Friday, December 27, 2013

ရခိုင်မွတ်စလင်လူမျိုး လို့သုံးနှုန်းရန် မသင့်တော်တော့ပါ ..

တိုးတက်ပြောင်းလဲ လာတဲ့ခေတ်မှာ ရှေးရိုးစွဲ အစွဲတွေကို ဖယ်ထုတ်ပြီး ခေတ်နဲ့အညီ လျော်ညီအောင် ပြုပြင် သင့်တာများကို ပြုပြင်ပြီး နောင်လာ နောင်သားများ အဆင်ပြေ ချောမွေ့ဖို့ ကြိုးစားရမှာ ကျွန်တော်တို့ မျိုးဆက်ရဲ့ တာဝန်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် (သို့) အာရ်ကာန်မှာ ရခိုင်မွတ်စလင် လူမျိုး ဆိုပြီးရှိခဲ့တာ၊ အစိုးရမှတ်တမ်းတွေမှာ အသုံးပြုခဲ့တာကို ဘယ်သူ့ မှ ငြင်းပယ်လို့ မရပါဘူး။ သို့ပေမယ့် ယနေ့ခေတ် မှာ ဖြစ်ပျက်နေတာတွေကို သင်ခန်းစာယူပြီး ကျွန်တော် တို့ ခံစားနေရတာတွေ နောင်လာနောင်သားများ မခံစားရစေဖို့အတွက် ရခိုင်မွတ်စလင် ဆိုတဲ့လူမျိုး ကို မေ့ပျောက်ပြီး ရခိုင်မွတ်စလင် အစား မှန်ကန်တဲ့ လူမျိုးအမည်ကို ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ရ မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ လူမျိုး ၃ မျိုး ရှိပါတယ်။ - ရိုဟင်ဂျာ - ရခိုင်မွတ်စလင် - နဲ့ - ကမန် - တို့ဖြစ်ပါတယ်။ မွတ်စလင်ဆိုတာဘာလဲ? မွတ်စလင်ဆိုတာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူတိုင်းကို မွတ်စလင်လို့ ခေါ်ပါတယ်။ မွတ်စလင်ဆိုတာ အစ္စလာမ်ဘာသာဝင်လို့ ပြောတာဖြစ်ပါတယ်။ လူမျိုးမဟုတ်ပါဘူး။ ရိုဟင်ဂျာလူမျိုးဆိုတာ အာရ်ကာန်ဒေသမှာ ရာစုနှစ်ပေါင်းများစွာကတည်းက အခြေစိုက်နေလာတဲ့ အင်ဒို-အာရီယန် မျိုးနွယ်က ဆင်းသက်လာတဲ့ လူမျိုးစု တစ်စုဖြစ်ပါတယ်။ ရခိုင်မွတ်စလင်လို့ ခေါ်ကြသူများကတော့ မိမိတို့ရဲ့ ဆွေစဉ်မျိုးဆက်မှာ ရခိုင်လူမျိုး ဗုဒ္ဓဘာသာကနေ အစ္စလာမ်ဘာသာကို ကူးပြောင်းပြီး ကိုးကွယ်လာသူများရဲ့ မျိုးဆက်လို့ ခံယူကြသူများဖြစ်ပါတယ်။ ကမန်လူမျိုးကတော့ နိုင်ငံတော်အစိုးရက တရားဝင်တိုင်းရင်းသားစာရင်းသွင်းထားတာမို့ အကျယ်တ၀န့်ရှင်းပြဖို့ မလိုအပ်ပါဘူး။ ၂၀၁၄ ခုနှစ် မတ်လမှာ လူဦးရေ စာရင်း (သန်းခေါင်စာရင်း) ကောက်ခံမယ့် ကိစ္စနဲ့ပတ်သက်ပြီး လူမျိုးအမည်က အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ အခုတလော နားဝင်မဆံ့အောင် ကြားနေရတာကတော့ ရိုဟင်ဂျာလို့ မဖြည့်ဘဲ ရခိုင်မွတ်စလင်လို့သာ ဖြည့်ကြပါလို့ လှုံ့ဆော်နေတာပါဘဲ။ ရခိုင်မွတ်စလင်လို့ ပြောတိုင်း ရခိုင်မှာမွတ်စလင်မရှိဘူးလို့သာ လ၀က အရာရှိများက ပြန်ပြောကြတာ တော်တော်များများကသိနေကြပါတယ်။ သိသိနဲ့ မိုက်တွင်းနက်မယ့်သူတွေရှိနေတာကြောင့် ဒီဆောင်းပါးကိုရေးဖို့ အကြောင်းဖန်လာတာပါ။ ရခိုင်မွတ်စလင် = ရခိုင်လူမျိုး+အစ္စလာမ်ဘာသာဝင် လို့အဓိပ္ပာယ်ရတာမှန်ကန်ပေမယ့် အစ္စလာမ်ဘာသာဝင် ဆိုတာ လူမျိုးကို ကိုယ်စားပြုတာ မဟုတ်တဲ့အတွက် သုံးဖို့ ဘယ်လိုမှ မသင့်လျော်ပါဘူး။ လူမျိုး = ရခိုင် ကိုးကွယ်သည့်ဘာသာ = အစ္စလာမ် -- လို့သာပြောရင် မှန်ကန်မှာပါ။ ရခိုင်လူမျိုးမှာ အစ္စလာမ်ဘာသာကိုးကွယ်သူ (သို့) မွတ်စလင် မရှိဘူးလို့ ပြောရင် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့သာ ပြန်ပြောရမှာပါ။ ရခိုင်လူမျိုးတစ်ယောက် ဗုဒ္ဓဘာသာ ကိုးကွယ်နေရင်းနဲ့ အချိန်မရွေး အစ္စလာမ်ဘာသာ (သို့) ခရစ်ယာန်ဘာသာ (သို့) အခြားဘာသာသို့ ကူးပြောင်းနိုင်ပါတယ်။ ဘာသာပြောင်းသွားတာနဲ့ လူမျိုးပြောင်းသွားတယ်လို့ ပြောမယ်ဆိုရင် ဘာသာပြောင်းတုန်းက ပြောင်းတဲ့လူရဲ့ သွေးတွေအားလုံး ဖောက်ထုတ်လိုက်သလားလို့ မေးခွန်းထုတ်ရမှာပါ။ ရခိုင်လူမျိုး ဗုဒ္ဓဘာသာကနေ အစ္စလာမ်ဘာသာကို ပြောင်းလဲကိုးကွယ်သူတွေရှိခဲ့လို့ ရခိုင်မွတ်စလင်လူမျိုး ဆိုတာရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသုံးအနှုန်းမလျော်ကန်တဲ့အတွက် မှန်ကန်တဲ့ အသုံးအနှုန်း ဖြစ်တဲ့ လူမျိုးနေရာမှာ - ရခိုင် - လို့သာရေးပြီး - ကိုးကွယ်သည့်ဘာသာမှာ - အစ္စလာမ် - လို့ဖြည့်ရမှာဖြစ်ပါတယ်။ လူမျိုးအမည် - ရခိုင် - လို့ဘယ်လိုလူတွေကဖြည့်ရမလဲ? ကိုယ့်ဖခင်ရဲ့ မျိုးရိုးစဉ်ဆက်ဇယားကို သေချာလေ့လာပါ။ ကိုယ့်ရဲ့ အဖေ၊ အဖိုး (အဖေရဲ့အဖေ)၊ အဘိုး (အဖေရဲ့အဖိုး) တို့နဲ့ အဖေရဲ့ အဘိုး တစ်ဦးဦးက ရခိုင်-ဗုဒ္ဓဘာသာ ကနေ အစ္စလာမ်ဘာသာကို ပြောင်းပြီး ကိုးကွယ်ခဲ့တာဆိုရင် ကိုယ့်ကိုကိုယ် “ရခိုင်လူမျိုး” လို့ရဲရဲဝံ့ဝံ့ခံယူလိုက်ပါ။ သို့ပေမယ့် မိခင်ရဲ့ မျိုးရိုးစဉ်ဆက်မှာ ရခိုင်-ဗုဒ္ဓဘာသာကနေ အစ္စလာမ်ဘာသာကို ပြောင်းလဲကိုးကွယ်ခဲ့တာဆိုရင် ကိုယ့်ကိုကိုယ် ရခိုင်လူမျိုးလို့ ခံယူဖို့ဆိုတာ သွေးနှောမှု ရာခိုင်နှုန်းအရ မဖြစ်နိုင်ဘူးလို့သာ ပြောပါရစေ။ ရခိုင်လူမျိုး သွေးနှောအဆင့်သာရှိပါတယ်။ ရခိုင်-မွတ်စလင်ဆိုတဲ့ အသုံးအနှုန်းကို ဘယ်လိုနေရာမှာ သုံးမလဲ? ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရခိုင်၊ ရိုဟင်ဂျာ၊ ကမန်၊ မြို၊ ခမီး၊ သက်၊ ဒိုင်းနက်၊ မရမာကြီး လူမျိုးတွေထဲက အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေအားလုံးကို စုပေါင်းပြီး Rakhine Muslim Community (ရခိုင်မွတ်စလင် အသိုင်းအ၀ိုင်း) အဖြစ်သုံးနှုန်းနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ဒီနေရာမှာ မြို၊ ခမီး၊ သက်၊ ဒိုင်းနက်၊ မာရမာကြီး လူမျိုးတွေမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူမရှိဘူးလို့ စောဒကတက်လာရင် သူတို့တွေထဲက မည်သူမဆို အချိန်မရွေး အစ္စလာမ်ဘာသာကို ပြောင်းလဲ ကိုးကွယ်လာနိုင်တယ်။ အဲဒီလိုလူတွေက ဥပမာ - လူမျိုး - သက် - ကိုးကွယ်သည့်ဘာသာ - အစ္စလာမ် လို့ဘဲ ဖြစ်မှာပါ။ ကိုးကွယ်တဲ့ ဘာသာကြောင့် ရိုဟင်ဂျာ (သို့) ကမန်ဖြစ်သွားမှာ မဟုတ်ဘူး။ အဲဒီတော့ မွတ်စလင်ဆိုတဲ့ အသုံးအနှုန်းကို ပြည်နယ် တစ်ခုလုံးမှာရှိတဲ့ မွတ်စလင်လူထုကို ကိုယ်စားပြုပြီး သုံးတဲ့အချိန်မှာသာ Community အနေနဲ့ သုံးနှုန်းရပါလိမ့်မယ်။ ဒီလောက်ဆိုရင် ဘယ်သူက လူမျိုး - ရခိုင် - ကိုးကွယ်သည့်ဘာသာ - အစ္စလာမ် - ဖြည့်ပြီး၊ ဘယ်သူက - လူမျိုး - ရိုဟင်ဂျာ - ကိုးကွယ်သည့်ဘာသာ - အစ္စလာမ် - လို့ဖြည့်ရမယ်ဆိုတာ နားလည်မယ်လို့ ယုံကြည်ပါတယ်။ လူဦးရေ စာရင်းကောက်ခံတဲ့အခါ ရခိုင်လူမျိုး အစ္စလာမ်ဘာသာဝင်များဟာ ရခိုင်လူမျိုး ကုဒ်နံပါတ် (701) ကိုသာ ဖြည့်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ ကျွန်တော်အထက်မှာ ပြောခဲ့တဲ့အတိုင်း ရခိုင်မှာ မွတ်စလင်မရှိဘူးလို့ ပြောခံရမှာဖြစ်တဲ့အတွက် မိအေးနှစ်ခါနာ ဖြစ်ဦးမှာပါ။ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ့်ရဲ့ဖခင် မျိုးရိုးက ရခိုင်လူမျိုး ဗုဒ္ဓဘာသာ ကနေဆင်းသက်လာတယ်ဆိုရင် ကိုယ့်ရဲ့ လူမျိုး ခံယူပိုင်ခွင့် အခွင့်အရေး အတွက် ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ ပြောဆိုကြပါ။ သို့ပေမယ့် အခုတလော စည်းရုံးနေတာကို သံယောင်လိုက်ပြီး ရိုဟင်ဂျာ လူမျိုးတွေကပါ ကိုယ့်ရဲ့ မိခင် မျိုးဆက်မှာ ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင် ရှိခဲ့တာဘဲ ဆိုတာကို အကြောင်းပြပြီး ရခိုင်မွတ်စလင်လူမျိုး ခံယူခြင်း (သို့) စည်းရုံးသူများရဲ့ စကားကိုနားယောင်ပြီး ရခိုင်မွတ်စလင်လူမျိုး ဖြည့်ခြင်းများကို အထူးရှောင်ရှားဖို့ ပြောချင်ပါတယ်။ ရိုဟင်ဂျာ လူမျိုးအတွက် သီးခြားကုဒ်နံပါတ် မပေးခဲ့ရင်တောင် “ရိုဟင်ဂျာ” “Rohingya” လို့သာ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ဖြည့်ကြပါလို့ နှိုးဆော်ပါတယ်။ နေဆန်းလွင် 27.12.2013

No comments:

Post a Comment