Friday, April 26, 2013

နိုင်ကျဉ်းဟောင်းများ ပြန်လည်ထူထောင်ရေးအတွက် အရပ်ဖက် အဖွဲ့အစည်းများ၏ အကူအညီလိုအပ်

FRIDAY, APRIL 26, 2013

ရန်ကုန်(မဇ္ဈိမ)။ ။ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အဖွှဲ့အစည်း တခုတည်း၏ ပံ့ပိုးကူညီမှုဖြင့် လုံလောက်မှု မရှိသဖြင့် အရပ်ဘက် အဖွဲ့အစည်း များစွာ၏ အကူအညီ လိုအပ်လျက်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုထွန်းကြည်က မဇ္ဈိမကို ပြောသည်။

၎င်းက “ကျွန်တော်တို့ချည်းပဲ မနိုင်ပါဘူး၊ အရပ်ဘက်အဖွဲ့တွေ ဘက်ကလည်း ကူညီမှ ဖြစ်မှာပါ။ ဥပမာ ပြောရရင် အသက်မွေး ၀မ်းကျောင်း သင်တန်းတခုခု တက်ဖို့ လိုမျိုး၊ တခြားဖောင်ဒေးရှင်း တွေကရော တတ်နိုင်တဲ့ အကူအညီ ပေးတာမျိုး ၊ ကျွန်တော်တို့ဘက်က လိုအပ်တာတွေ များပါတယ်” ဟုဆိုသည်။

ပြန်လည် လွတ်မြောက် လာသူနိုင်ငံရေး အကျဉ်းသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးများကို တတ်နိုင်သမျှ မိမိတို့ကူညီ ပေးလျက်ရှိကြောင်း သို့သော် ပြန်လည်လွတ်မြောက် လာသော နိုင်ငံရေး အကျဉ်းသားများအနက်မှ အချို့ကိုသာ ပြန်လည် ထူထောင်ရေး ပြုလုပ်ပေးနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ရုံးအဖွဲ့တာဝန်ခံ ကိုသက်ဦးက ပြောသည်။

ကိုသက်ဦးက “နောက်ပိုင်းမှ လွတ်လာတဲ့ လူတွေကိုပဲ လုပ်ပေးနိုင်သေးတယ်။ အရင်က လွတ်လာတဲ့ လူတွေကို မလုပ်ပေးနိုင်သေးဘူး။ ကျွန်တော်တို့နဲ့ အေအေပီပီ (AAPP) နဲ့ ပူးပေါင်းပြီးတော့ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လည်ထူထောင်ဖို့ အတူဆောင်ရွက်ကြပေမဲ့ အေအေပီပီက အများဆုံးပေးတာပါ” ဟု ရှင်းပြသည်။

နိုင်ငံရေး အကျဉ်းသားများ ပြန်လည်ထူထောင်ရေးတွင် အဓိက လိုအပ်ချက်မှာ ကျန်းမာရေး ဖြစ်ပြီး ဒုတိယအနေဖြင့် စိတ်ကျန်းမာရေး ဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးအတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဆေးခန်းများတွင် ကျန်းမာရေးစစ်ဆေး ပေးပြီးကူညီလျက် ရှိကြောင်း ကိုသက်ဦးက ပြောသည်။

ပညာရေးနှင့် ပတ်သတ်၍ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ သားသမီးများ၏ ပညာရေးနှင့် ကွန်ပျူတာ သင်တန်း၊ သူနာပြုသင်တန်းများကိုလည်း တလလျှင် လူနှစ်ဦးခန့် သင်ကြားစေကြောင်း သို့သော် အဆင်ပြေစွာဖြင့် ထိထိရောက်ရောက် ထူထောင်မှု လုပ်ပေးရန်မှာ အခက်အခဲများစွာ ရှိကြောင်း နိုင်ငံရေး အကျဉ်းသားအဖွဲ့မှ သိရသည်။

အဆိုပါ ကူညီရေးကိစ္စများနှင့် ပတ်သတ်ပြီး အရပ်ဖက် အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့နည်းပါးပြီး ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းမှ ၂ လ တကြိမ်ထောက်ပံ့ငွေများ ပေးနေကြောင်း ကိုထွန်းကြည်မှ ရှင်းပြသည်။

ကိုထွန်းကြည်က “ကျွန်တော်တို့ သွားတဲ့ လမ်းက နည်းနည်းတော့ ဘဘဦးဝင်းတင် သွားတဲ့လမ်းကြောင်းနဲ့ ကွာတာပေါ့။ နိုင်ကျဉ်းတွေဟာ ကျောင်းတဝက်တပျက်နဲ့ ဖြစ်သွားတာမျိုး အလုပ်လက်မဲ့ ဖြစ်သွား တာမျိုးတွေနောက်ပြီးတော့ မိသားစုတွေပါ ဘ၀နုံချာ သွားတာတွေ ရှိတယ်လေ။ အဲဒါတွေအတွက် ကတော့ ကျွန်တော်တို့ ကူညီနိုင်သလောက် ကူညီပေးနေပါတယ်။” ဟု အကူအညီပေးနေသည့် ရည်ရွယ်ချက်များကို ရှင်းပြခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်၏ လက်ထက်တွင် လွတ်မြောက်လာခဲ့သော နိုင်ငံရေး အကျဉ်းသား စုစုပေါင်း(၉၄၉) ဦးရှိပြီ ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီအထိ လွတ်မြောက်သော နိုင်ငံရေး အကျဉ်းသား စုစုပေါင်းမှာ (၁၅၁၃) ဦးခန့် လွတ်မြောက်ခဲ့ကြောင်း အေအေပီပီ (နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှ ထုတ်ပြန်ကြေညာထားသည်။

No comments:

Post a Comment