Friday, June 7, 2013

မောင်တော၊ဘူးသီးတောင်တွင်ကလေး(၂)ဦးထက် ပို မယူရ၊ဒေ သန္တရ အမိန့်ထုတ်ပြန်ပြီးနောက် ငြင်း ဆို ခြင်း နှင့် ပတ်သက် ၍ စ ကား ရှေ့နောက် မညီ ကြောင်း၊ ဆောင်း ပါး အချို့ စု စည်း ဖေါ်ပြ ခြင်း

မောင်တောနေ မွတ်စလင် အိမ်ထောင်တစုလျှင် ကလေး ၂ ဦးသာ မွေးခွင့်ရှိ

မေစစ်ပိုင်
ရခိုင်ပြည်နယ် မောင်တောခရိုင်နေ မွတ်စလင် အိမ်ထောင်စု တစုလျှင် ကလေး ၂ ဦးနှုန်းသာ မွေးဖွားရမည်ဟူသော ဒေသန္တရ အမိန့်တရပ် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယင်း မွတ်စလင် အိမ်ထောင်စုများ အနေဖြင့် အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားမှုနှုန်းကို ပြန်လည် ကန့်သတ်လိုက်သည့် ဒေသန္တရ အမိန့်တရပ်အား ပြီးခဲ့သည့် တပတ်မှစတင် ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။
ယခင် ကတည်းက မြန်မာနိုင်ငံတွင် နေထိုင်သော မွတ်စလင်များ အိမ်ထောင်ပြုပါက တလင်တမယား စနစ်သာကျင့်သုံးရန်၊ ကလေးမွေးဖွားရာတွင် တအိမ်ထောင်လျှင် ကလေး ၂ ဦးသာ မွေးဖွားရန် ဥပဒေကြောင်းအရ ထုတ်ပြန်ခဲ့သော်လည်း လိုက်နာမှု မရှိကြသည့်အတွက် အဆိုပါ ဥပဒေကို ပြန်လည် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
“ဒီနိုင်ငံမှာ နေမယ်ဆိုရင်တော့ နိုင်ငံရဲ့ ဥပဒေကို လိုက်နာရမယ်။ အခုလို ကန့်သတ်လိုက်တယ် ဆိုတာကလည်း သူတို့တွေ အတွက် လုပ်တာပဲ။ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ပြဿနာတွေက အဲဒီမှာနေတဲ့ မွတ်စလင်တွေရဲ့လူဦးရေ ပေါက်ဖွားနှုန်း များရာကနေ ဖြစ်လာတာပဲလေ” ဟု ဦးဝင်းမြိုင်က ဆိုသည်။
ရခိုင် အစီရင်ခံစာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကလည်း ရခိုင်ဒေသနေ မွတ်စလင်များ တလင်တမယား စနစ်သာ ကျင့်သုံးရန်နှင့် ကလေးမွေးဖွားနှုန်း ကန့်သတ်ရန် အကြံပြုခဲ့ကြောင်း၊ ၎င်းတို့ လက်ထပ်မည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများသို့ လက်ထပ်ခွင့် တင်ပြရမည်ဖြစ်ကြောင်း၊ လက်ရှိ ကလေး ၂ ဦးရှိပြီးသော မွတ်စလင် အိမ်ထောင်စု များ အနေဖြင့် ဆက်လက် မွေးဖွားရန် ခွင့်မပြုတော့ကြောင်း၊ အဆိုပါ ထုတ်ပြန်ချက်ကို မလိုက်နာပါက ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်အပေါ် လိုက်နာခြင်းရှိမရှိ ကိုလည်း ရှောင်တခင် စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ပိုမို၍ မွေးဖွားသော ကလေးများကို အမည်မည်း စာရင်း သွင်းမည်ဟု သိရသည်။
“ရခိုင်မှာ ပြဿနာတွေဖြစ်ပြီး နောက်ပိုင်းမှပဲ ကျနော်တို့တွေအတွက် ကန့်သတ်ချက်တွေ၊ ထုတ်ပြန်ချက်တွေက အများကြီး ဖြစ်လာတယ်။ ကလေး ၂ ဦး မွေးပြီးသားဆိုပေမယ့် ရုတ်တရက် သေဆုံးသွားတာတို့၊ ပျောက်ဆုံးသွားတာတို့ တွေဆို မိဘတွေက ဘယ်လို ဆက်လုပ်ရမှာလဲ။ ဒါက မျိုးဆက်ပြတ်သွားအောင် လုပ်နေသလိုပဲ” ဟု မောင်တောမြို့နယ်နေ ကိုမောင်မောင်ဝင်းက ပြောသည်။
မောင်တောခရိုင် တောင်ပိုင်းတွင်နေထိုင်သူ ဦးတင်မောင်စိန်ကလည်း အစိုးရအနေဖြင့် ၎င်းတို့ကို မြန်မာနိုင်ငံတွင် မနေနိုင်ရန် မပြောရုံတမည် ပုံစံဖြင့် ဤအမိန့်ကို ထုတ်လိုက်ခြင်း   ဖြစ် သည်ဟု ဆိုသည်။
“ကျနော်တို့ကို ဒီနိုင်ငံမှာ မနေနဲ့လို့ ပါးစပ်က မပြောရုံတမယ်ပဲ၊ နှိပ်စက်နေတာ။ ကလေးမွေးတာ၊ အိမ်ထောင်ပြုတာကို ကန့်သတ်တယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး။ တမင်သက်သက် ကျနော်တို့လူမျိုးတွေ နိုင်ငံထဲက ထွက်သွားအောင် လုပ်နေတယ်လို့ ခံစားရတယ်” ဟု သူက ဆက်ပြောသည်။
ယနေ့အချိန်အထိ မောင်တောခရိုင်တွင် အထက်ပါ ဒေသန္တရ အမိန့်ကို ထုတ်လိုက်သည်ဟုသာ ကြားနေရပြီး အိမ်ထောင်စု များထံသို့ အမိန့်စာ မရောက်သေးကြောင်း မောင်တောခရိုင် အတွင်းရှိ မွတ်စလင် အိမ်ထောင်စုများထံမှ စုံစမ်း သိရှိရသည်။
ရခိုင်ပြည်နယ် တနယ်တည်းတွင်ပင် နေထိုင်သော မွတ်စလင် ဦးရေ စုစုပေါင်း တသန်းကျော်ရှိနေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ကောက်ခံ ထားသော   စာရင်း ဇယား အချက်အလက်များ အရ သိရသည်။

ရိုဟင်ဂျာတွေ ကလေး ၂ယောက်ထက် မယူရ ဥပဒေ ကျင့်သုံးတော့မယ်

ABC
မြန်မာနိုင်ငံအနောက်ပိုင်း ​ရခိုင်ပြည်နယ်က ​ရိုဟင်ဂျာမိသားစုတွေအနေနဲ့ ​တစ်မိသားစုမှာ ​ကလေး ​၂ ​ယောက်ထက်ပိုမမွေးဖို့ ​တားမြစ်ချက်ဟာ ​စပြီးအသက်ဝင်တော့ မှာဖြစ်တယ် လို့ ​ဒေသခံအာဏာပိုင်တွေက ​အတည်ပြုလိုက်ကြောင်း ​သိရပါတယ်။

အဆိုပါကန့်သတ်ချက်ကို ​ရခိုင်ပြည်နယ်က ​မြို့နယ်နှစ်ခုမှာ ​စပြီးကျင့်သုံးနေပြီဖြစ်ကြောင်း ​ ရခိုင်ပြည်နယ်အစိုးရအရာရှိ ​ဦးဝင်းမြိုင်ကပြောတယ်လို့ ​AFP ​သတင်းဌာနက ​ဖေါ်ပြခဲ့ ပါတယ်။
တစ်လင်တစ်မယားစနစ်ကျင့်သုံးဖို့နဲ့ ​မိသားစုတစ်စုမှာ ​ကလေး ​၂ ​ယောက်သာမွေးဖို့ကန့်သတ်ချက်ဟာ ​စစ်အစိုးရလက်ထက်ကတည်းက ​ချမှတ်ဖို့ ​စီစဉ်ခဲ့တဲ့ ​ကန့်သတ်ချက်ဖြစ်ပြီး   ​ဒေသအတွင်းက ​လူမှုအသိုင်းအဝိုင်းတွေအကြား ​ပဋိပက္ခဖြစ်ပွားမှာစိုးရိမ်တဲ့အတွက် ​အရင်က ​အကောင်အထည် ​မဖေါ်ဖြစ်ခဲ့တာဖြစ်တယ်လို့လည်း ​ဆိုပါတယ်။
ပြီးခဲ့တဲ့ ​ဧပြီလကထွက်ပေါ်ခဲ့တဲ့ ​အထူးကော်မရှင်အစီရင်ခံစာမှာ ​ရိုဟင်ဂျာမိသားစုတွေမှာ ​ကလေးမွေးဖွားမှုနှုန်း ​များလွန်းနေတဲ့အတွက် ​မိသားစုစီမံကိန်းရှိဖို့လိုကြောင်း ​အကြံပေး ထား ခဲ့ပါတယ်။ ​ရိုဟင်ဂျာဦးရေတိုးတက်မှုမြင့်တာဟာ ​ဒေသခံရခိုင်တွေနဲ့ ​ရိုဟင်ဂျာတွေအကြား ​တင်းမာမှုတွေဖြစ်လာစေခဲ့ကြောင်း ​သုံးသပ်ထားပြီး ​လတ်တလောအခြေအနေမှာ ​ရခိုင်တွေနဲ့ ​ရိုဟင်ဂျာတွေကို ​ခွဲခြားထားဖို့လည်း ​အကြံပေးထားပါတယ်။
ရိုဟင်ဂျာအများစုဖြစ်တဲ့ ​နေရာတွေမှာ ​မိသားစုတစ်ခုမှာ ​ကလေး ​၂ ​ယောက်ထက်ပိုမယူရတဲ့ ​ကန့်သက်ချက်ကို ​စပြီးအကောင်အထည်ဖေါ်ဖို့ ​တာဝန်ရှိသူတွေက ​ကြိုစားနေကြပြီ ဆိုပေမယ့် ​ကန့်သက်ချက်ကို ​ဘယ်လိုဘယ်နည်းနဲ့ ​အကောင်အထည်ဖေါ်မယ်ဆိုတာကိုတော့ ​အတိအကျမဖေါ်ပြထားသေးကြောင်းလည်း ​သိရပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး ​Human ​Rights ​Watch ​အဖွဲ့က ​အာရှဆိုင်ရာအရာရှိ ​Phil ​Robertson ​ကတော့ ​အခုလိုကန့်သတ်တာဟာ ​အလွန်အမင်း ​စော်ကား ရက်စက်တာဖြစ်ပြီး၊ ​ဒါဟာ ​လမ်းမှားဖက်ကို ​လုံးဝဦးတည်နေတာဖြစ်တယ်လို့ ​ပြောလိုက်ကြောင်းလည်း ​သိရပါတယ်။

ကလေးနှစ်ဦးထက် ပိုမမွေးရ ဒေသန္တရအမိန့် ထုတ်ပြန်ထားမှု လုံးဝမရှိဟုငြင်းဆို

ဇင်ကီး
ရခိုင်ပြည်နယ်တွင် ကလေးနှစ်ဦးထက် ပိုမမွေးရဟူသော ဒေသန္တရအမိန့် အစိုးရသစ်လက်ထက်၌ ထုတ်ပြန်ထားခြင်းမရှိခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ငြင်းဆိုသည်။
ယနေ့ နံနက် ၉း၃၀ နာရီက ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးတွင် ပြုလုပ်သော ပြည်နယ်အစိုးရ၏ သတင်း စာရှင်းလင်းပွဲ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။
” ကျနော် လေ့လာချက်အရ ဒီအစိုးရလက်ထက်မှာ ဒီလိုကလေး (၂)ယောက်ပဲ ယူရမယ်ဆိုတဲ့ အမိန့် လုံးဝမရှိပါဘူး။ ” ဟု ဦးလှသိန်းက ပြောသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင်၌ ဒေသန္တရ အမိန့်ထုတ်ပြန်ထားသည့်အတွက် ဇွန် (၄)ရက်နေ့ကလည်း စစ်တွေမြို့တွင် ရဟန်းသံဃာများ၊ လူမှုကွန်ယက်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ ၃၀၀၀ ထောင်ကျော် အဆိုပါ အမိန့်အား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည့်အပြင်၊ မင်းပြားတွင် ဇွန်လ (၅) နေ့က လူ (၂၀၀၀ ) ခန့်နှင့် မြောက်ဦးတွင် လူ(၁၀၀၀) ကျော် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရိုဟင်ဂျာတွေကလေး ၂ယောက်ထက် မယူရ အမိန့်ကို အစိုးရ ပြန်လည်သုံးသပ်မယ်

ABC
မြန်မာ ​နိုင်ငံ ​ရခိုင်ပြည်နယ် ​အရေးအခင်းနဲ့ ​ပတ်သက်ပြီး ​ရိုဟင်ဂျာ ​မွတ်စလင်တွေ ​ကလေး ​၂ယေက်ထက် ​ပိုပြီး ​မယူရ ​ဆိုတဲ့ ​အမိန့် ​ထွက်ပေါ်လာတာကို ​ကုလသမဂ္ဂ ​အပါအဝင် ​လူ့အခွင့်အရေး ​အဖွဲ့ ​အစည်းတွေက ​ဝိုင်းပြီး ​ဝေဖန်ခဲ့တဲ့ ​အတွက် ​အခု ​အခါမှာ ​မြန်မာ ​အစိုးရက ​ပြန်လည် ​သုံးသပ်တော့မယ်လို့ ​သိရပါတယ်။ 
ရခိုင်ပြည်နယ်တွင်းမှာ ​စစ်အုပ်ရေးကာလကတည်းက ​ချမှတ်ခဲ့တဲ့ ​စည်းမျဉ်းကို ​အာ ​ဏာ ​ပိုင် ​တွေ ​က ​ပြန်လည် ​ထုတ်ဖေါ်ပြီး ​မြို့နယ် ​၂ ​ခုမှာ ​အတည် ​ပြုခဲ့တာ ​ဖြစ်ပါတယ်။ 
သမ္မတ ​ရဲ့ပြောခွင့် ​ရပုဂိုလ် ​ဦး ​ရဲထွဋ် ​ကတော့ ​အစိုးရ ​အနေနဲ့ ​ချမှတ်ခဲ့တဲ့မူဝါဒ ​မဟုတ်တဲ့ ​အတွက် ​ဒါကို ​စုံစမ်းစစ်ဆေးသွားမယ်လို့ ​AFP ​သတင်းကိုပြောခဲ့ပါတယ်။ 
ရခိုင်ပြည်နယ်က ​လူဦးရေဟာ ​တခြားဒေသတွေထက် ​ပိုပြိး ​မြင့်မားတဲ့ ​အတွက် ​မိသားစုထဲမှာ ​လူမှုရေးစီးပွါးရေး ​ပြဿနာတွေ ​ရှိတဲ့အကြောင်း၊ ​အစိုးရ ​အနေနဲ့ ​နောင်အခါမှာ ​လူဦးရေနဲ့ ​ပတ်သက်တဲ့ ​မူဝါဒတွေ ​ကို ​နိုင်ငံတကာ ​အဆင့် ​အတိုင်း ​ထားသွားမယ်လို့ ​ဆက်ပြောပြခဲ့တယ်လို့ ​သိရပါတယ်။
ကုလသမဂ္ဂ ​ကတော့ ​ဒီအမိန့်ဟာ ​လူ့အခွင့်အရေးကို ​လွန်ဆန်တဲ့ ​အတွက် ​ပြန်ရုတ်သိမ်းဖို့ ​တောင်းဆိုခဲ့ပါတယ်။
ရခိုင်အရေးအခင်းမှာ ​ဘာမှဝင်မပြောတဲ့ ​အတွက် ​ဝေဖန်ခြင်းခံနေရတဲ့ ​ဒေါ်အောင်ဆန်းစုကြည်ကလဲ ​ဒီအမိန့်ကို ​လူ့အခွင့်အရေး ​ဆန့်ကျင်တယ်လို့ ​ဝေဖန်ခဲ့ပါတယ်။
ဒါပေမယ့် ​ရခိုင်ပြည်နယ်တွင်းက ​NLD ​ပါတီရုံး ​(၈)ခုက ​နိုင်ငံတော်လုံခြုံရေး ​အတွက် ​လိုအပ်ချက်ဖြစ်တဲ့အတွက် ​ဒီမူဝါဒကို ​ထောက်ခံတယ်လို့ ​တင်ပြခဲ့တဲ့အတွက် ​ဒေါ်အောင်ဆန်း စုကြည်ဟာ ​ပါတီတွင်း ​ဖိအားပေးမှုတွေ ​ရင်ဆိုင်နေရတယ်လို့လည်း ​ပြောနေကြပါတယ်။
ပြီးခဲ့တဲ့ ​နှစ် ​ရခိုင်ပြည်နယ် ​အရေး ​အခင်းမှာ ​လူပေါင်း ​၁၇၀လောက်သေဆုံးပြီး ​လူပေါင်း ​၁၄၀၀၀၀ ​လောက် ​အိုးမဲ့ ​အိမ်မဲ့ ​ဖြစ်ခဲ့ပါတယ်။
မြန်မာပြည်တွင်းမှာ ​ရှိတဲ့ ​ရိုဟင်ဂျာ ​၈သိန်းကို ​မြန်မာ ​နိုင်ငံက ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံက ​တရားမဝင် ​ခိုးဝင်နေထိုင်သူလို့ ​သတ်မှတ်ပြီး ​ကုလသမဂ္ဂ ​ကတော့ ​ကမ္ဘာပေါ်မှာ ​အပယ်ခံရဆုံး ​လူနည်းစု ​လူမျိုးလို့ ​ဆိုပါတယ်။

ကလေး ၂ယောက်ထက်မယူရ ဥပဒေရပ်တန့်ဖို့ ကုလတောင်းဆို

ABC
မြန်မာနိုင်ငံအနောက်ပိုင်း ​ရခိုင်ပြည်နယ်အတွင်းမှာ ​နေထိုင်တဲ့ ​ရိုဟင်ဂျာမွတ်စလင်လူမျိုးတွေကို ​ကလေးနှစ်ယောက်ထက်မယူရ ​ဥပဒေ ​အသက်ဝင်ကျင့်သုံးတော့မယ်ဆိုတဲ့ ​အစိုးရရဲ့ ​ကန့်သတ်ချက်ကို ​ရပ်တန့်ပေးဖို့ ​ကုလသမဂ္ဂက ​တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ဘသာရေးနဲ့လူမျိုးရေးဆန်တဲ့ ​ပဋိပက္ခတွေကြောင့် ​မကြာသေးခင်ကပဲ ​ရိုဟင်ဂျာမွတ်စလင်လူမျိုးတွေ ​ကလေးနှစ်ယောက်ပိုမယူရ ​ဥပဒေကို ​အသက်ဝင်ကျင့် သုံးဖို့ ​မြန်မာအစိုးရ ​ထုတ်ပြန် ​ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ​ဗုဒ္ဓဘာသာနဲ့ ​ရခိုင်လူမျိုးတွေ ​ကြားမှာ ​ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ​အခုလို ​ဥပဒေမျိုးထုတ်ပြန်လိုက်တာဟာ ​အခြေခံလူ့အခွင့်အရေးကို ​ချိုးဖောက်ရာကျတယ်လို့ ​ကုလသမဂ္ဂ ​လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် ​မစ္စတာ ​Eduardo ​del ​Buey ​က ​ပြောလိုက်ပါတယ်။
ကလေးနှစ်ယောက်ထက် ​ပိုမယူရဥပဒေဟာ ​ရိုဟင်ဂျာမွတ်စလင်လူမျိုးတွေ ​အများစုနေထိုင်တဲ့ ​မြို့နယ်နှစ်ခုမှာပဲ ​ကျင့်သုံးဖို့ ​ချမှတ်လိုက်တာဖြစ်တယ်လို့ ​ရခိုင်ပြည်နယ်က ​အာဏာပိုင်တွေ က ​ဆိုပါတယ်။
အခုလို ​ဥပဒေမျိုးကို ​အသက်ဝင်ကျင့်သုံးဖို့အတွက် ​အစိုးရပြောလိုက်ပြီးတဲ့နောက်ပိုင်းမှာပဲ ​မြန်မာ့ ​ဒီမိုကရေစီခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ကလည်း ​ဒါဟာ ​အခြေလူ့အခွင့် အရေးကို ​ချိုးဖောက်ရာကျတယ်လို့ ​ဝေဖန်လိုက်ပါတယ်။
ကလေးနှစ်ယောက်ထက်ပိုမယူရဥပဒေဟာ ​ယခင် ​စစ်အစိုးရလက်ကတည်း ​စတင်ခဲ့တာဖြစ်ပြီးတော့ ​အခုအချိန်ကျမှ ​အသက်ဝင်ကျင့်သုံးဖို့ ​ချမှတ်လိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ​ဗုဒ္ဓဘာသာရခိုင်လူမျိုးနဲ့ ​ရိုဟင်ဂျာ ​မွတ်စလင်လူမျိုးတွေကြား ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခတွေကြောင့် ​အိုးအိမ်မဲ့ ​ဒုက္ခသည်အဖြစ်နေထိုင်ရတဲ့ ​လူဦးရေ ​တစ်သိန်းလေးသောင်း နီးပါးရှိပြီး ​များသောအားဖြင့် ​ရိုဟင်ဂျာမွတ်စလင်လူမျိုးတွေ ​ဖြစ်တယ်လို့ ​သိရပါတယ်။

ကလေး နှစ်ဦးပေါ်လစီ ဒေါ်စု ဆန့်ကျင်မူ သတင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ

နိရဉ္စရာ
မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် နေထိုင်သော မွတ်ဆလင်မိသားစု တစ်စုလျှင် ကလေးနှစ်ဦးစီ ယူရမည်ဟု ဒေသန္တရ ဥပဒေ ထုတ်မူ အပေါ် သူမ အနေဖြင့် ဆန့်ကျင်ကြောင်း ပြောဆိုသည့် သတင်းကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံထုတ် သတင်းစာတိုင်းလိုလိုတွင် ယနေ့ ဖေါ်ပြသည်။
နိရဉ္စရာ သတင်းဌာနမှ ယနေ့ လက်ခံရရှိသော ဘင်္ဂလာဒေခ်ျ့မှ နာမည်ကြီး နေ့စဉ် သတင်းစာများ ဖြစ်သော (၁) The Daily Star (၂) The Independent (၃) New Age သတင်းစာများတွင် အဆိုပါ သတင်းကို အကျယ်တ၀င့် ဖေါ်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်မှ သူမ အနေဖြင့် ယခု ဒေသန္တရ ဥပဒေကို ပြဌာန်း ထားသလား၊ မထားဘူးလားဆိုသည်ကို သေချာစွာ မသိကြောင်း၊ အကယ်၍ ပြဌာန်းသည်ဆိုပါက ယခု ပြဌာန်းမူသည် ဒေသအတွင်းမှ မွတ်ဆလင်များ အပေါ် လူ့အခွင့်အရေး ချိုးဖေါက်ရာ ရောက်သော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုပြီး ပြစ်တင် ဝေဖန် လိုက်ကြောင်း သတင်းစာများက ဆိုသည်။
“ Suu Kyi Slams 2- Child Limit for Muslims” ခေါင်းစည်းဖြင့် ရေးသားထားသော အေအက်ပီ သတင်းကို The Independent သတင်းစာက ဖေါ်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ်ရာ မွတ်ဆလင် မိသား တစု ကလေး နှစ်ဦးသာ ယူရမည့် အမိန့် အပေါ် သူမ အနေဖြင့် ဆန့်ကျင်ကြောင်း၊ ယခု လုပ်ရပ်မှာ လူ့အခွင့်အရေးကို ချိုးဖေါက်သော လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်ဟု ဖေါ်ပြသည်။
ယခုလို ခွဲခြားမူက မကောင်းကြောင်း၊ ယခုလို ခွဲခြားမူမှာ လူ့အခွင့်အရေးနှင့်လည်း ဆက်စပ် လျော်ညီမူ မရှိကြောင်း ဒေါ်စုက ပြောသည်ဟု သတင်းတွင် ဖေါ်ပြသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် မွတ်ဆလင် လူဦးရေ အဆမတန် တိုးပွားလာမူကို တားဆီးရန် ရည်ရွယ်ပြီး မိသားစု တစ်စု ကလေး (၂) ဦးသာ ယူရမည်ဟု ဒေသန္တရ ဥပဒေကို ၁၉၉၀ ခုနှစ်ကပင် ထုတ်ပြန်ပြီး န၀တနှင့် နအဖ စစ်အစိုးရတို့က ကျင့်သုံးလာခဲ့သည်။ လက်ရှိ အစိုးရလက်ထက်တွင်လည်း လူဦးရေကို ထိန်းချုပ်နိုင်ရန် အတွက် ဒေသဆိုင်ရာ အာဏာပိုင်များက အဆိုပါ ဒေသန္တရ ဥပဒေကို ဆက်လက်ကျင့်သုံးမည်ဟု များမကြာမီက ထုတ်ဖေါ်ကျေညာခဲ့သည်။

ရိုဟင်ဂျာတွေ ကလေး ၂ယောက်ထက် မယူရ ဥပဒေ ဒေါ်စုရှုတ်ချ

ABC
မြန်မာနိုင်ငံအနောက်ပိုင်း ​ရခိုင်ပြည်နယ်မှာ ​ရိုဟင်ဂျာလူဦးရေ ​ပြန့်ပွားမှုကို ​ကန့်သတ်တဲ့အနေနဲ့ ​ရိုဟင်ဂျာတွေရဲ့ ​ကလေးမွေးနှုန်းကို ​မြန်မာအစိုးရက ​ကန့်သတ်လိုက်တာ ကို ​ဒေါ်အောင် ဆန်းစုကြည်က ​ဝေဖန် ​ရှုတ်ချလိုက်ပါတယ်။
မြန်မာ ​အာဏာပိုင်တွေက ​ရိုဟင်ဂျာမိသားစု ​တစ်စုမှာ ​ကလေး ​၂ ​ယောက်ထက် ​ပိုမမွေးဖို့ ​တားမြစ်ချက်ကို ​၁၉၉၄ ​ခုနှစ်ကတည်းကစပြီး ​ပေါ်လစီချမှတ်လိုက်ပေမယ့် ​ထိရောက်စွာ ​အရေးယူမှုတွေ ​မလုပ်ခဲ့ပါဘူး။
ဒါပေမယ့် ​မကြာသေးခင်ကပဲ ​အဲဒီပေါ်လစီ ​အသက်ဝင်လာတော့မယ်လို့ ​ဒေသခံအာဏာပိုင်က ​အတည်ပြုပြောဆိုပြီးနောက် ​ဒေါ်အောင်ဆန်းစုကြည်က ​ဝေဖန်လိုက်တာ ​ဖြစ်ပါတယ်။
ဒီလို ​ကန့်သတ်မှုလုပ်တာဟာ ​ခွဲခြားဖိနှိပ်မှုဖြစ်ပြီး ​လူ့အခွင့်အရေးနဲ့လည်း ​ကိုက်ညီမှုမရှိဘူး လို့ ​ ဒေါ်အောင်ဆန်းစုကြည်က ​ပြောလိုက်ပါတယ်။ ​ပြီးခဲ့တဲ့နှစ်က ​ရခိုင်ပြည်နယ် မှာ ​ဖြစ်ခဲ့တဲ့ ​ရိုဟင်ဂျာနဲ့ ​ရခိုင်တွေရဲ့ ​ပဋိပက္ခအတွင်း ​ဒေါ်အောင်ဆန်း စုကြည်က ​နှုတ်ဆိတ်ခဲ့တဲ့အပေါ် ​ဝေဖန်မှုတွေလည်း ​ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခဖြစ်ပေါ်ပြီးနောက် ​အစိုးရက ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်တစ်ရပ်ကို ​ဖွဲ့စည်းခဲ့ပါတယ်။ ​စုံစမ်းစစ်ဆေးရေးအဖွဲ့က ​ပြီးခဲ့တဲ့ ​ဧပြီလကပဲ ​အစီရင်ခံစာ ​ထုတ်ပြန်လိုက်ပြီး ​အစီရင်ခံစာထဲမှာ ​ရခိုင်လူမျိုးတွေက ​ရိုဟင်ဂျာလူဦးရေ ​တိုးများလာတဲ့အပေါ် ​စိတ်မသက်မသာဖြစ်နေတဲ့အတွက် ​မြန်မာအစိုးရကသာ ​အရင်ကတည်းက ​ချမှတ်ခဲ့တဲ့ ​ကလေးမွေးနှုန်း ကန့်သတ်တဲ့ ​ပေါ်လစီကို ​ကျင့်သုံးရင် ​အခြေအနေကောင်းလာနိုင်တယ်လို့ ​အကြံပြုထားပါတယ်။ ​ဒါပေမယ့် ​အဲဒီပေါ်လစီကိုလည်း ​အတင်းအဓမ္မ ​ကျင့်သုံးရင် ​လူ့အခွင့်အရေးချိုးဖောက် ရာ ​ရောက်နိုင်တယ်လို့လည်း ​သတိပေးထားပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်က ​အဲလို ​အကြံပြုထားတဲ့အတွက် ​အဲဒီပေါ်လစီကို ​ပြန်လည် အသက်သွင်းမယ်လို့ ​ရခိုင်ဒေသခံ ​အာဏာပိုင်တွေက ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။ ​ရခိုင်ပြည်နယ်အစိုးရက ​တစ်လင်တစ်မယားစနစ်ကျင့်သုံးဖို့နဲ့ ​မိသားစုတစ်စုမှာ ​ကလေး ​၂ ​ယောက် ​အထိသာ ​မွေးကြဖို့ ​ပြောဆိုထားပြီး ​ကလေး ​၂ ​ယောက်ထက်မက ​မွေးတဲ့လူကို ​တရားမဝင်သူအဖြစ် ​သတ်မှတ်မယ်လို့ ​သိရပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​ဦးဥာဏ်ဝင်းကတော့ ​မြန်မာအစိုးရအနေနဲ့ ​ရိုဟင်ဂျာတွေကို ​နိုင်ငံသားဖြစ်ခွင့် ​ပိတ်ပင်တဲ့ ​ဥပဒေကို ​ပြင်ဆင်သင့်ပြီလို့ ​ရိုက်တာ ​သတင်းကို ​ပြောခဲ့ ပါတယ်။
ရိုဟင်ဂျာတွေကို ​နိုင်ငံသားဖြစ်ခွင့်ပေးရင် ​ပြဿနာအတော်များများ ​ဖြေလျော့သွားနိုင်တယ်လို့ ​ပြောပါတယ်။ ​ရိုဟင်ဂျာတွေကို ​နိုင်ငံသားဖြစ်ခွင့်ပေးတာကို ​ရခိုင်လူမျိုးတွေက ​လက်မခံ သည့်တိုင် ​အကောင်အထည်ဖော်သင့် တဲ့အကြောင်း ​ရခိုင်လူမျိုးတွေမှာလည်း ​သေချာရေရာတဲ့ ​အဖြေတွေ ​မရှိကြဘူးလို့ ​ဆိုပါတယ်။
ရခိုင်လူမျိုးတွေက ​ရိုဟင်ဂျာတွေကို ​ရခိုင်ပြည်နယ်ကနေ ​လုံးဝနှင်ထုတ်ဖို့ ​ဆန္ဒရှိပေမယ့် ​ဒါဟာ ​မဖြစ်နိုင်တဲ့ ​ဖြေရှင်းချက်ဖြစ်တယ်လို့ ​ဦးဥာဏ်ဝင်းက ​ရိုက်တာသတင်းကို ​ပြော သွားခဲ့ ပါတယ်။ ​ရခိုင်ပြည်နယ်မှာ ​ရိုဟင်ဂျာ ​အယောက်ပေါင်း ​ရှစ်သိန်းလောက်ရှိမယ်လို့ ​ခန့်မှန်းကြပြီး ​ဦးဥာဏ်ဝင်းအပါအဝင် ​မြန်မာပြည်တွင်းမှာတော့ ​အများစုက ​ရိုဟင်ဂျာကို ​ဘင်ဂါလီလူမျိုးလို့ ​ခေါ်ဆိုကြပါတယ်။

ဒေသန္တရ အမိန့်အား ထောက်ခံသောအားဖြင့် လူထုဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်မည်

ဇင်ကီး
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ပြည်နယ်အစိုးရမှ မောင်တောခရိုင်တွင် ထုတ်ပြန်ထားသော လူဦးရေထိန်းချုပ်သည့် ဒေသန္တရ အမိန့်အား ထောက်ခံသောအားဖြင့် လာမည့် ဇွန်လ ၄ ရက်နေ့၌ လူထု ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲအား စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး ရဟန်းတော်များမှ ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်တော ခရိုင်တွင် ဘင်္ဂလီလူဦးရေ ၉၅ ရာခိုင်နှုန်းရှိနေပြီး တိုင်းရင်းသားများမှ ၅ ရာခိုင်နှုန်းသာ ရှိနေ၍ စိုးရိမ်နေရသော အခြေအနေရောက်နေကြောင်းကို စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး ရဟန်းတော်များအဖွဲ့၏ အတွင်းရေးမှူး ဦးကေသာရမှ မိန့်ကြားခဲ့သည်။
” ဘူးသီးတောင်၊ မောင်တော ဒေသမှာ ထိန်းချုပ်မှုမလုပ်ရင် ရခိုင်တွေ တစ်ယောက်မှ မကျန်တော့ဘူး၊ အမျိုးဘာသာ၊ သာသနာ အကျိုးအတွက် ဒေသန္တရ အမိန့်က မဖြစ်မနေ လိုနေတယ်၊ လူပုဂ္ဂိုလ်တစ်ချို့နှင့် အဖွဲ့အစည်းတစ်ချို့က ဒေသန္တရ အမိန့်ဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ပြောနေကြတဲ့အတွက် အမိန့်ပျက်ပြယ် သွားမှာစိုး တဲ့အတွက် ထုတ်ပြန်တဲ့ အမိန့်ကို ထောက်ခံတဲ့အနေနဲ့ ဆန္ဒပြကြမှာ ဖြစ်တယ်။ ” ဟု ဦးကေသာရမှ မိန့်ကြားသည်။
ဇွန်လ ၂ ရက်နေ့က စစ်တွေမြို့ မြို့သူကြီးရပ်ကွက်တွင် သံဃာတော်များ၊ ရခိုင်လူမှု အဖွဲ့အစည်းများမှာ အစည်းအဝေး တစ်ရပ် ပြုလုပ်ကာ အဆိုပါ ထောက်ခံပွဲအား သံဃာတော်များမှ ဦးဆောင်ကာ ဇွန်လ ၄ ရက်နေ့တွင် မဖြစ်မနေပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေးအဖွဲ့မှ သံဃာတော် ၅ ပါးအပါအ၀င်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်လူမှုအဖွဲ့အစည်း ၁၄ ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စုစုပေါင်း ၅၁ ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးအား ညနေ ၁ နာရီခွဲတွင် စတင်ကာ ၃ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်မှ ” ရခိုင်ပဋိပက္ခစုံစမ်းရေး ကော်မရှင် အစီရင်ခံစာ၏ အကြံပြုချက်အရ ရခိုင်ပြည်နယ်တွင် မွတ်စလင်လူဦးရေ အဆမတန် တိုးပွားမှုနှုန်းအား ထိန်းချုပ်နိုင်ရန်အတွက် ဒေသန္တရ အမိန့်တစ်ရပ်ကို မောင်တော ခရိုင်အတွင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း။ “ မေလ ၂၁ ရက်နေ့က RFA သတင်းဌာနတွင် ဖော်ပြထားသည်။
မွတ်ဆလင် အိမ်ထောင်စုတစ်စုတွင် ကလေး ၂ ဦးနှုန်း မွေးဖွားရန်နှင့် မြန်မာ့ဓလေ့ ထုံးတမ်းအရ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရန် အမိန့်ကို ထပ်မံအတည်ပြုထုတ်ပြန်ခြင်းဖြစ် ပြီး လက်ရှိထုတ်ပြန်သော ဥပဒေအပေါ် ချိုးဖောက်သူများအား လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။
အဆိုပါ အမိန့်ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ မောင်တော၊ ဘူးသီးတောင် အတွင်း ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်ကို ကန့်ကွက် ရှုတ်ချကြောင်းကို NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် မေလ ၂၇ ရက်နေ့က သတင်းထောက်များအား ပြောကြားလိုက်ကြောင်း သိရသည်။

NLD ရခိုင် (၈) မြို့နယ် သဘောထားထုတ်ပြန်ချက် အပေါ် ခေါင်းဆောင် တချို့ တုန့်ပြန်

နိရဉ္စရာ
၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့ နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရခိုင်ပြည်နယ် မြို့နယ် (၈) မြို့နယ်မှ ဘင်္ဂလီမိသားစု တစ်စုလျှင် သားသမီး (၂) ဦးယူရန် ဒေသန္တရ အမိန့်ထုတ်ပြန်ခြင်းကို ထောက်ခံကြောင်း သဘောထား ကျေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌလည်းဖြစ်၊ ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲ အနိုင်ရ လွှတ်တော် အမတ်လည်း ဖြစ်သော ဦးမောင်ကြွင်းအောင်အား ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။
“ ကျွန်တော်က ရသေ့တောင်မြို့နယ် အဖွဲ့ချုပ် ဥက္ကဌပါ။ ဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိသေးဘူး။ ရသေ့တောင်မြို့နယ်လည်း နာမည်ထဲမှာ ပါနေတယ်လို့ သိရတယ်။ ကျွန်တော် မသိဘဲနဲ့ ခုလို နာမည် ပါနေတယ်ဆိုတော့ ဒါဟာ စဉ်းစားစရာ ဖြစ်နေပြီ” ဟု ဆိုသည်။
ဦးမောင်ကြွင်းအောင်မှ မိမိမှာ ယခုအခါ ရန်ကုန်မြို့သို့ ရောက်နေကြောင်း၊ ယခုလို အရေးကြီးသော သဘောထား ထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကော်မီတီဝင် လူကြီးများ မသိဘဲ ထုတ်ပြန်ခွင့် မရှိကြောင်း ပြောသည်။
“ ကျွန်တော်တို့ လုံးဝ မသိဘဲ ဒီထုတ်ပြန်ချက် ထွက်လာတဲ့ အပေါ်မှာ ပြောဆိုတာ ဖြစ်ပါတယ်။ ဒါက ပေါ်လစီပိုင်းနဲ့ ပတ်သက်တဲ့ အတွက် ဗဟိုကသာ ထုတ်ပိုင်ခွင့်ရှိတယ်။ အစည်းအဝေးခေါ်ပြီး လုပ်သလား ဆိုတာလည်း မသိရဘူး။ စစ်တွေက လုပ်သလားလည်း မသိရဘူး။ ကျွန်တော်က အခု ရန်ကုန်ကို ရောက်နေတဲ့ အတွက် မသိရတဲ့ ကိစ္စပေါ်မှာ ပြောဖို့ ခက်ခဲပါတယ်” ဟု ဦးမောင်ကြွင်းအောင်က ဆိုသည်။
မြေပုံမြို့တွင် နေထိုင်သူ မြို့နယ် အဖွဲ့ချုပ် အမျိုးသမီးခေါင်းဆောင် ဒေါ်မပုချေအား ဆက်သွယ် မေးကြည့်ရာ ယခု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိခြင်း မရှိကြောင်း သူမက ပြောကြားသည်။
တောင်ကုတ်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မီတီဝင် တစ်ဦး ဖြစ်သူ ဦးမင်းအောင်အား မေးကြည့်ရာ ယခု ကျေညာချက်အား စစ်တွေမြို့နယ်မှ လူတစ်စုက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ ကျွန်တော် လက်လှမ်းမီသလောက် စုံစမ်းတဲ့ အခါ စစ်တွေက အဖွဲ့ချုပ် အဖွဲ့ဝင် တစ်စုက တစ်ခြားမြို့နယ်တွေရဲ့ နာမည်တွေနဲ့ အခုလို ထုတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခု ထုတ်ပြန်ချက်က ပြည်နယ် အလုပ်အမူဆောင် အဖွဲ့က ထုတ်တာ မဟုတ်တဲ့ အတွက် တရားမ၀င်ပါ” ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးညီပုအား ဆက်သွယ်ရာ ဖုံးပိတ်ထားသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။
(ထုတ်ပြန်ကျေညာချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၏ သဘောထားထုတ်ပြနချက်
ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ မေလ (၃၁) ရက်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်းရှိ ဘင်္ဂလီလူမျိုးများ အိမ်ထောင်စုတစ်စုလျှင် သားသမီး (၂)ဦးယူရန်နှင့် တစ်ကြိမ်သာ လက်ထပ်ထိမ်းမြား ရန် ဒေသန္တရအမိန့်ထုတ်ပြန်ကြောင်း သတင်းမီဒီယာများမှ တဆင့်ကြားသိရပါသည်။
၎င်းအမိန့်သည်လည်း ရခိုင်တစ်ပြည်နယ်လုံးဆိုင်ရာမဟုတ်ဘဲ ဘင်္ဂလီလူဦးရေ လွန်စွာထူထပ်ပြီး မွေးဖွားနှုန်းကြောက် ခန်မန်းလိလိတိုးပွားနေသည့် ဒေသအတွက်ဖြစ်ပါသည်။ လူဦးရေ တို ပွားနှုန်းကို ကန့်သတ်ထိန်းချုပ်နိုင်ရန် ၄င်းတို့၏နေရေး၊ ထိုင်ရေး၊ စားဝတ်နေရေးတို့ကိုပါ သဟဇာတဖြစ်အောင် ပြုလုပ်ပေးခြင်းဖြစ်သည့်အပြင် ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း သိရပါသည်။
ဤလုပ်ဆောင်ချက်များသည် ရခိုင်ပြည်နယ်၏ ပထ၀ိနိုင်ငံရေးအရလည်းကောင်း၊ အမျိုးသားလုံခြုံမှုအရလည်းကောင်း လွန်စွာလိုအပ်နေပါသောကြောင့် ကျွန်ုပ်တို့အနေဖြင့် အလေးအနက်ထောက်ခံအပ်ပါသည်။
၁။ စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၂။ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၃။ ပေါက်တောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၎။ ကျောက်တော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၅။ မြောက်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၆။ ရသေ့တောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၇။ မင်းပြားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၈။ မြေပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဖြန့်ဝေခြင်း
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)
၂။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့
၃။ ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ
၎။ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
၅။ ၀ံလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း
၆။ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက်

ရခိုင်တပြည်နယ်လုံးရှိ ဘင်္ဂလီကုလားများအား ဒေသန္တရအမိန့် ထုတ်ပြန်ပေးရန် တောင်းဆို

ဇင်ကီး
ရခိုင်တပြည်နယ်လုံးရှိ ဘင်္ဂလီကုလားများအား ဘူးသီးတောင်၊ မောင်တောကဲ့သို့ ဒေသန္တရ အမိန့်ထုတ်ပြန်ပေးရန် ဇွန်လ ၄ ရက်နေ့က စစ်တွေမြို့တွင် ပြု လုပ်သော ပြည် နယ်အစိုး ၏ မောင်တောခရိုင်အတွင်း ကလေးမွေးဖွားနှုန်း ထိန်းချုပ်သည့် ဒေသန္တရ အမိန့်အား ထောက်ခံ ဆန္ဒပြပွဲ မှ တောင်းဆိုလိုက်သည်။
” မောင်တော ခရိုင်မှာထုတ်ပြန်တဲ့ ဒေသန္တရအမိန့်ကို ထောက်ခံတယ်၊ ဒီလို ဒေသန္တရအမိန့်မျိုးကို ရခိုင် တပြည်နယ်လုံးမှာလည်း ထုတ်ပေးဖို့တောင်းဆိုပါတယ်။ “ ဟု ရခိုင်အမျိုးသမီးကွန်ယက် ခေါင်းဆောင် ဒေါ်ညိုအေးက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် ရခိုင်တပြည်လုံးရှိ ဘင်္ဂလီကုလားများအား ဘူးသီးတောင်၊ မောင်တော ကဲ့သို့ ဒေသန္တာရ အမိန့်ထုတ်ပြန်ပေးရန်၊ မောင်တောခရိုင်အတွင်း ဘင်္ဂါလီများနှင့် ပတ် သက် ၍ ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း၊ ပြည်နယ်အစိုးရ၏ ဆွဲ၊ တင်၊ စစ် လုပ်ငန်း စီမံချက်အား အမြန်ဆုံးအကောင်းအထည်ဖော်ပေးရန် အဓိက အချက်သုံးချက် ကို ဆောင်း ဆိုခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရ၏ မောင်တောခရိုင် ကလေး မွေးဖွားနှုန်း ထိန်းချုပ်သည့် ဒေသန္တရအမိန့်အား ထောက်ခံဆန္ဒပြပွဲကို စစ်တွေမြို့မှ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်   ရှောင့်ရေး   ရဟန်းတော်များအဖွဲ့မှ ကြီးကြပ်ကာ သံဃာတော် ၄၀၀ အပါအ၀င် ဒေသခံ ၃၀၀၀ ခန့်မှာ မွန်းလွဲ ၁း၃၀ မှ ၂း၃၀ထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဒေသန္တရ အမိန့်ထောက်ခံသူများသည် စစ်တွေမြို့ဝင်္ကဘာကွင်းတွင် စုဝေးခဲ့ကြပြီး တောင်းဆိုချက်များ ကြွေးကြော်လျက် ဦးဥတ္တမလမ်းမှသည် မင်းဘာကြီးလမ်းမှ သင်္ဘောဆိပ်ဘက် သို့ ချီတက်ခဲ့ကာ ထိုမှတဆင့် လမ်းမကြီးတလျှောက်လှည့်လည်၍ ၀င်္ကဘာကွင်း၌ အဆုံးသတ်ခဲ့ကြသည်။
ရခိုင်ပြည်နယ် ၈ မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များ ကလည်း မောင်တော ခရိုင်အတွက် လူဦးရေ မွေးဖွားနှုန်း ကန့်သတ်ရန် ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း သဘောထားကို မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ မောင်တောခရိုင်အတွင်း ဒေသန္တရ အမိန့် ထုတ်ပြန်ခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်ကြောင်း မေလ ၂၇ ရက်နေ့က မီဒီယာများသို့ ပြောဆို လိုက် ပြီး   လူ့အခွင့် အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW)၊ အမေရိကန် အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့ကြီးတို့ကလည်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။
ဒေသန္တရအမိန့်၌ အသက် ၁၈ နှစ်ပြည့်မှ အိမ်ထောင်ပြုရမည်ဖြစ်ပြီး၊ တလင်တမယားစနစ်သာ ကျင့်သုံးလျက်အိမ်ထောင်တခုတွင် ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိသည်။ ဤအမိန့်မှာ စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် ထုတ်ပြန်ထားရာ ၂၀၁၁ ခုနှစ်ထိ တနှစ်တကြိမ် နှစ်စဉ်ဆက်တိုက် ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင်ဗဟိုအစိုးရပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကလည်း အဆိုပါဒေသန္တရ အမိန့်အား ပြန်လည် သုံးသပ်ရန်ရှိကြောင်း ဗွီအိုအေ အမေရိကန်အသံသို့ ပြောဆိုထားရှိသည်။

တအိမ်ထောင် ကလေး နှစ်ဦး အမိန့် ထောက်ခံ ဆန္ဒပြ

ခင်ဦးသာ
ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်းရှိ ဘင်္ဂါလီ (မွတ်စလင်) လူမျိုး အိမ်ထောင်စုတစုလျှင် ကလေးနှစ်ဦးသာ မွေးဖွားရန် ဒေသန္တရ အမိန့်ထုတ်ပြန်ခြင်းကို ထောက် ခံကြောင်း   ထောင်နှင့်ချီ ပါဝင်သည့် ဆန္ဒထုတ်ဖော်ပွဲကို စစ်တွေမြို့၌ ယနေ့ပြုလုပ်ကြောင်း သိရသည်။
ရခိုင်အခြေစိုက် နိုင်ငံရေးပါတီများ ဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊   ပြည်ထောင်   စု    ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသည့် နိုင်ငံရေး ပါတီများ၊ ရခိုင် လူမှု အဖွဲ့အစည်းများ စသည့် အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့ခန့်နှင့် သံဃာတော်များက ထောက်ခံ ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်ကြောင်း ဦးဆောင် ပါဝင်သည့် သံဃာတော် ဦးဝဏ္ဏသာမိက ဧရာဝတီကို မိန့်သည်။
၎င်းက “အစိုးရက ထုတ်ပြန်ထားတဲ့ ဒေသန္တရ အမိန့်ဟာ နယ်မြေဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး အတွက် အမှန် တကယ် လိုအပ်နေတယ်၊ ဒီဒေသန္တရ အမိန့်ကို ဘင်္ဂါလီတွေ ရှိတဲ့ ရခိုင်တပြည်လုံးမှာ ကျင့်သုံးဖို့ အတွက်လည်း ထောက်ခံတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒထုတ်ဖော် ထောက်ခံရတာပါ” ဟု မိန့်သည်။
အစိုးရ၏ မောင်တောခရိုင်၌ ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း၊ ထိုအမိန့်ကို ရခိုင်ပြည်နယ်တ၀န်း ကျင့်သုံးနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ဆွဲ၊ တင်၊ စစ် စနစ်အား အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် စသည့် အချက် ၃ ချက်ကို တောင်း ဆိုထားကြောင်း သိရသည်။ ဆွဲ၊ တင်၊ စစ် ဆိုသည်မှာ နေရာဒေသ မြေပုံဆွဲခြင်း၊ မှတ်တမ်း တင်ခြင်း   နှင့် စစ်ဆေးခြင်း တို့ ဖြစ် သည်။
“ဒီအချက်တွေဟာ နိုင်ငံတော်ကိုရော ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကိုမှ မကောင်းတဲ့ ဆန္ဒနဲ့တုံ့ပြန်ဖို့ မဟုတ်ဘူး၊ ဒေသခံ တိုင်း ရင်းသားတွေရဲ့ လက်တွေ့ ခံစားနေရတဲ့ အကျိုး ဆက်တွေ ကို အမှန်တကယ် သိရှိနားလည်ဖို့အတွက် ထုတ်ပြန်ရတာ၊ တောင်းဆိုရတာသာ ဖြစ်တယ်” ဟု ဦးဝဏ္ဏသာမိ က မိန့်ကြားသည်။
ယခု ဆန္ဒထုတ်ဖော်ပွဲ၌ လူမှုအဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံရေး ပါတီပေါင်းစုံ၊ ပြည်သူတရပ်လုံး ပါဝင်လာခြင်းသည် အမျိုးသား စည်းလုံး ညီညွှတ်ရေးအတွက် အင်အားတခုကို ဖြစ်ပေါ်စေ၍ အကျိုးကျေးဇူးများကြောင်းလည်း ဆရာတော်က မိန့်သည်။
ဆန္ဒထုတ်ဖော်သူများသည် စစ်တွေမြို့ ပြည်လုံးချမ်းသာ ဘုရားကြီးမှ စတင်၍ စစ်တွေကို စီတန်း လှည့်လည် လမ်းလျှောက် ခဲ့ကြကြောင်း၊ အာဏာပိုင်များကလည်း   စောင့်ကြည့်ရုံမှ အပ   တစုံ တရာ အနှောင့်အယှက် မပေးကြောင်း သိရသည်။
“ဒီပွဲကိုလုပ်ဖို့ ဒီလ ၈ ရက်နေ့မှာ ကျရောက်မယ့် မောင်းတောမြို့နယ် မီးရှို့မှုတွေဖြစ်ခဲ့တဲ့ နှစ်ပတ်လည်နေ့နောက်ပိုင်းမှ လုပ်မလားလို့ စဉ်းစားသေးတယ်။ ဒါပေမယ့် အားလုံးက   စောစော လုပ်ပြီး စောစောပြည်သူ့အသံ ထုတ်ဖော်တာက ပိုကောင်းမယ်လို့ ယူဆပြီး ဒီနေ့မှာ လုပ်လိုက်ကြတာ” ဟု အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်သော စစ်တွေမြို့မိမြို့ဖ တဦးဖြစ်သူ ဦးသာပွင့်က ဆိုသည်။
ဘင်္ဂါလီနွယ်ဖွား လူဦးရေတိုးပွားမှုကို ကန့်သတ်ထိန်းချုပ်ရန်အတွက် ပြည်နယ်အစိုးရမှ ထုတ်ပြန်သော အမိန့်ကို ထောက်ခံသည့် အပြင် ရခိုင်ပြည်နယ် မောင်းတောမြို့နယ်တခု သာမက ရခိုင်တပြည်နယ်လုံးတွင်ပါ ထုတ်ပြန်ရန်နှင့် စွဲ၊ တင်၊ စစ် ဆိုသော လူဦးရေ စာရင်းကောက်ခံမှုများကိုပါ အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ရန် တောင်းဆိုကြောင်း ဦးသာပွင့်က ဧရာဝတီသို့ ပြောသည်။
“ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့နီးတဲ့အတွက် ဘင်္ဂါလီလူမျိုးတွေကို ထိန်းချုပ်ဖို့ရာ လိုအပ်တယ်။ ဒါ့ကြောင့် ဒီဥပဒေကို ထောက်ခံတယ်။ ဒေသခံတွေအနေနဲ့က ဒီဒေသန္တရ အမိန့်ကို ဆန့်ကျင်တာမှန်သမျှ ပြန်ပြီးဆန့်ကျင်သွားမယ်။ နောက် စွဲ၊ တင်၊ စစ် ဆိုတာကိုမှ အကောင်ထည် မဖော်နိုင်ရင် နောက်လာမယ့် ၂၀၁၄ ခုနှစ်မှာ လုပ်မယ့် သန်းခေါင်စာရင်း ကိစ္စတွေကို ဘယ်လိုလုပ်လို့ရမှာလဲ” ဟု ၎င်းက ဆိုသည်။
လူထုဆန္ဒထုတ်ဖော်ပွဲကို စစ်တွေမြို့ပေါ်ရှိ နိုင်ငံရေးပါတီမျိုးစုံမှ ပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖ များအား လုံး ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ပျမ်းမျှ လူဦးရေ တစ်ထောင် ၀န်းကျင်ရှိနိုင်ကြောင်း သိရသည်။ လူထုက အတွင်းမှနေပြီး ရဟန်းတော်များမှ လူအုပ်ကြီးကို ကာရံကာ လိုက်ပါလာခဲ့ကြောင်း၊ နေ့လယ် ၁ နာရီတွင် ဘုရားကြီးအနီးရှိ ၀င်္ကပါကွင်းတွင် စတင်လူစုထွက်ခွာခဲ့ပြီး နေ့လည် ၂ နာရီကျော်တွင် လူစုပြန်လည်ခွဲခဲ့ကြကြောင်း၊ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအတွက် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ခွင့်ပြုချက် တင်ပြခဲ့သေးကြောင်း သိရသည်။
“အာဏာပိုင်တွေ ခွင့်ပြုချက်ပေးခဲ့လားတော့ ကျနော်မသိဘူး။ ကျနော် အဲဒီဘက်မှာ မစီစဉ်တော့ မပြောတတ်ဘူး။ ဒါပေမယ့် အားလုံးက ခွင့်မပြုလည်း ဒီဆန္ဒဖော်ထုတ်ပွဲကို လုပ်ကြ မှာပဲ” ဟု ဦးသာပွင့်က ဆက်ပြောသည်။
ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ပွဲတွင် နိုင်ငံရေး ပါတီဝင်များ ပါဝင်ကြသော်လည်း ပါတီအနေဖြင့် ပါဝင်ခြင်းမျိုးမဟုတ်ဘဲ ပြည်သူလူထု အနေဖြင့် ပါဝင်ဆောင်ရွက်ခြင်း   ဖြစ်ကြောင်း၊ နိုင် ငံရေး ပါတီများအနေဖြင့်လည်း ထိုကိစ္စအတွက် မည်သည့် ညွှန်ကြားချက်မျိုးမှ ပြုလုပ်ရန်မရှိကြောင်း ရခိုင်တိုးရင်းသားများတိုးတက်ရေးပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ဧရာဝတီသို့ ပြောသည်။
“တဦးချင်းစီရဲ့ ရခိုင်ပြည်သူတွေဆိုတာလည်း ပါတီဝင်တွေ ပါချင်ပါမှာပေါ့။ ဆန္ဒနဲ့ ပါကြတာဆိုတော့ ပါတီဘက်ကတော့ ဘာမှ လုပ်မှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
မောင်တော၊ ဘူးသီးတောင်ဒေသရှိ ဘင်္ဂါလီ မိသားစုတစုလျှင် ကလေး၂ ဦးသာ ယူရန်နှင့် တလင် တမယား စနစ်ကျင့်သုံးရန် ဒေသန္တရ အမိန့်ကို ၁၉၉၀ ၀န်းကျင် ကတည်းက ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း၊ ယခုအခါ ထပ်မံထုတ်ပြန်ရန် လိုအပ် လာသည့် အတွက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း၊ ရခိုင်စုံစမ်းရေးကော်မရှင်ကလည်း ထိုသို့ အကြံပြုထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြား ရေး တာဝန်ခံ ဦးဝင်းမြိုင်ကလည်း ပြောသည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုလူဦးရေ ထိန်းချုပ်သည့် ကိစ္စကို လူ့အခွင့်အ ရေးရှုထောင့်မှ ကြည့်ပြီး လူ့အခွင့်အရေး ချိုးဖောက်ကြောင်းပြော ဆိုခဲ့မှုကို အမေရိကန်နိုင်ငံနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့မှ မြန်မာအစိုးရပေါ် ဖိအားပေးလာလျှင် ပြည်သူလူထုမှလည်း ၎င်းတို့၏ ဆန္ဒကိုထုတ်ဖော်ပြသခြင်းဖြင့် တွန်းလှန်နိုင်ရန် ယခုကဲ့သို့ လူထု ထောက်ခံဆန္ဒဖော်ထုတ်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် ဒေသခံ လူငယ်ခေါင်းဆောင် ကိုအောင်သစ်စိုးက ဆိုသည်။
ကုလသမဂ္ဂမှ လူဦးရေ မပြန့်ပွားရေး အစီအစဉ်များ ဖော်ထုတ်လုပ်ကိုင်ခဲ့ခြင်းကလည်း လူဦးရေ ထိန်းချုပ်ခြင်း တမျိုးပင် ဖြစ်မည်ဟု ယူဆကြောင်း၊ ရခိုင်ပြည်နယ်အခြေအနေကို ရခိုင်လူထုက အသိဆုံးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေသန္တရ အမိန့်ကို ထုတ်ပြန်ထားသည့်တိုင် တရားမ၀င် မွေးထားသည့် ကလေး ဦးရေ ၆၀၀၀၀ ရှိကြောင်း ရခိုင်ပဋိပက္ခ စုံ စမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ အနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ၏ ခွင့်ပြုချက် မရှိဘဲ အိမ်ထောင်ပြူခွင့် မရှိကြောင်း၊ ထိုစည်းမျဉ်းသည် ဘင်္ဂါလီများထံမှ လာဘ်ယူရန် အခွင့်အရေး ဖန်တီးပေးထား သကဲ့သို့ ဖြစ်နေပြီး လက်တွေ့တွင် အကျိုးသက်ရောက်မှု မရှိသည်ကို တွေ့ရှိရကြောင်းလည်း အစီရင်ခံစာ က ဆိုသည်။
ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ကို ဒေသဆိုင်ရာ အာဏာပိုင်များသည် လိုက်နာကျင့်သုံးမှုမရှိဘဲ အဂတိ လိုက်စားမှုများ လုပ်ဆောင်ခဲ့ကြသည့် အတွက် ယခုကဲ့သို့ တရားမ၀င်မွေးဖွားသည့် ကလေးဦးရေ များပြားနေကြောင်း၊ ယခုတဖန် ထပ်မံထုတ်ပြန် လိုက်သည့်တိုင် လိုက်နာမှုမရှိပါက ထူးခြားမှု ရှိမည်မဟုတ်ကြောင်း ရခိုင်လူမှု အဖွဲ့များက ဆိုသည်။
“အစိုးရက ထုတ်ပြန်တဲ့အမိန့်ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက အမှန်တကယ် ထိရောက်အောင် ဆောင်ရွက်စေချင်တယ်၊ လူမှုအဖွဲ့တွေကလည်း စောင့်ကြည့်ပြီး အစိုးရကို တိုက်တွန်းသွားမှာပါ” ဟု ဦးဝဏ္ဏသာမိ က မိန့်သည်။
မောင်တောမြို့နယ်၏ ဘင်္ဂါလီ လူဦးရေမှာ ၉၅ ရာခိုင်နှုန်းရှိပြီး ဘူးသီးတောင်ဒေသ၌ ၉၀ ရာခိုင်နှုန်းကျော် ရှိသည်။ ရခိုင်ပြည်နယ် တ၀န်း၌ ဘင်္ဂါလီ ဦးရေ စုစုပေါင်း တသန်းကျော် ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ စာရင်းဇယား များအရ သိရသည်။
မောင်တော၊ ဘူးသီးတောင် ဒေသ၌ မိသားစု တစုလျှင် လူဦးရေ ၃၀ မှ ၈၀ ၀န်းကျင် အထိရှိကြောင်း၊ ဘင်္ဂါလီ အမျိုးသားတဦးလျှင် မိန်းမ ၄ ဦး အထိ ယူထားသူများရှိကြောင်းလည်း အစိုးရ က မကြာခဏ ပြောဆိုလေ့ရှိသည်။
ရခိုင်ပြည်နယ်တွင်း ဆင်းရဲမွဲတေလွန်းသော ရပ်ရွာများတွင် သားဆက်ခြားရေး မိသားစုစီမံကိန်းကို နိုင်ငံတကာ ကျန်းမာရေး အထောက်အကူပြု အဖွဲ့များက ပညာပေးဆောင် ရွက်မှုများ ရှိခဲ့သည်။
ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ ဒသမ ၃သန်း ကျော်နေထိုင်ပြီး ရခိုင် ၊ သက်၊ ဒိုင်းနက်၊ မြို၊ ခမီး၊ ကမန်၊ မရမာကြီးနှင့် ရိုဟင်ဂျာ လူမျိုး များနေထိုင်ကြကြောင်း ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

 Posted by danyawadi

No comments:

Post a Comment