Sunday, April 14, 2013

“အစ္စလာမ်အယူဝါဒ” အပိုင်း(၂)

“တစ်မိတစ်ဖတည်း”

အစ္စလာမ်အယူဝါဒအရ ကမ္ဘာသူကမ္ဘာသားအားလုံးတို့သည် တစ်မိတစ်ဖတည်းမှ ဆင်းသက်ပေါက်ဖွား လာကြသော ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်ကြပေသည်။
“အို-လူသားအပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အား တစ်မိတစ်ဖတည်းမှ စတင်ဖန်ဆင်းတော် မူခဲ့သည်။ အသင်တို့ အချင်းချင်းသိကျွမ်း၍ မေတ္တာသက်ရန်အလို့ငှာ ငါအရှင်မြတ်သည် အသင်တို့အား လူမျိုးအဖုံဖုံ၊ မျိုးနွယ်အစား⁠စား ပြုလုပ်ထားတော်မူသည်။ ငါအရှင်မြတ်ထံတော်၌ အမွန်မြတ်ဆုံးသောသူမှာ စင်ကြယ်သန့်ရှင်းအပြစ်ကင်းသူသာဖြစ်ပေသည်။” (ကုရ်အာန် ၄၉း၁၃)
“မိသားစု”
အစ္စလာမ်အယူဝါဒအရ ဝေနေယျသတ္တဝါအားလုံးတို့သည် မိသားစုကြီးဖြစ်ပေသည်။
“အဖန်ဆင်းခံ ဝေနေယျသတ္တဝါအားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်သူအိမ်တော်သား များ ဖြစ်ကြပေသည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌ အိမ်တော်သူအိမ်တော်သားများအနက် အများဆုံး ချစ်ကြည်မြတ်နိုးအပ်သူမှာ အိမ်တော်သူအိမ်တော်သားများအား အများဆုံးအကျိုးပြုသူသာဖြစ်ပေသည်။” (တမန်တော်မြတ်သြဝါဒတော်)
“လူတန်းစားမခွဲ”
အစ္စလာမ်အယူဝါဒတွင် လူတန်းစားခွဲခြားမှု အလျှင်းမရှိ။ အဖြူသည်အနက်ထက်မသာ။ ကိုယ်ကျင့် တရား ကောင်းမြတ်ခြင်းအားဖြင့်သာ တစ်ဦးထက်တစ်ဦးသာနိုင်သည်။
“အို-လူသားအပေါင်းတို့၊ အသင်တို့၏ အရှင်သခင်သည် တစ်ပါးတည်း။ အရဗ်လူမျိုးသည် အခြားလူမျိုးထက်မသာ။ အခြားလူမျိုးသည် အရဗ်လူမျိုးထက်မသာ။ အနီသည် အနက်ထက်မသာ။ အနက်သည် အနီထက်မသာ။ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ ရိုသေခန့်ညား၍ စင်ကြယ်သန့်ရှင်း အပြစ်ကင်းခြင်းအားဖြင့်သာလျှင် တစ်ဦးထက်တစ်ဦးသာနိုင်သည်။” (တမန်တော်မြတ်သြဝါဒတော်)
“မည်သူ့ကိုမျှ ဒုက္ခမပေးရ”
အစ္စလာမ်အယူဝါဒအရ ကမ္ဘာ့အိမ်ထောင်စုကြီးတစ်ခုလုံးသည် မိသားစုကြီးဖြစ်ရာ မွတ်စ်လင်မ်တစ်ဦးအဖို့ ကမ္ဘာ့အိမ်ထောင်စုအတွင်း၌ သူစိမ်းဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိပေ။ အားလုံးတို့သည် မိသားစု များဖြစ်ကြပေရာ အချင်းချင်း အကျိုးပြုရမည်သာဖြစ်၍ ဒုက္ခမပေးရာ။
“မွတ်စ်လင်မ်တို့သည် မိမိ၏နှုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း မည်သူ့ကိုမျှ ဒုက္ခမပေးရ။”
“ကြီးသူကို မလေးစား၊ ငယ်သူကို မသနားသူသည် ငါ၏နောက်လိုက်မဟုတ်။”
“မိမိအဖို့ နှစ်ခြိုက်သောအရာကို သူတစ်ပါးအဖို့ မနှစ်ခြိုက်သောသူသည် မွတ်စ်လင်မ်မဟုတ်။”
“အိမ်နီးချင်းကို ဒုက္ခပေးသူသည် မွတ်စ်လင်မ်မဟုတ်။”
“အသင်တို့သည် ကမ္ဘာမြေ၌ ရှိသူတို့အား သနားကြင်နာကြကုန်။ ကောင်းကင်ထက်ရှိတော်မူသော အရှင်သည် အသင်တို့အား သနားတော်မူအံ့။” (တမန်တော်မြတ်၏သြဝါဒတော်)
“စလာမ်”မေတ္တာ
အစ္စလာမ်ဝါဒီ မွတ်စ်လင်မ်များသည် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြသည့်အခါ
“အတ်စလာမုအလိုင်းကွန်းမ်”(အသင်တို့အပေါ်၌ ငြိမ်းချမ်းသာယာမှုအစုစု သက်ရောက်ပါစေ) ဟု မေတ္တာ ပို့သကြသည်။
မေတ္တာပို့သခံရသူများကလည်း
“ဝအ်လိုင်းကုမွတ်စ္စလာမ် ဝရဟ်မသုလ္လာဟိ ဝဗရကားသုဟု”(အသင်၏အပေါ်၌လည်း ငြိမ်းချမ်းသာယာမှု အစုစု သက်ရောက်ပါစေ။ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် မင်္ဂလာတော်များလည်း သက်ရောက် ပါစေ) ဟု တုံ့ပြန်ကြပေသည်။ ဤသို့ဖြင့် မွတ်စ်လင်မ်တို့စုဝေးရာဌာနများတွင် မေတ္တာသံများသည် ပဲ့တင်ထပ်မျှ ဖြစ်ရှိနေပေသည်။
“ကျွန်ုပ်သည် မိမိ၏အရှင်အား တိုင်တည်ပြောအံ့။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မယုံကြည်သမျှ ကာလပတ်လုံး ဂျန္နသ်အမတသုခဘုံသို့ ဝင်ကြရမည်မဟုတ်။ အသင်တို့သည် အချင်းချင်း မချစ်ခင်သမျှ ကာလပတ်လုံး အလ္လာဟ်အရှင်မြတ်အား ယုံကြည်နိုင်ကြမည်မဟုတ်။ ကျွန်ုပ်သည် အသင်တို့အချင်းချင်း ချစ်ခင်ရန်လမ်းစဉ်ညွှန်ပြမည်။ ထိုလမ်းစဉ်ကား အခြားမဟုတ်။ အသင်တို့ အချင်းချင်း ဖြူစင်ပွင့်လင်းစွာ စလာမ်မေတ္တာပို့သကြကုန်။” (တမန်တော်မြတ်၏သြဝါဒတော်)
“စားဝတ်နေရေး”
အစ္စလာမ်သည် နှစ်ဘဝ၏ ငြိမ်းချမ်းသာယာမှုကို ညွှန်ပြလေသည်။ လူ့လောကတွင် စားဝတ်နေရေးသည် လျစ်လျူပြုထား၍ ဖြစ်နိုင်သောကိစ္စမျိုးကား အလျှင်းမဟုတ်။ စားဝတ်နေရေး အဆင်မပြေ က လောကုတ္တရာဝတ္တရားရေးရာများကို မဆိုထားနှင့်။ လောကီရေးရာများကိုပင် ဆောင်ရွက်နိုင် မည်မဟုတ်ပေ။ အူမတောင့်မှသီလစောင့်နိုင်သည်ဟူသော ဆိုရိုးစကားသည် မှန်ကန်လှပေသည်။ ထို့အတွက် ကုရ်အာန်ကျမ်းမြတ်(၆၂း၂ဝ)တွင်
“အသင်တို့သည် ဆွလာသ်ဆောက်တည်ပြီးသောအခါ ကမ္ဘာသို့လှည့်၍ အလ္လာဟ်အရှင်မြတ်၏ ရိက္ခာတော်ကို ရှာဖွေကြကုန်လော့”ဟု အတိအလင်း မိန့်ကြားထားတော်မူသည်။
တရားသဖြင့် ဥစ္စာပစ္စည်းရှာဖွေရမည့်အကြောင်းနှင့် စပ်လျဉ်း၍ တမန်တော်မြတ်ကလည်း “ဆင်းရဲနွမ်းပါးမှုသည် သာသနာကို ပျက်စေတတ်သည်။” တရားသဖြင့် စီးပွားရှာခြင်းသည် မလုပ်မနေရ တာဝန်များနောက် မလွှဲမရှောင်သာသော တာဝန်တစ်ရပ်ပင်ဖြစ်သည်။ “အသင်တို့သည် မိမိတို့၏ အိမ်တော်သူအိမ်တော်သားများအား ဝ⁠ဝလင်လင် ရှာဖွေကျွေးမွေးကြကုန်။ ဤသည် အလ္လာဟ်အရှင်မြတ် လမ်းတော်၌ “ဂျီဟာဒ်”သက်စွန့်ကြိုးပမ်းရာမည်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။
လယ်ယာကိုင်းကျွန်းနှင့် စက်မှုလက်မှုလုပ်ငန်းများသည် စားဝတ်နေရေးအတွက် အလွန်အရေးပါသော လုပ်ငန်းများဖြစ်ကြောင်းနှင့်စပ်လျဉ်း၍လည်း တမန်တော်မြတ်က “အသင်တို့သည် လယ်ယာကိုင်းကျွန်း လုပ်ကိုင်ကြ။ လယ်ယာကိုင်းကျွန်းလုပ်ငန်းသည် အလွန်မင်္ဂလာရှိသည်။ တိုးပွားသည်”ဟူ၍လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းနှင့်စပ်ဆိုင်သော အတတ်ပညာသည်များကို အလ္လာဟ်အရှင်မြတ်သည် အထူးနှစ်သက်မြတ်နိုးတော်မူသည်”ဟူ၍လည်းကောင်း မိန့်ကြားတော်မူခဲ့သည်။
စားဝတ်နေရေးတွင် ဆူးကြုံနိမ့်မြင့် အလွန်အကျွံကွာခြားနေပါက တိုင်းပြည်တွင် စီးပွားရေး အကျပ်အတည်း ဖြစ်ပေါ်နိုင်ပေသည်။ လူမျိုးတစ်မျိုးလုံး ဒုက္ခရောက်နိုင်သည်။ ထို့အတွက်ကြောင့် အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ် (၅၉း၇)တွင် “ဥစ္စာပစ္စည်းသည် အသင်တို့အနက် ကုံလုံကြွယ်ဝသူတစ်စု၏ လက်တွင်း၌သာ စုပုံမနေရာ”ဟု အတိအလင်း မိန့်ကြားတော်မူခြင်းဖြစ်သည်။
ထို့ပြင်တဝ ကုရ်အာန်ကျမ်းမြတ်တွင် ဇကာသ်ပေးရမည့်အကြောင်း၊ အတိုးအညွန့် မစားသုံးရမည့် အကြောင်း၊ အတိုးအညွန့် စားသုံးသူများကို တိုက်ရမည့်အကြောင်း၊ အလောင်းအစား မပြုလုပ်ရမည့် ယတ်နေအေကြောင်း၊ အပျော်အပါး မလိုက်စားရမည့်အကြောင်း၊ ခိုးဝှက်တိုက်ခိုက်လုယက်ခြင်း မပြုလုပ်ရမည့်အကြောင်း၊ မဖြုန်းတီးရမည့်အကြောင်း၊ စားဝတ်နေရေးတွင် အလယ်အလတ်လမ်းစဉ်ကို လိုက်နာရမည့်အကြောင်း၊ ခြိုးခြံစွာ နေထိုင်ရမည့် အကြောင်းများကို အထပ်ထပ်အခါခါ မိန့်ကြားတော်မူသည်။
“မွတ်စ်လင်မ့်ဂုဏ်ရည်”
အစ္စလာမ်အယူဝါဒကို လက်ခံနာယူ ကျင့်မူသူတစ်ဦးသည်
(၁) ယုံကြည်ချက် မှန်ကန်ရမည်။
(၂) ပတ်ဝန်းကျင်နှင့် ဆက်ဆံမှု ပြေပြစ်ရမည်။
(၃) သူတစ်ပါးအကျိုးဆောင်ရမည်။
(၄) ဇွဲသတ္တိရှိရမည်။
ဤအကြောင်းနှင့် စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ်တွင် အောက်ပါအတိုင်း မိန့်ဆိုထားတော်မူသည်။
“အရှေ့ဘက်၊ အနောက်ဘက်သို့ မျက်နှာမူခြင်းသည် ကောင်းမြတ်သည်မဟုတ်။ ကောင်းမြတ်သော သူမွန်သူမြတ်တို့ကား အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်းကောင်း၊ ကျမ်းဂန်များကိုလည်းကောင်း၊ တမန်တော်အပေါင်းကိုလည်းကောင်း ယုံကြည်ကြသည်။ ထို့ပြင်၎င်းတို့သည် မိမိတို့ဥစ္စာပစ္စည်းများကို ခုံမင်ကြပါလျက် ဆွေဆင်းရဲမျိုးဆင်းရဲများကိုလည်းကောင်း၊ မိသက်ဆိုး ဖသက်ဆိုးများကိုလည်းကောင်း၊ ဆင်းရဲသားများကိုလည်းကောင်း၊ ဒုက္ခသည် အာဂန္တုများကိုလည်းကောင်း၊ လက်ဖြန့်တောင်းခံစားနေကြရရှာသော သူတောင်းစားများကိုလည်းကောင်း ၊ ကျေးကျွန် များ ကို ကျွန်ဘဝမှ လွတ်မြောက်စေရာတွင်လည်းကောင်း လှူဒါန်းပေးကမ်းကြသည်။ ထို့ပြင် ၄င်းတို့သည် “ဆွလာသ်”ဝတ်ပြုတည်ဆောက်ကြသည်။ “ဇကာသ်”ပေးလှူကြသည်။ ကတိတည်ကြသည်။ ထို့ပြင်တဝ ၄င်းတို့သည် ဆင်းရဲနွမ်းပါးသည့်အခါတွင်လည်းကောင်း၊ ရောဂါဖိစီး သည့်အခါတွင် လည်းကောင်း၊ စ⁠စ်ဖြစ်ပွားသည့်အခါတွင်လည်းကောင်း ကြံ့ခိုင်စွာ ရပ်တည်ကြသည်။ ဤဂုဏ်ရည် များနှင့် ပြည့်စုံသူများသည် သစ္စာဝါဒီများ ဖြစ်ကြပေသည်။ ဤပုဂ္ဂိုလ်များသာလျှင် အလ္လာဟ်အရှင်မြတ် အား ကြောက်ရွံ့ရိုသေခန့်ညားသော သူမွန်သူမြတ်များဖြစ်ကြပေသည်။” (ကုရ်အာန်ကျမ်းမြတ် ၂း၁၇၇)
(ဆက်လက်ဖော်ပြပါမည်။)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)။
ရေးသူ- သီရိပျံချီ အလ်ဟာဂ်ျ ဃာဇီမုဟမ္မဒ်ဟာရှင်မ်။

No comments:

Post a Comment