Wednesday, October 23, 2013

အီးယူက မြန်မာနိုင်ငံကို အထောက်အပံ့ပေးရေး ဆွေးနွေးပွဲ နိုဝင်ဘာ တွင် ပြုလုပ်မည်

Wednesday, October 23, 2013

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ထောက်ပံ့ရန်အတွက် ချမှတ်ထားသည့် မူဘောင်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဥရောပသမဂ္ဂ နိုင်ငံများ ဆွေးနွေးပွဲတစ်ရပ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့ မှ ၁၅ ရက် နေ့အထိ အီးယူ ပါလီမန် အဆောက်အအုံတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂက အောက်တိုဘာလ ၂၁ ရက် နေ့တွင် ထုတ်ပြန်သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို အထောက်အပံ့ ပေးအပ်မည့် ဥရောပသမဂ္ဂရှိ အဖွဲ့အစည်း အသီးသီးနှင့် အဆိုပါ အဖွဲ့ဝင်နိုင်ငံများမှ အကူအညီပေးရေး အေဂျင်စီများ၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်း များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း များ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီးယူနိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ မစ္စကက်သရင်းအက်ရှ်တန်က ထုတ်ပြန် ထားသည်။

ယင်းဆွေးနွေးပွဲမှ မြန်မာနိုင်ငံကို နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များတွင် အထောက်အပံ့ ပေးရန် ကြေညာနိုင်မည် ဖြစ်ကြောင်း ၄င်း၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြ ထားသည်။

ဥရောပသမဂ္ဂကက ဇူလိုင်လ ၂၂ ရက် နေ့ကထုတ်ပြန်ထားပြီး မြန်မာအစိုးရနှင့် သဘောတူထား သည့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် အထောက်အပံ့ပေးရေး သုံးနှစ်စီမံကိန်း နားလည်မှုဘောင်တွင် ပါရှိသော အချက်များကို အကောင်အထည် ဖော်ရန် အဆိုပါ ဆွေးနွေးပွဲတွင် အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း အီးယူထံမှ သိရှိရသည်။

အဆိုပါ မြန်မာအစိုးရနှင့် သဘောတူ ထားသည့် နားလည်မှု မူဘောင်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ရင်းနှီးမှု တည်ဆောက်နိုင်ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ဦးစားပေး ထောက်ပံ့မည်ဖြစ်ကြောင်း အီးယူ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ယင်း အထောက်အပံ့များ ပေးအပ်ရန်အတွက် အီးယူမှ ကိုယ်စားလှယ်များ စေလွှတ်ရန် အတွက်လည်း ဥရောပသမဂ္ဂ စက်မှုလုပ်ငန်းကော်မရှင် ဥက္ကဋ္ဌ Mr. Antonio Jajani နှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကော်မရှင် ဥက္ကဋ္ဌ Dacian Ciolos တို့က စီစဉ်နေကြောင်း အီးယူက ထုတ်ပြန်ထားသည်။

အီးယူသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့ များအတွက် (၂၀၁၄-၂၀၂၀) ခုနစ်နှစ်စီမံကိန်း ချမှတ်ခဲ့ပြီး၊ ယူရို သန်း ၂၀၀ ကျော် အသုံးစရိတ် သတ်မှတ်ထားကြောင်း ကြေညာထားပြီး ဖြစ်သည်။

ယခုဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော အီးယူစီမံကိန်း များမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စွမ်းအင်မြှင့်တင်ရေး အတွက် ယူရို ၁၀ သန်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအတွက် ယူရို ၁၆ သန်း နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများအဖြစ် ယူရို သန်း ၂၀ ကျော် ထောက်ပံ့ခဲ့သည်။

ထို့အပြင် အီးယူက စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍအတွက် အီးယူမှ ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ပေးအပ်သည့် လက်နက်မှအပ ကုန်ပစ္စည်းအမျိုးအစား အားလုံးအတွက် အထူးအခွန် သက်သာခွင့် (GSP) ကို မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့မှစတင်ကာ ပြန်လည်ပေးအပ်ခဲ့သည့် အပြင်၊ GSP ကိုကောင်းစွာ အသုံးချနိုင် ရန်နှင့် မြန်မာ့ကုန်ထုတ်လုပ်ငန်းနှင့် စက်မှုလုပ်ငန်း အဆင့်မြှင့်တင်ရန် အမေရိကန် ဒေါ်လာ ၁၀ သန်း ထောက်ပံ့ခဲ့သည်။

No comments:

Post a Comment