Monday, April 1, 2013
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်ရန် ဂျပန်အစိုးရ အနေဖြင့် ယန်း ဘီလီယံ ၅၀
ကျော် ချေးမည်ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန မှတဆင့် သိရသည်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်း အဆင့် ၃ ရပ်အတွက် အတိုးသက်သာစွာ ချေးပေးခြင်းဖြစ်သည်။
“စီမံကိန်း အဆင့် ၁ မှာ ဂျပန်ယန်းငွေ ၁၇ ဘီလီယံ အသုံးပြုမှာပါ။ အဆင့် ၂
မှာ ယန်းငွေ ၁၄. ၀၅၂ ဘီလီယံ သုံးစွဲမှာ ဖြစ်ပြီး စီမံကိန်း အဆင့်သုံးမှာ
ဂျပန်ယန်း ၂၀ ဘီလီယံ သုံးစွဲသွားမှာပါ။ စုစုပေါင်း ချေးငွေ ဂျပန်ယန်း
၅၁.၀၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၃၇ သန်းခန့်) ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနမှ
အဆင့်မြင့်အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။
ဆင်းရဲနွမ်းပါးမှု
လျှော့ချရေးဆိုင်ရာ စီမံကိန်းအဆင့် ၁ တွင် နိုင်ငံတဝှန်း
တည်ဆောက်ရေးလုပ်ငန်း၊ လမ်းနှင့် တံတားကဲ့သို့သော အခြေခံအဆောက်အအုံများ
အသစ်ပြန်လည် ဆောက်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်နှင့် သောက်သုံးရေ
ရရှိရေးလုပ်ငန်းများ အတွက် ဖြစ်သည်။
စီမံကိန်း အဆင့် ၂
တွင် အလျှင်အမြန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် အဆင့်မြှင့်တင်
ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သည်။ ထို့အပြင် ရန်ကုန် ဆင်ခြေဖုံး
ဒေသများတွင် ဓါတ်အားပေး စက်ရုံများနှင့် ဓါတ်အားခွဲ စက်ရုံများ
အသစ်ပြန်လည် မွမ်းမံ တည်ဆောက်ပြီး ဓါတ်အား ပိုမိုထွက်ရှိဖြန့်ဖြူးနိုင်ရေး လုပ်ငန်းများ ပါဝင်သည်။
သီလဝါ အထူးစီးပွားရေးဇုန် နယ်မြေတွင် ဆိပ်ကမ်းများ တည်ဆောက်မှုနှင့်
ဓါတ်အားစက်ရုံများ တည်ဆောက်ခြင်း ကဲ့သို့သော အခြေခံ အဆောက်အအုံများ
တည်ဆောက်ခြင်းလုပ်ငန်းများကို အဆင့် ၃ တွင် လုပ်ကိုင်သွားမည်ဖြစ်သည်။
“အတိုးနှုန်း ၀.၀၁ ရာခိုင်နှုန်းနဲ့ နှစ် ၄၀ ကာလမှာ ပြန်ဆပ်ရမှာ ဖြစ်ပါတယ်” ဟု အဆိုပါ အရာရှိက ဖြည့်စွက် ပြောကြားသည်။
Mizzima
No comments:
Post a Comment