Friday, June 14, 2013

မင်္ဂလာဈေး ကားမှတ်တိုင်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူဖမ်းမိ

ရန်ကုန်၊ ဇွန် ၁၃

ဆေးနှင့်ဆေးပစ္စည်း လက်ကား အရောင်းဆိုင်ကြီးများ တည်ရှိရာ မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး ကားမှတ်တိုင်တွင် ဇွန်လ ၁၂ ရက် နံနက် ၆ နာရီ ခန့်က အမျိုးသမီးငယ်တစ်ဦး ထံမှ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိသော စိတ်ကြွဆေးပြား များနှင့် ဘိန်းဖြူတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိ ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်း မြို့နယ်တွင် နေထိုင်သူအသက် ၂၃ နှစ် အရွယ် ဒေါ်အုတ်ကွန်းသည် ကားမှတ်တိုင်တွင် စောင့်ဆိုင်းနေစဉ် သတင်းရရှိချက်အရ ရှာဖွေခဲ့ရာ ၄င်း၏ ဝမ်းဗိုက်တွင် စည်းနှောင်ထားသည့် အဝါရောင်ကပ်ခွာ အိတ်အတွင်းမှ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း လိုက်လံ စစ်ဆေးခဲ့သည့် ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
"အမျိုးသမီးတွေ ကလေးမွေးပြီးရင် ဗိုက်မှာပတ်တဲ့ဟာ လိုမျိုး အထဲမှာထည့် ထားတာ အပြင်ပန်းက ကြည့်ရင် ပါတယ်လို့တောင် မထင်ရဘူး" ဟု ၄င်းက ထပ်မံ ပြောကြားသည်။

အဆိုပါ ခါးစည်းကပ်ခွာအိတ် အတွင်း WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၉၉၈၀ ပြား၊ WY စာတန်းပါ အစိမ်းရောင် စိတ်ကြွဆေးပြား ၈၅ ပြား နှင့် ၉၉၉ စာတန်းပါ ဘိန်းဖြူဟု ယူဆရ သည့် ၃၈၀ ဂရမ် အထုပ်တစ်ထုပ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ ဒေါ်အုတ်ကွန်းကို ( ပ ) ၁၆/၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သည့် ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၅/၁၉ ( က ) ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်း ထံမှ စုံစမ်းသိရှိရသည်

No comments:

Post a Comment