Sunday, August 18, 2013

ပိုက်ဆံမတက်နိုင်တဲ့ ကလေးတွေဟာ ပညာမတက်ပဲ ကျန်ခဲ့မှာကို မလိုလားဘူးဟု ကျူလီယာ မွတ်စ်လင်မ် သာသနာ ရန်ပုံငွေအဖွဲ့က တွဲဖက် အတွင်းရေးမှုး ဦးလှဌေးပြော

သင်္ဃန်းကျွန်း၊ ဩဂုတ်(၁၆)ရက်၊ ၂၀၁၃။ သတင်း-ဇောင်းလေး

ဘာသာပေါင်းစုံ ခွဲခြားမှုမရှိစေပဲ ပညာဒါနအဖြစ် ကွန်ပျူတာနှင့် စက်ချုပ်သင်တန်းကို ပဉ္စမ ကြိမ်မြောက် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်း လက်မှတ် (ရာကျော်ခန့်) ကို (ကျူလီယာ မွတ်စ်လင်မ် သာသနာ ရန်ပုံငွေအဖွဲ့-CMRFT ) ကနေ ဦးဆောင်၍ ယနေ့ မနက် (၉) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အဘွားများ သုခရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့သည်။

“ပိုက်ဆံမတက်နိုင်တဲ့ ကလေးတွေဟာ ပညာမတက်ပဲ ကျန်ခဲ့မှာကို မလိုလားဘူး’’ ဟုဦးလှဌေး (ကျူလီယာ မွတ်စ်လင်မ် သာသနာ ရန်ပုံငွေအဖွဲ့- တွဲဘက် အတွင်းရေးမှုး)က မြန်မာမွတ်စ်လင် မီဒီယာသို့ပြောသည်။

ထပ်မံ၍ “ကွန်ပျူတာသင်တန်းဆိုတာ သူတို့လေးတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းမှာ အများကြီး အထောက်အကူ ဖြစ်စေတယ်၊ ကိုယ်တက်ထားတဲ့ ပညာကိုလည်း ပြန် ဖြန့်ဝေပေးရတဲ့ အတွက်ရော၊ အဝေးကြီးက လာရပေမယ့် ကလေးတွေက သင်ပေးရကျိုး နပ်တဲ့အတွက်ကြောင့် အရမ်းကို ပီတိဖြစ်ရပါတယ်’’ ဟုဒေါ်ဝင်းတင် (ကွန်ပျူတာဆရာမ)က မြန်မာမွတ်စ်လင်မီဒီယာသို့ပြောသည်။

ယင်းသင်တန်းကို ကျူလီယာ မွတ်စ်လင်မ် သာသနာရန်ပုံငွေ အဖွဲ့က ၁၉၇၄ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ဖွင့်လှစ် သင်ကြားပေးခဲ့သည်။

“ဒီသင်တန်းက ပညာဒါနပုံစံမျိုးနဲ့ မသင်ပဲ ပိုက်ဆံပေးပြီး တက်ရတဲ့ သင်တန်းတွေလိုပဲ စိတ်ရင်းစေတနာ ကောင်းနဲ့ သင်ပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ် (အင်ရှာအလ္လာဟ်) ဒီထက် သင်တန်းတွေလည်း ဖွင့်နိုင်ပါစေလို့ ဒုအာလုပ်ပါတယ်’’ ဟု လှည်းကူးမြို့နယ်မှ တက်ရောက်သည့် သင်တန်းသား ကိုရှိုင်းမောင်မောင် က မြန်မာမွတ်စ်လင် မီဒီယာသို့ ပြောသည်။

အဆိုပါ သင်တန်းကို မြို့နယ်အလိုက် တက်ရောက်ခဲ့ပြီး၊ အဝေးဆုံးကနေ တက်ရောက်ခဲ့ သည့် ရေနံချောင်းက ဦးဇင်းအချို့လည်း မြောက်ဒဂုံ ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တတည်းခို၍ ပညာသင်ကြားခဲ့သည်။

“ဥာဏ်ရည်မှီတဲ့ သင်တန်းသူ သင်တန်းသားများ ရှိသလို၊ ဥာဏ်ရည်မမှီတဲ့ သင်တန်းသူ သင်တန်းသားများလည်း ရှိတယ်၊ ဆရာမကတော့ အားလုံးကို နားလည်မှု အပြည့်အဝ ပေးပြီးတော့ တက်အောင်တော့ သင်ပေးရတာပေါ့၊ ဒီကလေးတွေကို ဒီထက်နည်းနည်းလေး ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးလိုက်မယ်ဆိုရင် ဒီဇိုင်နာ ဖြစ်နိုင်တဲ့ အရည်အချင်း ရှိလာပါလိမ့်မယ်’’ ဟုဒေါ်နီလာဝင်း (စက်ချုပ်ဆရာမ) က မြန်မာမွတ်စ်လင်မ် မီဒီယာသို့ ပြောသည်။

သင်တန်းသို့ လာရောက် တက်ရောက်သူများ အားလုံးကို (CMRFT) ကနေသင်ထောက်ကူ ပစ္စည်း အပြည့်အစုံပေး၍ လည်းကောင်း၊ စက်ချုပ် သင်တန်းသူ သင်တန်းသားများ အားလုံးကိုလည်း ပိတ်ဖိုးငွေကြေးကအစ မယူပဲ အခမဲ့ပေး၍လည်းကောင်း၊ ယနေ့ သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲတွင်လည်း ကိုယ်တိုင်ချုပ်လုပ်ပြီး ဝတ်ဆင်ခဲ့ကြောင်းကို သင်တန်းတာဝန်ခံက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ ရှင်းပြခဲ့သည်။

“ပဋိုပက္ခတွေ မရောထွေးပဲ လူမျိုးဘာသာ မခွဲခြားဘဲ ဆက်ဆံ၍ အန်တီအနေနဲ့ ကွန်ပျူတာ သင်တန်းရော၊ စက်ချုပ်သင်တန်းကိုပါ ဖွင့်ပေးတဲ့ (CMRFT)ကို အရမ်းပဲ ကျေးဇူးတင်ပါတယ်’’ ဟုသင်တန်းတွင် လုပ်အားပေး ဗုဒ္ဓဘာသာဝင် စက်ချုပ်တာဝန်ခံက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ ပြောသည်။

၎င်းသင်တန်းတွင် ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်ဘာဝင်၊ ဟိန္ဒူဘာသာဝင်များလည်း တက်ရောက်ခဲ့ပြီး “သမီးတို့ ဒီပညာကို လုံးဝမသင်နိုင်ပါဘူး၊ အခုလို သင်တန်းဖွင့်ပေးပြီး ငွေကြေးမတက်နိုင်တဲ့ သူတွေကို ဆက်သင်ပေးပါလို့ သမီး တောင်းဆိုပါတယ်’’ ဟု ဟိန္ဒူဘာသာဝင် ကွန်ပျူတာ သင်တန်းသူမှ လည်းကောင်း၊’’ ... “ မရှိဆင်းရဲသားတွေကို စက်ချုပ်သင်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်၊ သမီးတို့မိန်းကလေးတွေ အတွက် ဒီအလုပ်က ဝမ်းစာအတွက် လိုအပ်တဲ့အတွက် သင်ကြားပေးတဲ့ ဆရာမများအားလုံးနဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင် ပါတယ်’’ ဟု ချင်းခရစ်ယာန် ဘာသာဝင် စက်ချုပ် သင်တန်းသူများက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ ရင်ဖွင့်ခဲ့ သည်။

ထိုနောက် သင်တန်း၏ ရည်ရွယ်ချက်မှာ ဆင်ခြေဖုံးရပ်ကွက်၌ မရှိ ဆင်းရဲသားများအတွက် သင်တန်းကြေး မတက်နိုင်တဲ့ မိသားစု စားဝတ်နေရေးအတွက် အထောက်အကူ ဖြစ်စေမည့်အတွက် “ပညာဒါနဆိုတာ အစအဆုံး တာဝန်ယူပြီး လိုအပ်ချက်မှန်သမျှကို ကူညီပေးနိုင်မှ ပညာဒါနလို့ ခေါ်ပါတယ်’’ဟု သင်တန်းသူ သင်တန်းသားများ အားလုံး၏ တာဝန်ခံက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ ပြောသည်။

လက်ရှိ ကလေးတွေရဲ့ကြိုးစားမှုကြောင့် အထည်ချုပ်ကုမ္မဏီသုံးလေးခုကကမ်းလှမ်းထားကြောင်း၊ အလုပ် အကိုင်မရသေးသူများကို (CMRFT)အလုပ်ရရေးအတွက် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်းကိုအထက်ပါ တာဝန်ခံကပင် ထပ်မံ ရှင်းပြခဲ့သည်။

အဆိုပါ သင်တန်းတွင် (Basic) ကွန်ပျူတာ တက်ရောက်သူဦးရေ (၁၂၀) ခန့်ရှိပြီး Level(1) တွင် စက်တစ်လုံး Section(4) ၊ Level(2) - Section(2) နှင့် Level(3) – Section(2) ဦးရေမှာ (၆၀)ခန့် ရှိ၍ သင်တန်းချိန်ကို မနက် (၉) နာရီမှ စသင်၍ တစ်နေ့(၃)ကြိမ် သင်ကြားပြီး တစ်ပတ်(၃)ရက် (၃)လပြတ် နှင့် စက်ချုပ်သင်တန်း တက်ရောက်သူမှာ ရိုးရိုး Section ဦးရေ(၅၀) နှင့် မော်တာ Section (၂၈) ယောက်ခန့်ရှိ၍ သင်တန်းချိန်ကို မနက်(၉)နာရီတွင် စသင်၍ တစ်ပတ်(၆)ရက် (၃)လပြတ် သင်ကြားပေးခဲ့သည်။ ထပ်မံပြီးတော့လည်း (ကျုလီယာ မွတ်စ်လင်မ် သာသနာရန်ပုံငွေ အဖွဲ့ - CMRFT) က ဩဂုတ်လ (၁၈) ရက်နေ့တွင် သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် အထွေထွေ ဆေးပေးခန်းကိုလည်း ဖွင့်လှစ်ရန်အတွက် ဆောင်ရွက်လျှက်ရှိကြောင်း သင်တန်းသူ သင်တန်းသားများ အားလုံး၏ တာဝန်ခံက ၎င်းသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ၌ ရှင်းပြခဲ့သည်။

No comments:

Post a Comment