Saturday, December 1, 2012

"ကျမတို့ ပြည်သူတွေကို အမှန်အတိုင်းသာ မြင်ခွင့်ပေးကြပါ"


မေသင်္ကြန်ဟိန်(မြစ်မခ)

ဒီဇင်ဘာ ၁ ရက်နေ့၊ ဂျကာတာမြို့။


တရုတ်အစိုးရကို ကျေးဇူးရှင်လို၊ အိမ်နီးချင်း မိတ်ဆွေလို ကျမတို့တိုင်းပြည်က လူကြီးမင်းတွေက မြင်ခိုင်းနေတာကို ကျမတော်တော် စိတ်ဓါတ်ကျမိပါတယ်။



ကျေးဇူးရှင် ဆိုတဲ့ စကားနဲ့ မထိုက်တန်ရုံတင် မကပါဘူး။ မိတ်ဆွေ ဆိုတာနဲ့ရော ထိုက်တန်မှု ရှိရဲ့လား ဆိုတာ ကျမတို့ စဉ်းစားကြည့်ရအောင်ပါ။



မိတ်ဆွေ လို့ ဆိုခြင်းမှာ အကျိုးလိုလားခြင်း နဲ့ ကျင့်ဝတ်တွေရှိပါတယ်။



တရုတ်အစိုးရဟာ မြန်မာပြည်အပေါ်မှာဘယ်တုန်းကမှ စေတနာ ထားခဲ့ဖူးပါသလဲ။သမိုင်း အဆက်ဆက်ကို ပြန်ကြည့်လို့ရပါတယ်၊ တရုတ်-ကျူးကျော်စစ်ကနေ စပြီး သေခြာ စမ်းစစ်ကြည့်ကြပါဦး။

ခေတ်အဆက်ဆက်မှာလည်း စီးပွားရေးအရ အမြဲ အမြတ်ထုတ်ခဲ့ပါတယ်၊ သူတို့ရဲ့ အညံ့ဆုံး၊ အဆိုးဝါးဆုံး ပစ္စည်းတွေကို တင်ပို့ရောင်းချနိုင်တဲ့ အမှိုက်ပုံ ဈေးကွက်ကြီးဟာ မြန်မာပြည်မှာပဲ ရှိပါတယ်။

ဒါ့အပြင် မြန်မာပြည်က သစ်တွေ၊ ရွှေတွေ၊ ကျောက်မျက်တွေ၊ ဘိန်းတွေ စတာတွေကို အကျိုးအမြတ်ယူပြီး မြန်မာပြည် နိမ့်ကျသထက်ကျအောင် လုပ်နေတာ ဘယ်သူတွေပါလဲ။

သူတို့တိုင်းပြည်မှာ လိုအပ်နေတဲ့ လိင်ကျွန်အတွက် မြန်မာ အမျိုးသမီးတွေကို အမြဲ အသုံးချနေတဲ့ တိုင်းပြည်ပါ။ကျမတို့ တိုင်းပြည်က ၁၄ နှစ်လောက် မိန်းမငယ်လေးတွေ နှစ်စဉ် လူကုန်ကူးခံနေရတဲ့ တိုင်းပြည်ဟာ ဘယ်တိုင်းပြည်လဲ၊ ၁၂ နှစ် အရွယ် ၁၄ နှစ်အရွယ် မြန်မာကလေးတွေကို မယားငယ်ထားကြတာ ဘယ်သူတွေလဲ။

သူတို့ တိုင်းပြည်အတွက် လိုအပ်ချက်တွေကို ယူပြီး ကျမတို့ တိုင်းပြည်ကို အမှိုက်ပုံလို ဖြစ်အောင် လုပ်ကြတဲ့ သူတွေက ဘယ်သူတွေလဲ။တကယ်တော့ တရုတ်အစိုးရဟာ ကျမတို့ မြန်မာပြည်အတွက် အင်မတန်သတိထားရမဲ့ အိမ်နီချင်း၊ အနီးကပ်ဆုံး အန္တရာယ်ပြုမဲ့သူပါပဲ။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်ပြည်ရဲ့ အကျိုးနစ်နာမှုနဲ့ ဦးပိုင်ရဲ့ နစ်နာမှုကို ကြည့်ပြီး အဲဒီဒေသက သဘာဝပတ်ဝန်းကျင်ကို အပျက်ဆီးခံမလို့လား၊ ကိုယ့်တိုင်းပြည် အပျက်ခံရလောက်အောင် ထိုက်တန်ရဲ့လား ဆိုတာကိုလည်း စဉ်းစားပေးကြပါဦးရှင်။

အဲဒါကြောင့် တရုတ်အစိုးရကို မိတ်ဆွေလို့လည်း မမြင်ပါရစေနဲ့၊ ကျေးဇူးရှင်လို့လည်း မမြင်ပါရစေနဲ့ရှင်။

ကျမတို့ ပြည်သူတွေကို အမှန်ကို အမှန်အတိုင်းသာ မြင်ခွင့်ပေးကြပါ။


မေသင်္ကြန်ဟိန်

No comments:

Post a Comment