Saturday, June 15, 2013

Orchid Hotel နှင့် နုတ်ထွက်ဝန်ထမ်းများ အပြန်အလှန်စွပ်စွဲ

Saturday, June 15, 2013

ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းနှင့် အနော်ရထာလမ်းတွင် တည်ရှိသော Orchid Hotel တွင် မေလဆန်းပိုင်းက ဝန်ထမ်း နှစ်ဆယ်ခန့် ရာထူးမှ နုတ်ထွက်မှုနှင့် ပတ်သတ်၍ Orchid Hotel နှင့် နုတ်ထွက် ဝန်ထမ်းများသည် မီဒီယာများမှတစ်ဆင့် အပြန်အလှန် စွပ်စွဲမှုများပြုလုပ်ခဲ့ကြသည်။

မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးတွင် ဇွန်လ ၁၄ နံနက်ပိုင်းက ပြုလုပ်သော ရှင်းလင်းပွဲတွင် ဝန်ထမ်းများကို အချိန်ပို လုပ်အားခနှင့် ဆုကြေးငွေများပေးချေလိုမှု မရှိခြင်း၊ အလုပ်သမား စည်းမျဉ်းများကို လိုက်နာမှုမရှိဘဲ အလုပ်မှ ထုတ်ပယ်ခြင်း၊ သင်္ကြန်တွင်း နားရက်များတွင် အလုပ်ဆင်းခိုင်း၍ လုပ်ခနှစ်ဆ မပေးလိုခြင်း၊ အလုပ်နှင့် မဆိုင်သော ကိုယ်ရေးကိုယ်တာ ဝင်ရောက် စွက်ဖက်မှုများ၊ ရာထူးတာဝန်နှင့် မသက်ဆိုင်သည့် အလုပ်များစေခိုင်းခြင်း တို့ကြောင် ဝန်ထမ်းများ နုတ်ထွက်ရခြင်းဖြစ်ကြောင်း ယင်းဟိုတယ်တွင် General Manager နှင့် ဘဏ္ဍာရေး တာဝန်ခံရာထူး ထမ်းဆောင်ခဲ့သူ ဦးခင်မောင်လွင်က ပြောကြားသည်။

အလားတူ ဇွန်လ ၁၄ ရက်နေ့ ညနေတွင် ပြုလုပ်သော ဟိုတယ်ဘက်ကပြန်လည် ရှင်းလင်းပွဲတွင် ယင်းဝန်ထမ်းများမှာ တာဝန်လွှဲအပ်မှု တစ်စုံတစ်ရာ မပြုလုပ်ဘဲ အလုပ်မှ နုတ်ထွက်ခြင်း၊ ငွေစာရင်းများ စနစ်တကျ လွှဲပေးပါရန် အကြောင်း ကြားခဲ့သော်လည်း လာရောက်မှု မရှိခြင်း၊ ပြင်ပစာရင်းစစ် အဖွဲ့များ၏ စစ်ဆေးချက်အရ အမေရိကန်ဒေါ်လာ သိန်း ၁၂၀ ခန့် လျော့နည်း ပျောက်ဆုံးနေခြင်း၊ ခွင့်ပြုချက် မရှိဘဲ ဘဏ်မှကျပ်သိန်း ၅၀ ထုတ်ယူခြင်းစသည့် ငွေကြေး အလွဲသုံးစားမှုများနှင့် တာဝန်မဲ့ အပြုအမူများ ပြုလုပ်ခဲ့ကြောင်း ဟိုတယ် ဒါရိုက်တာတစ်ဦးက ဆိုသည်။

Orchid Hotel မှလည်း နုတ်ထွက်ဝန်ထမ်း ၂၀ ခန့်မှ အထွေထွေ မန်နေဂျာနှင့် စာရင်းကိုင်ချုပ် အပါအဝင် လေးဦးကို ပုဇွန်တောင် ရဲစခန်းတွင် ဇွန်လ ၈ ရက်နေ့က အမှုဖွင့်ထားပြီး နုတ်ထွက် အလုပ်သမားများကလည်း ၎င်းကိစ္စကို အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ၎င်းတို့၏ ပြောကြားချက်အရသိရသည်။

No comments:

Post a Comment