းသူ/ကျောင်းသားများ အသင်းချုပ်အဖွဲ့အစည်းလည်း ထူထောင်ခွင့်လျှောက်ထားခဲ့ရာ (၃-၁၂-၅၉)ရက်စွဲပါ မှတ်ပုံတင်အမှတ်-၁၃၃/၅၉ဖြင့် “This is to certify that Rangon University Rohingya Students Association is one of the Registered Association of the University of Rangon for the Academic year 1959-1960”ဟူ၍ မှတ်ပုံတင် ခွင့်ရရှိခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်၏ ၁၉၆၀ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်စွဲပါ စာအမှတ်-RG.7/60  
ဖြင့် ၁၉၆၀-၁၉၆၁ခုနှစ်အတွက် ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသူ/ကျောင်းသားများ အသင်းချုပ်ကို ထပ်မံသက်တမ်းတိုးခွင့်ရရှိသည်ကို တွေ့ရှိရပါသည်။
          (၁၈-၇-၆၁)နေ့ထုတ် အတွဲ-၁၂၊ အမှတ်-၆စာစောင်တွင် “မေယုနယ်မှာလေ ဘယ်လို အခြေရှိပါလိမ့်" ခေါင်းစဉ်ဖြင့် စာစောင်များတွင်ထည့်သွင်းထုတ်ဝေခဲ့ဖူးသည်။ ထိုဒေသရှိလူများစု ၏ အမည်များကို ရိုဟင်ဂျာဟု ဖော်ပြထားသည့်စာစောင်များဖြစ်သည်။
          (၂၀-၁၁-၆၀)နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် နယ်ခြားဒေသအုပ်ချုပ်ရေးရုံးမှ နယ်ခြားအုပ်ချုပ်ရေးအရာရှိ ရခိုင်တိုင်းမင်းကြီးနှင့် အဖွဲ့ဝင်များ မေယုနယ်ခြားခရိုင်သို့ ရောက်ရှိခဲ့ ကြရာ ရိုဟင်ဂျာများက လှိုက်လှဲစွာကြိုဆိုကြကြောင်း၊ သူရသတ္တိရှိသူများဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကိုမြတ်နိုးလိုလားပြီး သစ္စာရှိကြသော စိတ်ဝင်စားဖွယ်ပြည်ထောင်စု၏ လူမျိုးတစ်မျိုးဖြစ်ကြောင်း ဖော်ပြခဲ့သည့်အပြင် မြန်မာ့အသံ(ရေဒီယိုအစီအစဉ်)မှလည်း ထိုအကြောင်းအရာအတိုင်းထုတ်လွှင့် ခဲ့ဖူးသည်။
          မြန်မာ့အသံ(၂၅)နှစ်မြောက် ငွေရတုသဘင်စာအုပ်အဖြစ် ၁၉၇၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် သောတရှင်မဂ္ဂဇင်းကို ထုတ်ဝေခဲ့ရာ ထိုစာအုပ်စာမျက်နှာ ၅၅တွင် ၁၉၄၇ခုနှစ်မှစ၍ တိုင်းရင်းသား ဘာသာစကားများဖြင့် စတင်အသံလွှင့်ခွင့်ပြုခဲ့သည့်ရက်စွဲများကို ဖော်ပြရာ၌ ၁၉၄၇ခုနှစ်၊ အဓိက ရှမ်းနှင့် ကချင်ဘာသာ၊ ၁၉၄၉ခုနှစ်က စကောကရင်နှင့် ပိုးကရင်ဘာသာ၊ ၁၉၅၉ခုနှစ်တွင် ချင်းဘာသာ၊ ၁၉၆၁ခုနှစ်တွင် မွန်ဘာသာ၊ ပအို့(စ်)ဘာသာ၊ လားဟူးဘာသာ၊ "ရိုဟင်ဂျာဘာသာ" နှင့် ကယားဘာသာတို့ အသံလွှင့်ခဲ့ကြကြောင်းဖော်ပြထားပါသည်။
(မွန်၊ ပအို့(စ်)၊ လားဟူနှင့် ရိုဟင်ဂျာဘာသာတို့ဖြင့် အသံလွှင့်ခွင့်ကို (၁၅-၅-၆၁)နေ့မှစ၍ ခွင့်ပြုခဲ့ပြီး (၁-၁၀-၆၅)နေ့တွင် ရပ်ဆိုင်းခဲ့ကြောင်းကိုလည်း လေ့လာသိရှိရသည်။)
          မူဂျာဟစ်လက်နက်ချအခန်းအနားသို့ တက်ရောက်ခဲ့သော တပ်မတော်ဒုတိယကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီး၏ မိန့်ခွန်းကို (၈-၇-၆၁)နေ့တွင် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ-၅နှင့်၆တို့တွင် ထည့်သွင်းဖော်ပြခဲ့ရာ "မေယုခရိုင်ဟာ အနောက်ဖက်မှာ ပါကစ္စတန်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပါသည်။ နယ်နိမိတ်ခြင်းဆက်စပ်နေတဲ့အလျောက် ပြည်နယ်ရဲ့အရှေ့ဖက်နှင့် အနောက်ဖက်မှာ မွတ်စလင်ဘာသာကို ယုံကြည်သက်ဝင်တဲ့ လူမျိုးစု များရှိပါတယ်။ အနောက်ဖက်မှာရှိတဲ့ လူတွေကိုပါကစ္စတန်ဟုခေါ်ပြီး အရှေ့ဖက်မှာရှိတဲ့ မြန်မာပြည်မှာ နေတဲ့လူတွေကို "ရိုဟင်ဂျာ"လို့ခေါ်ပါတယ်။ ကျွန်တော်နည်းနည်းပြောကြားချင်တာ ကတော့ အခုဆိုပါကစ္စတန်နဲ့ ဆက်စပ်နေတဲ့ပြည်နယ်တစ်နယ်ထဲမှာ ဒီလူမျိုးတစ်မျိုးထဲ တိုင်းပြည် (၂)ပြည်ခွပြီး ရှိနေတာမဟုတ်ပါဘူး။ တရုတ်ပြည်နှင့် ဆက်စပ်နေတဲ့ပြည်နယ်တစ်နယ်ထဲမှာ ဒီလိုလူမျိုးစဉ်ဆက်နေတာရှိတယ်။ ဥပမာ ချင်းပြည်နယ်မှာဆိုရင် လီဆူးဆိုတဲ့ လူမျိုးရှိတယ်။ မြန်မာပြည်ဖက်မှာလည်း လီဆူးလူမျိုးတွေရျိတယ်။ တရုတ်ပြည်ဖက်မှာလည်း လီဆူးတွေရှိတယ်။
မြန်မာပြည်ဖက်မှာ   "ရှမ်း"  တွေရှိသလိုပဲ   တရုတ်ပြည်ဖက်မှာ   တိုင်ဆိုတဲ့  ရှမ်းတွေရှိတာပါပဲ။
ဒီလူတွေက စကားတစ်မျိုးတည်းရှိပြီး ဘာသာလည်းတူတယ်၊ ကိုးကွယ်တာချင်းဆိုတဲ့ အားလုံးတူ တယ်။ "-------- ယိုးဒယားနယ်စပ်မှာ ---------" စသည်ဖြင့် ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။
          (ထိုမိန့်ခွန်းတွင် ရိုဟင်ဂျာများကို ဆွေမျိုးအရင်းများလို သဘောထားပြီး  ဆောင်ရွက် ကြရန်လည်းကောင်း၊ အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးကြီးစောမြင့်နှင့် ဗိုလ်မှူးကြီးရဲခေါင်တို့ကို ဒီဒေသ က ရိုဟင်ဂျာတွေ့ရဲ့ လိုအပ်ရာတွင် လုပ်ကြဖို့အမိန့်ပေးကြောင်း) ယခုအချိန်ကစ၍ လူနည်းစု ကိုးကွယ်သော ဘာသာဝင်တွေအဖြစ် စောင့်ရှောက်မယ်၊ ကာကွယ်မယ်ဆိုတာ ယုံကြည်စေလို ကြောင်းကိုပါ တရားဝင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
          အားကစား၌နိုင်ငံတော်က ၁၉၆၀ ခုနှစ် ပြည်ထောင်စုနေ့ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြပွဲကို အောင်ဆန်း ပြုလုပ်ခဲ့ရာရိုဟင်ဂျာရိုးရာခေါင်းစဉ်ဖြင့် တခမ်းတနား ကျင်းပခွင့်ပြုခဲ့သည်။
          မြန်မာနိုင်ငံသမိုင်း ဖြစ်ရပ်မှန်များ ၁၉၅၈-၁၉၆၂ မြန်မာနိုင်ငံရေးကို ဦးကျော်ဝင်း၊ ဦးမြဟန် နှင့် ဦးသိန်းလှိုင်တို့ကပြုစု၍ မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ စိစစ်ရေးအဖွဲ့က စိစစ်ပြီး (၁၉၉၁)ခုနှစ်တွင် ထုတ်ဝေခဲ့ရာတွင်လည်း ရိုဟင်ဂျာလူမျိုးနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာအသင်းမှ ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်ပေးသင့် မသင့်ဆွေးနွေးခဲ့ကြောင်း ဖတ်ရှုရပါမည်။။
ရိုဟင်ဂျာဆိုသော အခေါ်အဝေါ်အသုံးအနှုန်းနှင့် ရိုင်ဟင်ဂျာလူမျိုးနှင့် ရိုဟင်ဂျာ စကား တည်ရှိနေမှု ကို (၁) ရခိုင်ဘုရင်များခေတ်နှင့် မြန်မာဘုရင်များခေတ် (၂) အင်္ဂလိပ်အစိုးရအုပ်ချုပ် သည့်ခေတ် (၃) မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသောခေတ်ဟူ၍ ခေတ်သုံးခေတ်တွင် ခေါ်ဝေါ်သုံးစွဲ အသိအမှတ် ပြုခဲ့သည့် သမိုင်းအထောက်အထား အချို့ကိုကောက်နှုတ်တင်ပြထားသည့် စာတမ်းဖြစ်ပါသည်။ အထက်ပါ ခေတ်သုံးခေတ်တွင် လေ့လာသုံးသပ်ပါကယနေ့ ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားနိုင်ငံသားများဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါသည်။ နှုတ်တစ်ရာစာတစ်လုံး ဆိုသကဲ့သို့ နှုတ်အားဖြင့်ကြီးနိုင်ငယ်ညှင်း၊ သမိုင်းထိန်ချန်စွပ်စွဲမှုများ ပြုလုပ်နိုင်သော်လည်း သမိုင်းအထောက်အထားများ၊ အစီရင်ခံစာများ၊ နိုင်ငံတော်၏ခေတ်အလိုက် အစိုးရများ၏ ကြေငြာချက်များအသိအမှတ်ပြုချက်များကိုမှု သမိုင်းလိမ်ဟု ငြင်းဆိုနိုင်မည်မဟုတ်သည့်အပြင် အစိုးရအဆင့်ဆင့်၏ ထုတ်ပြန်ချက်များသည် ပင်ရင်အထောက်အထား Primary Source ဟုသမိုင်းသုတေသီများက မှတ်ယူသည်မှာ အစဉ်အလာဖြစ်ပါသည်။ ယခုအခါ သမိုင်းကိုပင် မဆိုထားဘိ၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ခေတ်အဆက်ဆက် အစိုးရမင်းများ၏ အသိအမှတ်ပြုချက်များ၊ အစိုးရဌာနများမှ တရားဝင်
ထုတ်ဝေသည့် စာအုပ်များ၊ စွယ်စုံကျမ်းနှင့် ကျောက်စာများစသည့် ပင်ရင်း အထောက်အထားများကိုပင်မသိကျိုးကျွန်ပြု၍ ရိုဟင်ဂျာလူမျိုးမရှိ၊ ဘင်္ဂါလီသာရှိသည်၊ အင်္ဂလိပ်အစိုးရခေတ်မှစ၍ ၀င်ရောက်လာသူများဖြစ်သည်ဟု ပြောဆိုသုံးနှုန်း နေမှုများသည် အမှန်တရားကိုလက်ကိုင်ပြုခြင်းမရှိဘဲ နိုင်လိုမင်းထက်ပြုလိုသည့် သဘောဖြင့်  ပြောဆိုစွပ်စွဲမှုများဖြစ်၍ ဤစာတမ်းပါအချက်အလက်များ၊ ဖြစ်ရပ်မှန်များ၊ သမိုင်းမှန်များ၊ အစီရင်ခံစာများစသည့်ပင်ရင်း အထောက်အထားများ၊ စာအုပ်စာပေ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာစကားနှင့် ရိုဟင်ဂျာလူမျိုးများရှေးပဝေသဏီကပင် ဖြစ်တည်နေသည့် အထောက်အထား များ လေ့လာပါက ရိုဟင်ဂျာများသည် ခိုးဝင်လာသူလုံးဝမဟုတ်ကြောင်း သိရှိနိုင်ပါသည်။
          လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှ တော်လှန်ရေးကောင်စီခေတ်အထိ ရိုဟင်ဂျာတိုင်းရင်းသားဟူ၍လည်းကောင်း၊ လ.၀.က မှတ်တမ်းတွင် တိုင်းရင်းသားစာရင်းခေါင်းစဉ် အောက်တွင် ရခိုင်စစ်တကောင်း လူမျိုးဟုလည်းကောင်း မှတ်တမ်းမှတ်ရာများရှိခဲ့သော်လည်း မည်သည့် မှတ်တမ်းမှတ်ရာတွင်မှ ရခိုင်ဒေသဖွား ရိုဟင်ဂျာလူမျိုးများအား ဘင်္ဂါလီဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့ ဖူးခြင်းမရှိကြောင်းရေးသား တင်ပြအပ်ပါသည်။
          အထက်ပါအတိုင်း ခိုင်မာသော သမိုင်းအထောက်အထားများ၊ ခေတ်အဆက် အစိုးရများ၏ အသိအမှတ်ပြုချက်များရှိနေပါလျှက် လက်ရှိအစိုးရအဖွဲ့ဝင်များသည် ဖြစ်ရပ်မှန်ကိုမသိချင်ယောင် ဆောင်၍ ရိုဟင်ဂျာမရှိ၊ ဘင်္ဂါလီဖြစ်သည်ဟု မျက်စိမှိတ်စွပ်စွဲနေခြင်းမှာ လူနည်းစုလူမျိုးစု တစ်ရပ် ကိုရေများရေနိုင် မီးများမီးနိုင်ဆိုသလို မြန်မာပြည်သူများ အထင်အမြင် မှားစေလိုသော ဖန်တီးမှုဟု ရှုမြင်ရမည်သာဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည်မှာ ၁၉၄၈ခုနှစ်ဖြစ်ပါသည်။ ၁၉၇၃-၁၉၈၃မှာ ရိုဟင်ဂျာလူမျိုးမရှိဘူးဟုပြောဆိုနေခြင်းသည် နှစ်ပေါင်း၃၀ခန့်ချန်လှပ်၍ ပြောဆိုနေခြင်း ဖြစ်ပါသည်။ ၁၉၇၃-၁၉၈၃မတိုင်ခင်က အစိုးရ၀န်ကြီးဌာနများဖြစ်ကြသော ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနအပြင် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနတို့တွင် ရိုဟင်ဂျာဟု အများ အပြားသုံးနှုန်းဖော်ပြထားသည်ကို လေ့လာသိရှိရပါသည်။
          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ (၉.၁၂.၁၉၇၂)နေ့စွဲပါ ပုံစံရေးသွင်း ရန်ညွှန်ကြားချက်၌ တိုင်းရင်းသားလူမျိုးစု ၁၄၄မျိုးအနက် အမှတ်စဉ်(၁၃၈)တွင် (ရိုဟင်ဂျာ)အစား ရခိုင်စစ်တကောင်းဟု ဖော်ပြခဲ့ပါသည်။ ၉.၁၂.၁၉၇၂ နေ့စွဲပါ ပုံစံရေသွင်းရန် ညွှန်ကြားချက်ပူးတွဲ တင်ပြအပ်ပါသည်။ ၉.၁၂.၁၉၇၂ ရက်စွဲပါ နိုင်ငံပိုင်သတင်းစာများတွင် တိုင်းရင်းသားလူမျိုး ၁၄၃မျိုးအနက် ရခိုင်စစ်တကောင်း လူမျိုးအဖြစ်တရားဝင်ဖော်ပြခဲ့ပါသည်။
သို့သော်တိုင်းရင်းသား (၁၃၅)ဟူ၍ ယခင်ကတိုင်းရင်းသားအဆင့်ရရှိထားပြီးသော လူမျိုး အချို့ကို ချန်လှပ်ထားပြီးရိုဟင်ဂျာလူမျိုးအစား ရခိုင်စစ်တကောင်းလူမျိုးကိုလည်း တိုင်းရင်းသား လူမျိုးစာရင်းမှ ထုတ်ပယ်ခံရခြင်းသည် နိုင်ငံသားအခွင့်အရေးများ၊ လူ့အခွင့်အရေးများ ဆုံးရှုံးခဲ့ရ ခြင်းဖြစ်ပါသည်။
          ၁၉၄၇ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရသော်လည်း ကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံသားပြစ်မှုအက်ဥပဒေအရလည်းကောင်း၊ ဥပဒေ သဘော (Dejure) အရနှင့်လက်တွေ့သဘော (Defacto)အရ ရိုဟင်ဂျာအမျိုးသားများသည် တိုင်းသားနိုင်ငံသားများဖြစ်ကြပါသည်။ (၁၉၄၈)ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက် ဥပဒေသည် ၁၉၈၂ခုနှစ်အထိတည်ဆဲဖြစ်ခဲ့ပါသည်။ ၁၉၄၈ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံသား အက်ဥပဒေပုဒ်မ ၃(၁)တွင် “မြန်မာတိုင်းရင်းသား” အဓိပ္ပါယ်ဖွင့်ဆိုချက်ရှိပါသော်လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင်သော်လည်းကောင်း၊ ၁၉၈၂ခုနှစ်မြန်မာနိုင်ငံသားဥပဒေတွင် သော်လည်းကောင်း၊ “တိုင်းရင်းသား” အဓိပ္ပါယ်ဖွင့်ဆိုချက် ယခုတိုင်မရှိသေးပါ။
ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီးသည် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ၊ ၃၁ရက်နေ့က ရန်ကုန်မြို့ “ရခိုင်ပြည်နယ်အရေးအထူးသတင်းစာရှင်းလင်းပွဲ” တွင် “၁၈၂၄ခုနှစ်မတိုင်မီက မြန်မာနိုင်ငံတွင်နိုင်ငံခြားသားမရှိကြောင်း” ပြောကြားခဲ့ရာ အထက်ဖော်ပြပါ သမိုင်းအထောက်အထားများအရ လွန်ခဲ့သောနှစ်ပေါင်း၁၀၀၀ကျော်ကတည်းက မြန်မာနိုင်ငံတွင်
စတင်နေထိုင်ခဲ့သော ရိုဟင်ဂျာလူမျိုးများသည် တိုင်းရင်းသားများဖြစ်ကြောင်း အငြင်းပွားဖွယ်ရာ မရှိတော့ပါ။
          တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှအခွင့်အရေးရရှိနိုင်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသော အခြားတိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်လည်း တိုင်းရင်း သားရေးရာ ကိစ္စများကို လက်တွဲဆောင်ရွက်မည်ဟု ရိုဟင်ဂျာတိုင်းရင်းသားများ သန္နိဋ္ဌာန်ချမှတ် ထားပါသည်။
သို့ဖြစ်ပါ၍ သမိုင်းဝင်သုံးနှုန်းခဲ့သော “ရိုဟင်ဂျာ”လူမျိုးအဖြစ် တိုင်းရင်းသားလူမျိုးစာရင်း တွင် ၂၀၁၄ခုနှစ်သန်ခေါင်စာရင်းမကောက်ယူမီ အချိန်မီထည့်သွင်းဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းဆိုအပ်ပါသည်။
** တစာစာအော်နေသော တိုင်းရင်းသားများအရေးကိစ္စအချို့ ပူးတွဲတင်ပြအပ်ပါသည်။
မေယု - မျိုးအောင်
၁၂/မဂဒ (နိုင်) ၀၉၈၃၃၈
၂၅၊ ၄လွှာ-ဒီ၊ ၁၃၆လမ်း၊
မအူကုန်းရပ်ကွက်၊ တာမွေမြို့နယ်။
09-431 89 687
မိတ္တူများကို
          ၁။ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ။
          ၂။ နိုင်ငံရေးပါတီများ။
          ၃။ မြန်မာ့သတင်းမီဒီယာများသို့ဖြန့်ဝေပါသည်။
No comments:
Post a Comment