နယူးဒေလီ (Associated Press) | သောကြာနေ့၊ ဧပြီလ ၂၆ ရက်
အိန္ဒိယ နိုင်ငံ အလယ်ပိုင်းရှိ ဆေးရုံ အဆောက်အဦး တခု သောကြာနေ့က ပြိုကျရာ
အပျက်အစီးများ ကြားထဲတွင် လူ ၁၅ ဦးအထိ ပိတ်မိနေခဲ့သည်ဟု အိန္ဒိယနိုင်ငံ
တာဝန်ရှိသူ တဦးက ဆိုသည်။
အိန္ဒိယနိုင်ငံ မာဒဲပရာဒေ့ရှ် ပြည်နယ်၏ မြို့တော် ဖြစ်သည့် ဘိုပါး ရှိ
Kasturba Gandhi ဆေးရုံ၏ အဆောက်အဦး အစိတ်အပိုင်းတခု ပြိုကျရာ
အပျက်အစီးများ ကြားထဲတွင် ပိတ်မိနေသည့် လူ ၁၅ ဦးခန့်ကို ကယ်ဆယ်ခဲ့ကြောင်းမြို့တော်ဝန် Krishan Gaur က ပြောကြားခဲ့သည်။
အိန္ဒိယ ရဲအရာရှိ Upendra Jain က ပြောကြားရာတွင် ထိုဆေးရုံ၏ အမျိုးသမီး
လူနာဆောင် ပထမထပ် ၏ မျက်နှာကြက် ပြိုကျခဲ့ချိန်တွင် ထိုပထမထပ်၌ လူ ၂၅ ဦးမှ
၃၀ ဦးခန့် အထိ ရှိနေခဲ့ဖွယ် ရှိကြောင်း ဆိုခဲ့သည်။ ပြိုကျခဲ့ရသည့် အကြောင်းရင်းကိုမူ မသိရှိရသေးပေ။
အပျက်အစီးများ ကြားထဲမှ ကယ်ဆယ်ရရှိခဲ့သူများထဲတွင် ဒဏ်ရာ ပြင်းပြင်းထန်ထန်
ရရှိသူ တဦးမျှ မပါဝင်ဟု ရဲအရာရှိ Jain က ဆိုသည်။ ဘိုပါး မြို့မှာ
နယူးဒေလီမြို့၏ တောင်ဘက် ၄၆၅ မိုင် (၇၅၀ ကီလိုမီတာ) ခန့် အကွာတွင်
တည်ရှိသည်။
အိန္ဒိယ နိုင်ငံတွင် အချို့ အဆောက်အဦး
ဆောက်လုပ်သူများသည် ဈေးပေါ၍ စံချိန်မမီသည့် ပစ္စည်းများကို အသုံးပြု၍
ဆောက်လုပ်ကြလေ့ ရှိသလို အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ် ရာတွင်လည်း
သေချာစွာ ကြီးကြပ်ကွပ်ကဲလေ့ မရှိကြသဖြင့် အဆောက်အဦးများ မကြာခဏ ပြိုကျလေ့
ရှိသည်။
အိန္ဒိယ နိုင်ငံ၏ မြို့များတွင် အဆောက်အဦးများ
များစွာလိုအပ်နေကာ အကျင့်ပျက် ခြစားမှုများလည်း ရှိနေသဖြင့် အဆောက်အဦး
ဆောက်လုပ်သူများသည် ခွင့်ပြုချက် မရဘဲ ဆောက်လုပ်ကြသလို ခွင့်ပြုထားသည့်
အထပ် အရေအတွက်ထက် ပိုကာ အထပ်ပိုများကိုလည်း ဆောက်လုပ်လေ့ ရှိသည်။
ယခုလ အစောပိုင်းကလည်း အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေး မြို့တော် မွမ်ဘိုင်းမြို့ ဆင်ခြေဖုံး တခုတွင် တရားမဝင်ဆောက်လုပ်ထားသည့် ရှစ်ထပ် အဆောက်အဦး တလုံး ပြိုကျခဲ့ရာ အနည်းဆုံး လူ ၇၂
ဦး သေဆုံးခဲ့ပြီး ဆယ်စုနှစ်များအတွင်း အိန္ဒိယနိုင်ငံ၏ အဆိုးဝါးဆုံး
အဆောက်အဦး ပြိုကျမှု အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
ဧပြီလ ၄ ရက်နေ့က မွမ်ဘိုင်းမြို့ ဆင်ခြေဖုံး တခုတွင် ထိုအဆောက်အဦး ပြိုကျခဲ့ခြင်းဖြစ်ပြီး အခြားလူ ၇၀ ဦး ဒဏ်ရာရရှိခဲ့သည်။
No comments:
Post a Comment