Sunday, June 16, 2013

မောင်တော မြို့တွင် စစ်တပ်နှင့်ရဲ များမှ အဆက်မပြတ် လုယက်လျက်ရှိ

RB News
15.6.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်းတွင် ခြေလျင် တပ်ရင်း (၃၅၅) မှ ဗိုလ်ကြီးထိုက်စိုး၊ ခရမြိုင် ရဲကင်းစခန်းမှ ဦးတင်ထွန်းနှင့် ၎င်းတို့၏ လက်အောက် ငယ်သားများမှ ရိုဟင်ဂျာ များကို ရိုက်နှက်ခြင်း၊ ငွေကြေး ပစ္စည်းများ လုယက်ခြင်းများ အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း သိရှိ ရပါသည်။ ဒေသခံ များ၏ ပြောကြား ချက်အရ ဇွန်လ (၁၁) ရက်နေ့တွင် ရိုဟင်ဂျာ သုံးဦး ထံမှ လုယက် ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ (၁၂) ရက်နေ့ နံနက် ၉း၃၀ နာရီမှ နေ့လည် ၁ နာရီ အတွင်း မောင်တော မြို့နယ် တောင်ပိုင်း ကီလာဒေါင် (ဒုချီရာတန်း) ရှိ ရိုဟင်ဂျာ မိသားစု ၆ စုမှ ရွှေငွေ ရတနာများ၊ ငွေကြေးများ လုယက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

လုယက်ခံ ရသည့် မိသားစု များမှာ -

(၁) ဦးနူရူဟောခ် (ဘ) ဦးအဒူမိုတီ (လုယက်ခံရသည့် ငွေကြေး ကျပ် ၁၀၅၀၀၀/) (အရှေ့ ဒုချီရာတန်းမှ)

(၂) မော်လ၀ီ ဦးဟာရွန် (ဘ) ဦးဖဇလ်အဟမတ် (လုယက်ခံရသည့် ငွေကြေး ကျပ် ၁၅၀၀၀၀/) (အရှေ့ ဒုချီရာတန်းမှ)

(၃) ဦးတိုဖိုက်လ်အဟမတ် (ဘ) ဦးအာဒူဟာရှင်မ် (လုယက်ခံရသည့် ငွေကြေး ကျပ် ၁၀၀၀၀၀/) (အရှေ့ ဒုချီရာတန်းမှ)

(၄) ဦးရှဖိခ် (ဘ) ဦးကာဒီရ် ဟူစိန်း (လုယက်ခံရသည့် ငွေကြေး ကျပ် ၁၂၅၀၀၀/) (အရှေ့ ဒုချီရာတန်းမှ)

(၅) ဒေါ်ဟာဆီနာ (ဘ) ဦးနဇီရ်ဟူစိန်း (လုယက်ခံရသည့် ငွေကြေး ကျပ် ၁၂၀၀၀/) (မိုရွန်၊ ဒုချီရာတန်းမှ)

(၆) မော်လ၀ီ ဦးရဖိခ် (ဘ) ဦးမိုဇုလ် အဟမတ် (လုယက်ခံရသည့် ငွေကြေး၊ ရွှေတန်ဖိုး ကျပ် ၂၅၀၀၀၀) (မိုရွန်၊ ဒုချီရာတန်းမှ)

ဇွန်လ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် နစက ဒုကွပ်ကဲရေးမှူးသည် ဇွန်လ (၉) ရက်နေ့က ရခိုင် အကြမ်းဖက်များ ရိုဟင်ဂျာ များ၏ အိမ်များကို မီးရှို့ရန် ကြိုးစားခဲ့သည့် ကီလာဒေါင်ရှိ နေရာများသို့ စုံစမ်း စစ်ဆေးရန် လာရောက် ခဲ့ရာ ဗိုလ်ကြီးထိုက်စိုးနှင့် အခြား စစ်အရာရှိ တစ်ဦး၊ နစက တပ်ဖွဲ့ဝင် ၉ ဦးနှင့် ခရမြိုင် ရဲကင်းမှ စခန်းမှူးတို့ လုံခြုံရေး တာဝန်ယူ ခဲ့သည်။

နစက ဒုကွပ်ကဲရေးမှူး မရောက်မှီနှင့် ပြန်သွားပြီးနောက် လုံခြုံရေး တာဝန်ယူ ထားသူများမှ ရိုဟင်ဂျာ များ၏ အိမ်များမှ ရသမျှ လုယက် ခဲ့သည်ဟု သိရသည်။ ထိုကဲ့သို့ လုယက် နေမှုကြောင့် ဒေသခံ ရိုဟင်ဂျာ အချို့ ကြောက်ရွှံ့၍ ရွာမှ ထွက်သွား ခဲ့သည်။ လုယက်နေခြင်းကို ခုခံကာကွယ် သူများကို ရိုက်နှက် ခဲ့ပြီး တစ်သက် တစ်ကျွန်း ထောင်ချ မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ များက ပြောသည်။

“ဗိုလ်ကြီး ထိုက်စိုး၊ ရဲကင်း စခန်းမှူး တင်ထွန်းနဲ့ ရဲအရာရှိ အေးထွန်းတို့က အမြဲတစေ ရိုက်တယ်၊ လုတယ်၊ တခါတလေ လုပ်နေတာ မဟုတ်ဘူး။ နေ့စဉ်ရက်ဆက် လုပ်နေတာ။ ကျွန်တော် တို့ရဲ့ အခြေအနေက ပိုပြီး ဆိုးလာတယ်။ ဒုက္ခတွေက နေ့စဉ် တရက်ထက် တရက် ပိုဆိုးလာတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။

No comments:

Post a Comment