Thursday, 31 October 2013 02:23
ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်သည့် ကန်ထရိုက်အပြင် ယင်းအဆောက် အအုံများကိုပါ ဆောက်လုပ်ပေးသည့် ပန်းရန် အလုပ်သမားများကို တရားစွဲဆိုရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်တီ၊ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော် က ပြောကြားသည်။
လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေအရ ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ပါက ဆောက်လုပ်သည့် ကန်ထရိုက်မှာ လိုင်စင်မရှိ၍ မြေရှင်ကိုသာ တရားစွဲဆို၍ ရကြောင်း၊ အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် အသစ်ပြန်လည် ရေးဆွဲထားသော "ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ"တွင်မူ ခွင့်ပြုချက်မဲ့ အဆောက်အအုံများအား ပြန်လည်ဖျက်သိမ်း၍ ကန်ထရိုက်ကို အရေးယူနိုင်သည့်အပြင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှုတွင် ပါဝင် အားပေးကူညီသည့် ဆောက်လုပ်ရေး ပန်းရန် အလုပ်သမားများကိုပါ တရားစွဲဆို အရေးယူနိုင်သည့်အချက် ပါဝင်ကြောင်း သိရသည်။
အဆိုပါ ဥပဒေ ပြဋ္ဌာန်းပြီးဖြစ်သော်လည်း နည်းဥပဒေလိုအပ်နေပြီး လက်ရှိ နည်းဥပဒေ ရေးနေ ကာ ရေးဆွဲပြီးပါက စတင်တရားစွဲဆိုနိုင်မည် ဖြစ်ကြောင်း ဦးမောင်မောင်ဇော်က ပြောကြားသည်။
ယင်းသို့ ဆောက်လုပ်ပေးသည့် ပန်းရန် အလုပ်သမားများကိုပါ တရားစွဲဆိုခြင်းမှာ အလုပ်သမားများမှာ အလုပ်အကိုင် အခွင့်အလမ်းအရ လုပ်ရခြင်းဖြစ်၍ ယင်းမှာ မသင့်လျာ်ကြောင်း ဝေဖန်မှုအချို့ ရှိနေသည်။ သို့ သော် ထိုသို့ပြုလုပ်ရန် စီစဉ်ခြင်းမှာ ခွင့်ပြုချက်မဲ့ အဆောက်အအုံများ လျော့နည်းသွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
လက်ရှိ ရန်ကုန်မြို့တော်တွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံ ၁၁၅၇ လုံးရှိနေပြီး အရှေ့ပိုင်းခရိုင်တွင် ၆၀၂ လုံး၊ အနောက်ပိုင်းခရိုင်တွင် ၉၉ လုံး၊ တောင်ပိုင်းခရိုင်တွင် ၁၂၄ လုံးနှင့် မြောက်ပိုင်းခရိုင်တွင် ၃၃၂ လုံးတို့ဖြစ်ကြောင်း၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံအများဆုံးမှာ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပြီး အလုံး ၅၀၀ ကျော်ရှိနေသည်။

No comments:
Post a Comment