Sunday, February 17, 2013

အာဆီယံ စီးပွားရေး အသိုက်အဝန်း အသိပညာပေး လုပ်ငန်းကို မြို့ကြီး လေးမြို့တွင် ပြုလုပ်မည်

အာဆီယံ စီးပွားရေး အသိုက်အဝန်း ဆိုင်ရာ ပညာပေး လုပ်ငန်း များကို ရန်ကုန်၊ မော်လမြိုင်၊ တောင်ကြီးနှင့် မန္တလေး စသည့် မြို့ကြီး လေးမြို့တွင် ယခုနှစ် အတွင်း ပြုလုပ်မည် ဖြစ်ကြောင်း Parami Egergy Group of Companies မှ အကြီးတန်း အကြံပေး ဦးတင်ချို က ပြောကြားသည်။

အဆိုပါ ပညာပေး လုပ်ငန်း များကို အာဆီယံ စီးပွားရေး အသိုက်အဝန်း (Asean Economic Community – AEC) ဖော်ဆောင်မည့် ၂၀၁၅ ခုနှစ် အတွက် ပြည်တွင်း အသေးစား၊ အလတ်စား၊ စက်မှု လုပ်ငန်း များ ပြည်ပ လုပ်ငန်းများ နှင့် ယှဉ်ပြိုင် နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း Parami Egergy Group of Companies ထံမှ သိရသည်။

အာဆီယံ စီးပွားရေး အသိုက်အဝန်း ဖော်ဆောင်မည့် အချိန်တွင် ကုန်သွယ်မှု လွတ်လပ်စွာ စီးဆင်းရေး၊ အခွန်အခ နှုန်းထားများ ဖြေလျော့ရေး ကိစ္စရပ် များကို အာဆီယံ နိုင်ငံ များ ကျင့်သုံး ရမည် ဖြစ်သဖြင့် ပြည်တွင်း SMEs များ သည် ပြည်ပ ရင်းနှီး မြှပ်နှံသူ များနှင့် မျှတစွာ ယှဉ်ပြိုင် နိုင်ရန် အသိပညာ ပေးရခြင်း ဖြစ်ကြောင်း အကြီးတန်း အကြံပေး ဦးတင်ချို က ဆိုသည်။

ရန်ကုန် မြို့တော် တွင် ကုန်သည်ကြီးများ ဟိုတယ်တွင် ဖေဖော်ဝါရီ ၁၅ ရက် နေ့ က Supporting needs for SMEs ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ် ခဲ့ပြီး ပြည်တွင်း လုပ်ငန်းရှင်များ ကြိုတင် ပြင်ဆင် နိုင်ရန် အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။
“AEC က လှိုင်းလုံးကြီး ပါ။ ပြည်တွင်း လုပ်ငန်းရှင်တွေ ပြင်ဆင် မထားရင် နစ်မြုပ် သွားနိုင်တယ်။ ပြင်ထားမှ လှိုင်းစီးပြီး သွားနိုင်မယ်” ဟု လှိုင်သာယာ စက်မှုဇုန် ၄ မှ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးတိုးလှိုင် က ပြောကြားသည်။

မြန်မာ နိုင်ငံသည် အာဆီယံ စီးပွားရေး အသိုက်အဝန်း ဖော်ဆောင်ရန် အားနည်းသည့် နိုင်ငံ သုံးနိုင်ငံ တွင် ပါဝင် သောကြောင့် စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး အရှေ့တောင် အာရှ၏ ဒုတိယမြောက် အကြီးဆုံး ဈေးကွက်ကြီး လည်း ဖြစ်သောကြောင့် ပြည်တွင်း လုပ်ငန်းရှင် များ ပြင်ဆင် မထား ပါက အကျိုးအမြတ် များကို ပြည်ပ လုပ်ငန်းရှင် များသာ ရသွား နိုင်ဖွယ် ရှိကြောင်း UN-Habitat Consultant, Green EHSS Consultancy မှ Project Engineer ဒေါက်တာ ကျော်သူက သုံးသပ် ပြောကြားသည်။

AEC အသိပညာပေး လုပ်ငန်း များကို ၂၀၁၂ ခုနှစ် အတွင်း ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီး များတွင် လေးကြိမ် လုပ်ဆောင် နိုင်ခဲ့ပြီး ယခုနှစ်တွင် ငါးကြိမ် ပြုလုပ်မည် ဖြစ်သည်။

No comments:

Post a Comment