လက်ရှိဖြစ်ပေါ်နေတဲ့
အကြမ်းဖက် မီးရှို့ သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး တရားဥပေဒ ရှုထောင့်နှင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကိုင်တွယ် ဆောင်ရွက်နေမှုများအား ဥပေဒေပညာရှင်
တဦးဖြစ်တဲ့ ဦးကိုနီနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
“
ဒီလို အကြမ်းဖက်မူတွေ၊ ဆူပူသောင်းကျန်းမူတွေ ဖြစ်တာ အဓိက ကတော့ တရားဥပဒေ
စိုးမိုးမူ မရှိလို့ တစ်နည်းအားဖြင့် တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ဖို့
တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ ဘက်က အားနည်းလို့ ချို့ယွင်းမူတွေ၊ ပျက်ကွက်မူတွေ
ရှိလို့ ဒီအကြောင်းတွေကြောင့် အခုလို ဆူပူမူတွေ သောင်းကျန်းမူတွေ ဖြစ်တယ်လို့
ကျွန်တော် ကတော့ သုံးသပ်တယ်။ အခြား အကြောင်းတွေ အမျိုးမျိုး ရှိပါလိမ့်မယ်။
တချို့ကပြောမယ် လှုံဆော်လို့ တစ်ဖက်ကလည်း ပြောမယ် သွေးထိုးလို့ မဟုတ်ရင်လည်း
နောက်တစ်မျိုးပြောမယ် တစ်ဖက်နဲ့ တစ်ဖက် အထင်လွဲအောင် လုပ်လို့ ပြောကြ ဆိုကြလို့ ဒီလို
အကြောင်းတွေကြောင့် ဆိုပြီးတော့ အမျိုးမျိုး ပြောနိုင်ပါတယ်။ သွေးထိုး လို့
ပြောတာပဲ ဖြစ်ဖြစ်၊ မမှန်မကန် လုပ်ဆောင်မူတွေ ကောလဟာလတွေကို အကြောင်းခံလို့
ဖြစ်တယ်ပဲ ဆိုဆို ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ပြဿနာ တစ်ခု ဖြစ်တယ်
ပေါ်ပေါက်တယ်ဆိုရင် ဒီပြဿနာ မပေါ်ပေါက်အောင် တာဆီး ကာကွယ်ဖို့ တာဝန်က နိုင်ငံတော်ရဲ့
အုပ်ချုပ်ရေးကို တာဝန်ယူရတဲ့
ပုဂ္ဂိုလ်တွေမှာ အဓိက တာဝန်ရှိပါတယ်။
နိုင်ငံတော်ကို
အုပ်ချုပ်တဲ့ အပိုင်းက နိုင်ငံတော် တည်ငြိမ်အေးချမ်းဖို့ တာဝန်ရှိတယ်ဆိုတော့
ဒီတာဝန်ကို မိမိရရ ဆောင်ရွက်နိုင်ရင် အခုလို မလိုလား အပ်တဲ့ ဆူပူသောင်းကျန်းမူတွေကြောင့်
အသက်ဆုံးရူံးရတာတွေ၊ နေအိမ် အဆောက်အအုံတွေ ပျက်ဆီးကြတာတွေ၊ အထူးသဖြင့်
ဘာသာရေးနှင့် ပတ်သပ်တဲ့ ၀တ်ပြုကိုးကွယ်ရာ ဘုရား၊ ကျောင်းကန်၊ ဗလီ အစရှိသည့်
ပျက်ဆီးရတာတွေ ဒါတွေဖြစ်လာဖို့ အကြောင်း မရှိဘူး။အခုလို တိုင်းပြည်မှာ မငြိမ်မသက်
ဖြစ်ရင် ဆူပူသောင်းကျန်းမူတွေ ဖြစ်ရင် တိုင်းပြည်ရဲ့ ပုံရိပ်က မကောင်းဘူး။
မြန်မာနိုင်ငံသားတွေဟာ အရိုင်းအစိုင်းတွေ လို့ပြောကုန်ပြီ။
မြန်မာနိုင်ငံသားတွေ ဗမာလူမျိုးတွေဟာ အင်မတန်မှ ဖော်ရွေတဲ့ သဘောကောင်းတဲ့
သူတွေလို့ နိုင်ငံတကာက အသိအမှတ် ပြုထားတာပါ။ အခုတော့ ပြီးခဲ့တဲ့ ပွဲတွေမှာ သံသယ
ဖြစ်စရာ အများကြီး ဖြစ်လာတယ်၊ ဒါတွေ ဟုတ်မှ ဟုတ်ပါ့မလား၊ တကယ်ပဲ သဘောကောင်းတယ်
ဆိုတာ ဟုတ်ရဲ့လား ဆိုပြီးတော့ ဆူပူသောင်းကျန်းလိုသူတစ်စု တကယ့်ကို လူနည်းစုလေးပါ၊
ဒီအကြမ်းဖက်သမား တစ်စုကြောင့် တကယ့် တစ်နိုင်ငံလုံးရဲ့ ပုံရိပ်က တော်တော်လေးကို
ထိခိုက်ပျက်ဆီးသွားတယ်။ နိုင်ငံတကာ အလယ်မှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်
သိပ်အောက်ကျသွားတယ်၊ အရိုင်းအစိုင်းတွေလို့ သတ်မှတ်လိုက်တယ် ဆိုကတည်းက ဒီထက် နာတာ
ဘာမှမရှိတော့ဘူး။ ဒီထက် ဆိုးတာ ဘာမှ မရှိတော့ဘူး၊ အခြား လူမူရေး၊ စီးပွားရေးတောင်
ပြောစရာ မလိုတော့ပါဘူး၊ အခုလို သူများ အကျိုး ဖျက်ဆီးတယ်၊ သောင်းကျန်းတယ် ဆိုရင်
နိုင်ငံခြားက လာပြီး ရင်းနှီးမြှပ်နှံမယ့် သူတွေလည်း လက်တွန့်သွားမှာပေါ့၊
အများကြီး စဉ်းစား ကုန်မှာပေါ့။ ဒါကတော့ စီးပွားရေး အရ ဆုံးရူံးတာ။
ကျွန်တော်အနေနဲ့ စီးပွားရေးနှင့် ပတ်သက်ပြီးတော့ သိပ်မပြောချင်ပါဘူး။ နိုင်ငံရဲ့
ပုံရိပ်ကျ သွားတာကိုပဲ ကျွန်တော် တော်တော်လေး စိတ်မကောင်းတာပါ။
အဲဒီတော့
စစခြင်း ခုနက မေးတဲ့ မေးခွန်းပေါ့ ဘယ်လိုလုပ်မှာလဲ ဒါတွေကို တရားဥပဒေ
စိုးမိုးမူ ရှိအောင် တနည်းအားဖြင့် ဒီလိုမျိုး မငြိမ်မသက်မူတွေ၊ ဆူပူ
သောင်းကျန်းမူတွေ အများပြည်သူ အကျိုး ပျက်ဆီးစေတဲ့ ပြုလုပ်မူတွေ နောက်နောင်
မဖြစ်ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ မေးခွန်းက အခုချိန်မှာတော့ ဒါက
ပိုအရေးကြီးသွားပြီ၊ အဲဒီတော့ မဖြစ်ခင်မှာတော့ မဖြစ်အောင် ကာကွယ်ဖို့ ဒါပထမပေါ့။
ဖြစ်ပြီး သွားပြီ ဆိုရင်တော့ နောင်မဖြစ်အောင် ဘယ်လို ဆက်ပြီးတော့ ဆောင်ရွက်ရမလဲ
ဆိုတဲ့ အပိုင်း နှစ်ပိုင်းပေါ့၊ ဆွေးနွေး စရာရှိတဲ့ အပိုင်းက ဒီနှစ်ပိုင်းပဲ
ရှိပါတယ်။
ပထမပိုင်း
မဖြစ်အောင် လုပ်ဖို့ ဆိုတဲ့ ကိစ္စမှာ အုပ်ချုပ်ရေး အာဏာပိုင်တွေက မဖြစ်စေချင်ရင်
မဖြစ်အောင် လုပ်လို့ရတာပဲ။ ဆရာ VOA နဲ့ အင်တာဗျူးလုပ်တော့လည်း
ဒီကိစ္စဆွေးနွေးခဲ့တယ်။ ဒီလို ဆူပူ သောင်းကျန်းမူတွေ တရားဥပဒေ စိုးမိုးရေး၊
တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတဲ့ ပြုလုပ်မူတွေ မဖြစ်စေချင်ရင်
ဆူပူသောင်းကျန်းနေတဲ့ သူတွေကို ထိထိရောက်ရောက် တာဆီး ကာကွယ်ဖို့ ဟန့်တားဖို့
လိုပါတယ်။ အဲဒီ အလုပ်ကို လုပ်ရမှာက ပြည်ထဲရေး ၀န်ကြီးဌါနက လုပ်ရတာ။ အစိုးရ အဖွဲ့
တစ်ဖွဲ့လုံးမှာ တာဝန်ရှိတာတော့ မဟုတ်ပါဘူး၊ အဓိက ကတော့ ပြည်ထဲရေး
ကတာဝန်အရှိဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော် တည်ငြိမ် အေးချမ်း သာယာရေး
နှင့် နိုင်ငံသားတွေ အာလုံး အေးအေးချမ်းချမ်း နဲ့ တိုင်းပြည်မှာ ကြောင့်ကျမူ
ကင်းမဲ့စွာ နေထိုင်နိုင်ရေး အတွက် မိမိတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်
လုံလုံခြုံခြုံ နေထိုင်နိုင်ရေး အတွက် တာဝန်အရှိဆုံး အဖွဲ့က ပြည်ထဲရေး ၀န်ကြီး
ဌါနပါ။ ဒီအလုပ်ကို လုပ်ဖို့အတွက် ၀န်ထမ်းတွေ အများကြီး ခန့်ထားတယ်၊ အုပ်ချုပ်ရေး
ဆိုင်ရာ ၀န်ထမ်းတွေ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌါန ဆိုပြီး အဖွဲ့ကြီး တစ်ဖွဲ့
ဖွဲ့ထားတယ် ပြည်ထဲရေး ၀န်ကြီး အောက်မှာ၊ ဒါက တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ဖို့
အတွက်ပါ။ အဲဒီလို တည်ငြိမ် အေးချမ်းရေးကို ဆောင်ရွက်နိုင်ဖို့ အင်အားသုံးဖို့
ဆိုပြီး နောက်ထပ် ဒုတိယ အင်မတန် အရေးကြီးတဲ့ အဖွဲ့ ဖွဲ့ထားတယ်၊
အဲဒါက
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံ အေးချမ်း
သာယာအောင် တည်ငြိမ်အောင် ထိန်းသိမ်းဖို့ အတွက် လက်နက် အင်အားလည်း တပ်ဆင်ပေးထားတယ်။
ဆိုလိုတာက အများပြည်သူ အေးချမ်းသာယာရေး၊ ငြိမ်းချမ်းသာယာရေး အတွက် လိုအပ်လျှင်
လက်နက် အင်အားကို သုံးစွဲပြီး တည်ငြိမ်အေးချမ်းရေးကို လုပ်နိုင်ဖို့ ဆိုပြီး လက်နက်
တပ်ဆင်ပေးထားတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အဓိက လက်နက်ကိုင် အဖွဲ့အစည်းကြီး
နှစ်ရပ် ရှိတယ်။ တစ်ရပ်က တပ်မတော် အဓိက တော့ ဒါက ပြည်ပ ရန်နှင့် အချုပ်အခြာ
အာဏာကို ကာကွယ်ဖို့၊ နောက်ဒုတိယ အင်အား အကြီးဆုံး အဖွဲ့ကတော့ ရဲတပ်ဖွဲ့ ဒါကတော့
ပြည်တွင်း တည်ငြိမ် အေးချမ်းရေးကို ဆောင်ရွက်ဖို့၊ အဲဒီတော့ နိုင်ငံအတွင်းမှာ
ဆူပူသောင်းကျန်းသူတွေက လူတွေ သတ်တာ၊တရားမဲ့ လူတွေကို သတ်တာ၊ ဘာမှ
အပြစ်မရှိတဲ့ သူတွေကို သတ်တာ၊ မသေသေးဘူး မီးရှို့ သတ်တာ၊ အိမ်တွေ ဖျက်ဆီးတယ်၊
မီးရှို့တယ်၊ ပစ္စည်းတွေ လုယက်ပြီး ယူသွားတယ်၊ ဒီလို လုပ်ရပ်တွေဟာ အင်မတန်မှ
ကြီးလေးတဲ့ ရာဇ၀တ်ပြစ်မူတွေကို ကျူးလွန်ရာ ရောက်တယ်၊ လူသတ်မူ ကျူးလွန်တယ် ဆိုရင်
ဒီအမှုက အမှုကြီးတယ်၊ သေဒဏ်အထိ အပြစ် ပေးလို့ရတယ်။ အလားတူ မီးရို့ ဖျက်ဆီးတဲ့
သူတွေကိုလည်း ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ အပြစ် ပေးလို့ရတယ်။ ဒီလောက် ကြီးလေးတဲ့
ပြစ်မူကြီးတွေကို ကျူးလွန်လာပြီ ဆိုရင် လုပ်စရာ နည်းလမ်းရှိတယ်။ ခုနက
မြန်မာနိုင်ငံ လက်နက်ကိုင် ရဲတပ်ဖွဲ့က အဲဒီလက်နက် အင်အားကို သုံးပြီးတော့
လူသတ်နေတဲ့ သူတွေကို လူမသတ်နိုင်အောင် အများ အသက်ကို ကာကွယ်တဲ့ အနေနဲ့ အဲဒီ့
လူသတ်သမားတွေကို ပစ်ခတ်နှိမ်နင်း အရေးယူရမယ်။
အလားတူ
မြို့ပျက် သွားလောက်အောင် မီးရှို့တယ်၊ အကြမ်းဖက်သူတွေ ရာဇ၀တ်မူ
ကျူးလွန်သူတွေကိုလည်းပဲ ပစ်ခတ် နှိမ်နင်းရမယ်။ နောက်ဆုံး သေသွားရင် သေသွားပါစေ၊
အဲဒီလို ရာဇ၀တ် ကျူးလွန်သူတွေ သေမှာကို ထောက်ထား စရာ မလိုဘူး၊ ပစ်ခတ်နှိမ်နင်းဖို့
တာဝန်ရှိတယ်၊ ဘာကြောင့်လည်း ဆိုရင် ပြစ်မူဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၀ မှာ
လူ့ရဲ့အသက်ကို သေအောင် လုပ်နေတဲ့ သူတွေကို ကာကွယ်ခုခံတဲ့ အနေနဲ့
အသေသတ်ပစ်လို့ရပါတယ်၊ အလားတူ ပြစ်မူဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၃ မှာ မီးဖြင့်
ဖျက်ဆီးပြီး ရာဇ၀တ်ကျူးလွန်သူတွေကိုလည်း ကာကွယ်ခုခံတဲ့ အနေနဲ့ အသေပစ်သတ်လို့
ရပါတယ်။ ဒီဥပဒေတွေက အကြောင်းမဲ့ရေးထားတာ မဟုတ်ပါဘူး။ အခုလို သူတစ်ပါးရဲ့
အသက်အိုးအိမ် စည်းစိမ်တွေ ပျက်ဆီးရာ ပျက်ဆီးကြောင်း လုပ်လာလျှင် ဒီလူတွေကို
ကာကွယ်နိုင်ဖို့နဲ့ ကာကွယ်တဲ့ သူတွေကို အရေး မယူနိုင်အောင် ဥပဒေက ပြဌါန်းထားပါတယ်၊
ဒါကြောင့် မဖြစ်စေချင်ရင် ခုနက အင်အားကို သုံးဖို့လိုတယ်။ ကျွန်တော်တို့မှာ သာဓက
တွေရှိပါတယ်။
၂၀၀၇ခုနှစ်တုန်းက သံဃာတော်တွေ စီးတန်းလှည့်လည် ပြီးတော့
ဆန္ဒပြတဲ့ အနေနဲ့မေတ္တာပို့တယ်။ ကျွန်တော်ကိုယ်တိုင် မျက်မြင်ပဲ တတိုင်းပြည်လုံးကို
မေတ္တာပို့တယ်။ တိုင်းပြည်ကြီး အေးချမ်းသာယာစေချင်လို့ မေတ္တာပို့တာ လူမသတ်ဘူး၊
မီးရှို့တာ ဘေးချိတ် ဘာတစ်ခုမှ သူတစ်ပါး အကျိုး ပျက်ဆီးရာ ပျက်ဆီးကြောင်း
မလုပ်ဘူး။ အဲဒီ လို စီတန်း လှည့်လည်ပြီး မေတ္တာပို့တဲ့ သံဃာတော်တွေကို
မလုပ်စေချင်တဲ့ အခါကြတော့ အင်အားသုံးပြီး ဖြိုခွင်းပစ်လိုက်တာ ရက်ပိုင်း
အတွင်းပြီးသွားတယ်။ အခု ဖြစ်ရပ်က လူတွေ သတ်နေတာ အိမ်တွေ မီးရှို့နေတာ ဒီအတွက် ဘာမှ
ခိုင်မာတဲ့ အကြောင်းပြချက်မရှိဘူး၊ ခွင့်လွှတ်နိုင်တဲ့ အကြောင်းပြချက်လည်း မရှိဘူး၊
ဥပဒေအရ လက်ခံနိုင်တဲ့ အကြောင်းပြချက်လည်း မရှိဘူး။ အဲဒါတွေ အားလုံးဟာ တာဝန်ရှိ
ရဲတပ်ဖွဲ့တွေ ရှေ့မှာဖြစ်နေတာ။ အွန်လိုင်းမှာ တက်လာတဲ့ ဗွီဒီယိုတွေ။ ဓာတ်ပုံတွေကနေ
မြင်နေရ တယ်။ ပြည်သူ့လူထု အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးဖို့ တာဝန်အရှိဆုံး
ဖြစ်တဲ့ လက်နက်ကိုင် ရဲတပ်ဖွဲ့တွေရဲ့ အရှေ့မှာပဲ ပြည်သူလူထုကို ရက်ရက်စက်စက်
သတ်နေတယ်။ အိမ်တွေ၊ ဗလီဝတ်ကျောင်းတော်တွေ၊ ဆိုင်တွေကို မီးရှို့ ဖျက်ဆီးနေတယ်။
သူတို့ မတာဆီးပေးခဲ့ဘူး၊ ဒါကြောင့်မို့ ဒီဖြစ်ရပ်ကြီးတွေ ဒီလောက်ကြီးကြီး ကျယ်ကျယ်
ဖြစ်တာဟာ မဖြစ်အောင် ကာကွယ်တာဆီးပေးဖို့ တရားဝင် တာဝန်အပ်နှင်းခံရတဲ့ တာဝန်ရှိတဲ့
အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်က ပျက်ကွက်လို့ ဒီလောက်ဆိုးဆိုး ၀ါးဝါး ပျက်ဆီး
ဆုံးရှုံးမူတွေနဲ့ ကြုံရတယ်။ အသက်တွေ ဆုံးရှုံးရတာတွေနဲ့ ကြုံရတယ်။ ဒါကို
ကျွန်တော် အပိုင်းတစ်ပိုင်း အနေနဲ့ ပြောချင်ပါတယ် ” ဟု M-Media သို့ပြောသည်။
ဆက်လက်၍ အပိုင်း၂ ကို ထက်မံ ဖော်ပြသွားပါမည်။
ဆက်လက်၍ အပိုင်း၂ ကို ထက်မံ ဖော်ပြသွားပါမည်။
No comments:
Post a Comment