Monday,April 29 , 2013
လက်ပံတောင်းတောင်
ဝန်းကျင်ဒေသ၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရုပ်သိမ်းရေး အကြောင်းပြကာ
ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အေးချမ်းသာယာရေးကို ပျက်ပြားအောင်
သွေးထိုး လှုံ့ဆော်သည် ဟူသော စွပ်စွဲချက်ဖြင့် လူရှစ်ဦးကို စစ်ကိုင်းတိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှ အမှုဖွင့် အရေးယူထားကြောင်း ကြေညာချက်ကို ဧပြီ ၂၈
ရက်နေ့တွင် ဖြန့်ချိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကြေညာချက်ကို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးတင်ယု၏
လက်မှတ်ဖြင့် လက်ပံတောင်းတောင် ဒေသများသို့ ဖြန်ဝေခြင်းဖြစ်ကြောင်း သိရသည်။
အမှုဖွင့် အရေးယူထားသော လူရှစ်ဦးအနက် ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်
ကျောင်းသားသမဂ္ဂ အဖွဲ့မှ သောင်းထိုက်ဦးမှာ အမှု ၁၈ မှုဖြင့် အများဆုံး
အမှုဖွင့်ခံထားရခြင်းဖြစ်ပြီး ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ
ကိုအောင်စိုးက ၁၄ မှု၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး
ကွန်ယက်မှ ကိုဟန်ဝင်းအောင်က ၅ မှု၊ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ
ဗထူးက ၉ မှု၊ သားကြီးက ၆ မှု၊ ကိုလတ်က ၈ မှု၊ ကိုသော်ဇင်က ၅ မှု၊ ကိုသူက ၁
မှုတို့ဖြင့် အသီးသီး အမှုဖွင့်ခံထားရကြောင်း သိရသည်။
''အမှုဖွင့် ခံထားရတယ်လို့သာ သိရတယ်။ အမှုဖွင့်ခံရတဲ့သူတွေဟာ
အကြောင်းကြားခြင်းလည်း မခံရသလို ရဲလုပ်ထုံးလုပ်နည်းအရ ခေါ် ယူမေးမြန်းပြီးမှ
အမှုဖွင့်တာလည်း မဟုတ်ဘူး။ တဖက်သတ် စွပ်စွဲခံရတာမို့ စစ်ကိုင်းတိုင်း
ဒေသကြီးရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေက မေးစရာဖြစ်နေတယ်။ အကျိုးဆောင်
ကွန်ယက်တို့၊ အခြားကူညီတဲ့ အဖွဲ့ တွေမပါလည်း ဒေသခံတောင်သူတွေ ကတော့
အမှန်တရားအတွက် ဆက် လက်တိုက်ပွဲဝင်သွားမယ်လို့ကျွန်တော်
ယုံကြည်ပါတယ်'' ဟူ၍ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အမှု ၅ မှုနှင့်အမှု
ဖွင့်ခံရသူ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကွန်ယက်မှ
ကိုဟန်ဝင်းအောင်က ပြောကြားခဲ့သည်။
''ဧပြီ ၂၈ ရက် နေ့လယ် ၂ နာရီ
လောက်မှာ လုံထိန်းတွေပါတဲ့ ကားအစီး ၂၀ လောက် ညောင်ပင်ကြီးကနေ ဦးပိုင်ဘက်ကို
ဆက်လက်သွားတာ တွေ့ရတယ်။ ဆည်တည်းရွာဟောင်း အရှေ့ဘက်က တရုတ်ဆိုက်မှာလည်း
လုံထိန်းတွေချထားသလို ဆည်တည်း ရွာကနေထွက် လမ်းနှစ်ခုဖြစ်တဲ့
ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းမ နံဘေးက တုံရွာမ အရှေ့ဇရပ်နဲ့ မုံရွာ-ပုသိမ်
လမ်းမကြီးပေါ်က မိုးကြိုးပြင်ရွာ ဇရပ်တို့မှာ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးတွေ ၇
ယောက်လောက် ချထားတာကို တွေ့ရတယ်'' ဟု ဧပြီ ၂၈ ရက် နေ့က လက်ပံတောင်းတောင်
အနီးရှိ အခြေအနေများနှင့် ပတ်သက်၍ ဆည်တည်းကျေးရွာဟောင်းမှ ဒေသခံတစ်ဦးက
ပြောပြသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ကြေညာချက်တွင်
အမှုဖွင့်ခံရသူများကို သတင်းပေး တိုင်ကြားရန် ပျက်ကွက်သူများအား ထောင်ဒဏ် ၆ လ
အထိ ချမှတ်ခံရနိုင်ကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇၆ တွင်
ပြဋ္ဌာန်းထားကြောင်း၊ သေဒဏ်ပြစ်မှု ကျူးလွန်သူကို လက်ခံထားပါက ၅ နှစ်ထောင်ဒဏ်၊
တစ်ကျွန်း သို့မဟုတ် ၁၀ နှစ် ပြစ်မှုကျူးလွန်သူကို လက်ခံထားက ထောင်ဒဏ် ၃
နှစ်အထိ၊ တစ်နှစ်နှင့် ဆယ်နှစ်အကြား ထောင်ဒဏ်ထိုက်သင့် သူကို လက်ခံထားပါက
ပြဋ္ဌာန်းကာလ၏ ၄ ပုံ ၁ ပုံကို အပြစ်ပေးနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ
၂၁၂ တွင် ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားသည်။
ဧပြီလ ၂၅ ရက်နေ့က
ယာထွန်ခြင်း၊ ယာတဲဆောက်လုပ်ခြင်းများ ပြုလုပ်ရာမှ ဒေသခံရွာသားတို့နှင့်
လက်ပံတောင်းတောင် တာဝန်ကျ လုံခြုံရေးများအကြား ပဋိပက္ခများပြန်လည်
ဖြစ်ပွားခဲ့သည်။
Eleven Media Group
No comments:
Post a Comment