Wednesday, June 26, 2013

ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန် ပြင်းပြင်းဖြင့် တိုးမြှင့် ဆောင်ရွက်ကြရန် မှာကြား

အောက်ခြေတွင် ဘာမှမထူးသေးဟူသော ဝေဖန်မှုများ အလေးထားပြီး ထင်သာမြင်သာသည့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန် ပြင်းပြင်းဖြင့် တိုးမြှင့် ဆောင်ရွက်ကြရန် မှာကြား
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေပြည်တော် ဇွန် ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီမံကိန်းကော်မရှင် အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီ တွင် နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများမှ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီး အကဲများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ (၂) နှစ်တာ ကာလအတွင်း မိမိတို့ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး၊ အုပ်ချုပ်ရေးစသည့် ပြုပြင်ပြောင်းလဲ မှုများသည် ဒီမိုကရေစီ အတွေ့အကြုံ၊ ဒီမိုကရေစီအလေ့အကျင့် နည်းပါးသေးသည့်အတွက် စမ်း တဝါးဝါးဖြင့် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပြီး အောင်မြင်မှုများ ရှိခဲ့သကဲ့သို့ အကောင်အထည် မဖော်နိုင်သေး သည်များ၊ အောင်မြင်မှု နှေးကွေးနေသည်များလည်း ရှိပါကြောင်း ။

အမြန် တိုးတက်ပြောင်းလဲမှုကို လိုလားနေကြသည့် ပြည်သူများအနေဖြင့် အခြေခံ ပြောင်းလဲ တိုးတက်မှု များကို လက်ခံနိုင်စွမ်း မရှိသေးဘဲ အောက်ခြေမှာ ဒီအတိုင်းဘဲ၊ ဘာမှမထူးသေးဘူး ဟူသည့် ဝေဖန်မှုများ ရှိနေပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ သဘောထားအမြင်များကို အလေးထားပြီး မိမိတို့ အစိုးရအနေဖြင့် ထင်သာမြင်သာသည့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုးမြှင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ။

စနစ်တစ်ခုမှ အခြားစနစ်တစ်ခုသို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရသည့်အခါတွင် အခြားသောနိုင်ငံ များ၏ ဖြစ်စဉ်ဖြစ်ရပ် များကို ကြည့်လျှင် အချိန်ယူပြီး ပြောင်းလဲခဲ့ရသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း ။

ယင်းနိုင်ငံများတွင် နိုင်ငံရေး တည်ငြိမ်မှုရှိသည့်အတွက် စီးပွားရေးနှင့် အုပ်ချုပ်ရေးတို့ကိုသာ အဓိက ပြုပြင်ပြောင်းလဲ ရခြင်း ဖြစ်ပြီး မိမိတို့ နိုင်ငံအနေဖြင့်မူ ဤ(၂)နှစ်တာ ကာလအတွင်းတွင် နိုင်ငံရေး တည်ငြိမ်အောင်၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင်၊ စီးပွားရေးပိတ်ဆို့ တားဆီးမှု များကို ဖယ်ရှားနိုင်အောင် ဆောင်ရွက် ရသည့်အပြင် မမျှော်လင့်ဘဲဖြစ်ပေါ်လာသည့် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများ၊ ခေတ်ဟောင်း စနစ်ဟောင်းက ပြည်သူများ မကျေနပ်ခဲ့မှု အပေါ် လှုပ်ရှားတောင်းဆိုမှုများ၊ သဘာဝဘေးဒဏ်များစသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင် ကြုံတွေ့ နေရပါကြောင်း။

သို့သော်လည်း နားလည်စာနာမှုရှိသည့် ပြည်သူများ၏ ထောက်ခံအားပေးမှု၊ ဝိုင်းဝန်းပံ့ပိုး ကူညီ ပေးခဲ့မှုများကြောင့် ယင်းအခက်အခဲများကို ရင်ဆိုင် ကျော်လွှားနိုင်ခဲ့သည်များ ရှိသကဲ့သို့ ရင်ဆိုင်နေရဆဲ လည်း ရှိပါကြောင်း၊ ပြည်သူများ အပေါ်ထားရှိသည့် စိတ်ရင်း စေတနာသာအဓိက ဖြစ်သည့်အတွက် ရှေ့ကိုဆက်ပြီး စိတ်စေတနာ ကောင်းကောင်း ဖြင့် ဆောင်ရွက်သွားကြရန် ဆုံးဖြတ်ထားပြီးဖြစ်ပါကြောင်း။

အဓိကမှာ တိုင်းပြည်တွင် စီးပွားရေး သိသိသာသာ တိုးတက်ရန် အရေးကြီးပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအပေါ် များစွာ တည်မှီနေသည့် အတွက် ပြည်သူများ အပိုင်းကလည်း တိုင်းပြည်တည်ငြိမ် အေးချမ်းအောင်၊ တရားဥပဒေ စိုးမိုးမှုရှိအောင် ဝိုင်းဝန်းကူညီကြရန် အရေးကြီး ပါကြောင်း၊ ပြစ်တင် ဝေဖန်ကြမည့်အစား ကိုယ့်လူမျိုး အချင်းချင်း ဝိုင်းဝန်း ကူညီလိုသည့် မြင့်မြတ်သည့် စိတ်ထားများ ပြောင်းလဲပေးကြရန် လိုအပ်ပါကြောင်း။

တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ပေါင်း (၆ဝ)ကျော် ကြာညောင်းခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး သဘောထား တူညီသည့် အချက် များကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှု အားလုံးနီးပါး ရပ်စဲသွားပြီဖြစ်၍ မကြာမီ ကာလအတွင်းတွင် လွှတ်တော်သို့တင်ပြပြီး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုး နိုင်ကြတော့မည်ဖြစ်ပါကြောင်း။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရုံဖြင့် ငြိမ်းချမ်းရေးရပြီဟု ပြော၍မရသေးပါကြောင်း၊ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးစရာများ များစွာ ကျန်ရှိနေဦးမည် ဖြစ်ကြောင်း၊ သို့သော်လည်း နယ်စပ်ဒေသများတွင် အထိုက်အလျောက် အေးချမ်းသွားပြီဖြစ်၍ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် ယင်းဒေသများတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် အင်တိုက် အားတိုက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းသည် မိမိတို့အစိုးရ၏ ဦးစားပေး လုပ်ငန်း ဖြစ်သော်လည်း ယနေ့အထိ ထိထိရောက်ရောက် မလုပ်နိုင်သေးသည်ကို တွေ့ရပါကြောင်း၊ ဆင်းရဲနွမ်းပါးသူများ၏ အဓိကလိုအပ်ချက်သည် ငွေကြေးအရင်းအနှီး ဖြစ်ပါကြောင်း၊ ငွေကြေး အရင်းအနှီး ကို စနစ်တကျ ထိထိရောက်ရောက် ချေးငှားပေးနိုင်မည်ဆိုလျှင်၊ အလုပ်အကိုင်များဖန်တီးပေးနိုင်မည် ဆိုလျှင် ဆင်းရဲနွမ်းပါးမှု သိသာစွာ လျော့ကျသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ငွေကြေး အရင်းအနှီးကို မည်သည့် နည်းစနစ်ဖြင့်ချေးငှားမည်၊ ကိုယ်ပိုင်လုပ်ငန်းလေးများကို မည်သို့ မတည်ထူထောင်ပေးမည် ဆိုသည်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အပြိုင်အဆိုင် ကြိုးစားဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ။

တစ်ချိန်တည်းမှာပင် ငွေကြေးအရင်းအနှီးရှိသူအချို့ကို မိမိဒေသအတွင်းတွင် အသေးစားနှင့် အလတ်စား ကုန်ထုတ် လုပ်ငန်းများ ရင်းနှီးလုပ်ကိုင်လာအောင် အားပေးရန်လိုအပ်ပါကြောင်း၊ တစ်ဦးချင်းသော် လည်းကောင်း၊ အစုအဖွဲ့ဖြင့် သော်လည်းကောင်း၊ သမဝါယမစနစ်ဖြင့် သော်လည်းကောင်း လုပ်ကိုင်နိုင် အောင် ဖန်တီးပေးရမည်ဖြစ်ပြီး လုပ်ငန်းငယ်လေးများကို အခွန်အခ ကင်းလွတ်ခွင့်ပေးပြီး ငွေကြေး အရင်းအနှီးကိုလည်း ဝိုင်းဝန်းကူညီပေးရန် လိုအပ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ စီးပွားရေးသည် လယ်ယာကဏ္ဍ စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးအဆင့်မှ စက်မှုကို အခြေခံသည့် အဆင့်သို့ မကူးပြောင်းနိုင်သေးသည့်အတွက် လောလောဆယ် စိုက်ပျိုးရေး ကဏ္ဍကို အခြေခိုင်မာအောင် ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍတွင် လက်ရှိထက်ပိုမို တိုးတက် ထုတ်လုပ် နိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှု (၅) ရပ်ဖြစ်သည့် စိတ်ဓာတ်များပြောင်းလဲရန်၊ လယ်မြေများ တန်ဖိုးရှိ အောင် ပြောင်းလဲရန်၊ အထွက်တိုး မျိုးများပြောင်းလဲရန်၊ သိပ္ပံနည်းကျစိုက်နည်းစနစ်များ ပြောင်းလဲရန်နှင့် စက်မှုလယ်ယာ ပြောင်းလဲရန် ချမှတ်ပေးထားပြီး ဖြစ်ပါကြောင်း၊ မိမိတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မည်မျှ ပြောင်းလဲနိုင်ပြီဆိုသည်ကို ပြန်လည်စိစစ် ရမည်ဖြစ်ပါကြောင်း ။

ယခုအခါ ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူများအတွက် ဥပဒေရှိပြီးဖြစ်သည့်အပြင် စီးပွားရေး ပိတ်ဆို့မှု အတားအဆီး များကိုလည်း ဖယ်ရှားနိုင်ခဲ့ပြီဖြစ်၍ ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူများကို ရှာဖွေပြီး တိုင်းပြည် အတွက်၊ ပြည်သူများ အတွက်အကျိုးရှိမည့် လုပ်ငန်းများ၊ အန္တရာယ်မဖြစ်နိုင်သည့် ကုန်ထုတ် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ဈေးကွက်ရှာဖွေကြရန်၊ အရည်အသွေးကောင်းပြီး ကုန်ကျစရိတ် သက်သာ သည့် ကုန်ပစ္စည်းများ ထုတ်လုပ်ကြရန်နှင့် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ များများ ပေါ်ထွက်လာ အောင် ကူညီပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေးသည် မိမိတို့၏ စတုတ္ထ Reform ဖြစ်သည့်အတွက် ယင်းကို အောင်မြင်အောင် လုပ်ဆောင်သွားကြရန် ဖြစ်ကြောင်း။

ခရီးသွားလုပ်ငန်းသည် ဟိုတယ်လုပ်ငန်းရှင်များအတွက်သာမက ပို့ဆောင်ရေးလုပ်ငန်း၊ ဈေးဆိုင် လုပ်ငန်း နှင့် Tour Guide များအတွက်ပါ ဝင်ငွေရရှိနိုင်သည့် လုပ်ငန်းဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြည်ပခရီးသွား နှစ်စဉ်(၃)သန်းခန့် ဝင်ရောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း ။

စီးပွားရေးတိုးတက်အောင် ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ရေးအတွက် ကုန်ထုန်လုပ်မှု၊ စိုက်ပျိုးရေး၊ အခြေခံ အဆောက်အဦ၊ စွမ်းအင်/သတ္တု၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်းများနှင့် ဆက်သွယ်ရေး စသည့် ကဏ္ဍများကို နှစ်စဉ်တိုးတက်အောင် ဆောင်ရွက်နိုင်မှသာ တိုင်းပြည်၏ GDP သိသိသာသာ တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းပြည် GDP တိုးတက်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွား ဘဝပါ လိုက်ပါ တိုးတက်အောင် အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း ။

မိမိတို့ အစိုးရအနေဖြင့် ကျန်ရှိသည့် (၃၁)လတာကာလအတွင်း ပြည်သူတစ်ဦးချင်း ခံစားနိုင်သည့် ရေ၊ မီး ရရှိရေး၊ သွားလာမှု အဆင်ပြေရေး၊ ရိက္ခာဖူလုံရေး၊ အလုပ်အကိုင်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဘဝ သိသာစွာ ဖွံ့ဖြိုးတိုးတက်အောင် အားလုံးတာဝန်ယူပြီး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရန် အလေးထား တိုက်တွန်း မှာကြားအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးဦးဌေးအောင်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက e-Government လုပ်ငန်း တိုးမြှင့်ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အထိ ကာလတို(၅)နှစ်စီမံကိန်း (မူကြမ်း) ကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ များမှ ဥက္ကဋ္ဌ များက ဒေသန္တရစီမံကိန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရပ်နား လိုက်သည်။

အစည်းအဝေးကို ဇွန် (၂၆) ရက် နံနက် (၉) နာရီတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
http://www.president-office.gov.mm/zg/briefing-room/news/2013/06/25/id-3791]

No comments:

Post a Comment