မဇ္ဈိမ
ကြာသပတေးနေ့၊ ဧပြီလ ၂၅ ရက်
ရခိုင်ပြည်နယ်အတွင်း လူဦးရေစာရင်း ကောက်ခြင်းကို ရက် ၂၀ အတွင်း အပြီးပြတ် လုပ်ဆောင်ကာ ဒုက္ခသည်များကို မိုးမကျမီ နေရင်းဒေသ ကျေးရွာများ၌ ပြန်လည်နေရာချပေး သွားတော့ မည် ဖြစ်ကြောင်း ပြည်နယ်အစိုးရက ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် သတင်း ထုတ်ပြန်လိုက်သည်။
ပြည်နယ်အစိုးရ၏ အဆိုပါ သတင်းထုတ်ပြန်ခြင်းကို ဧပြီ ၂၄ ရက်နေ့မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ စစ်တွေမြို့ရှိ ပြည်နယ် ဥပဒေချုပ်ရုံးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းရှင်းလင်းပွဲသို့ ပြည်နယ် သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။
နှစ်ဘက် ဒုက္ခသည်များ ပြန်လည်နေရာချထားရာတွင် ပျက်စီးမှု နည်းပြီး ပြဿနာထပ်မံ ဖြစ်ပွားရန် ခက်ခဲသည့် အနေအထားရှိက နေရင်းရွာ၏ မူလနေရာ၌ ပြန်လည် နေရာချ ထားပေးမည် ဖြစ်သည်။
အကယ်၍ ပြဿနာ ထပ်ဖြစ်လာဖွယ် ရှိပါက ကာယကံရှင် အဆင်ပြေမည့် နေရာတွင် ပြန်လည်နေရာ ချပေးသွားမည်ဟု သိရသည်။
“ဧပြီလ ၂၆ ရက်ကနေ မေလ ၁၅ ရက်နေ့အထိ ရခိုင်ပြည်နယ် ခရိုင် ၄ ခရိုင် အတွင်းမှာ လူဦးရေ စာရင်း ကောက်ယူသွားမယ်။ စာရင်း ကောက်ယူခြင်းကို တပ်၊ ရဲ အပါအဝင် ဌာနပေါင်းစုံက လူ ၂၀ ပါဝင်တဲ့ အဖွဲ့ပေါင်း ၆၃ ဖွဲ့နဲ့ လုပ်ဆောင်သွားမယ်။ ရရှိလာတဲ့ စာရင်းတွေကို ဇွန်လကုန်မှာ အချောသတ်မယ်။ ဒါက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရဲ့ စီမံချက်အရ ဆောင်ရွက်တာဖြစ်တယ်” ပြည်နယ်အစိုးရ သတင်းပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က ပြောသည်။
ယခုအခါ မွတ်ဆလင် ဒုက္ခသည်များအတွက် မိသားစု ၈ စု နေထိုင်နိုင်သည့် တဲကြီး အလုံးပေါင်း ၄၀၀ ကိုလည်း ထပ်မံဆောက်လုပ်ဆဲဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။
နေအိမ်များ အပြီးဆောက်လုပ်၍ ဒုက္ခသည်များကို နေရင်း ပြန်ပို့တော့မည် ဟုလည်း ဆိုသည်။
“ယာယီတဲတွေမှာ နေထိုင်နေကြသူတွေကို မိုးမကျခင်မှာ အမိုးအကာ အောက်ကို ရောက်ဖို့အတွက် အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိပါတယ်။ စစ်တွေကို ရောက်နေတဲ့ ကျောက်ဖြူ၊ ပေါက်တော၊ ရသေ့တောင် စတဲ့ မြို့နယ်တွေက ဒုက္ခသည်တွေကို မူရင်းဒေသ ပြန်ပို့ပြီး နေထိုင်ရေးနဲ့ လုပ်ကိုင်စားသောက်ရေးတွေကို စီမံပေးသွားမယ်” ဟု ၎င်းက ဆက်ပြောသည်။
၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပဋိပက္ခများကြောင့် ဒုက္ခသည် တသိန်းကျော်မှာ မြို့ကြီးများရှိ ယာယီတဲများတွင် ခိုလှုံနေထိုင်လျက်ရှိကြသည်။
source:http://www.mizzimaburmese.com/news/breaking-newsbrief/11418-2013-04-25-08-51-53.html

No comments:
Post a Comment