Tuesday, March 19, 2013

မတ်လ ၁၉ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများမှာ ၁၀ ရက်အတွင်း နိုင်ငံကူးလက်မှတ် ရရှိမည်ြ

 

နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ အနေဖြင့် ယခင်က လျှောက်ထားပြီး ၂၁ ရက်ကြာမှ သာ နိုင်ငံကူးလက်မှတ် ရရှိခဲ့သော်လည်း မတ်လ ၁၉ ရက်နေ့မှစ၍ နိုင်ငံကူး လက်မှတ် လျှောက်ထား သူများမှာ ၁၀ ရက်အတွင်း နိုင်ငံကူးလက်မှတ် ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ရန်ကုန်) မှဌာနခွဲမှူး ရဲမှူးကျော်ဇေယျထံမှ သိရှိရသည်။

“ဒီနေ့(မတ်လ ၁၉) စ လျှောက်တဲ့သူတွေက စပြီး နိုင်ငံကူးလက်မှတ်ကို အရင်လို ၂၁ ရက် စောင့်စရာ မလိုဘဲ ၁၀ ရက်အတွင်း ရရှိမှာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ် အဆင့်ဆင့် လုပ်နေရတာတွေ၊ လာလျှောက်တဲ့ သူတွေရဲ့ အချိန်၊ ငွေကြေး စတာတွေ သက်သာအောင် အခုလို ဖြေလျှော့ ပေးလိုက်တာ ဖြစ်ပါတယ်။ ကုန်ကျစရိတ် အနေနဲ့လည်း အရင်က တရားဝင် ကျပ် ၂၄၇၀၀ ကျတာကနေ အခု ၂၃၀၀၀ ပဲကျတော့မှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နိုင်ငံကူးလက်မှတ်နဲ့ ပတ်သက်ပြီး လျှော့ပေါ့ပေးတာ ဒီဟာတွေပဲ ရှိပါသေးတယ်” ဟု ရဲမှူးကျော်ဇေယျက ပြောကြားခဲ့သည်။


“အချို့ဌာနဆိုင်ရာတွေရဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဖြေလျော့လိုက်ရင် နိုင်ငံကူး လက်မှတ် လျှောက်ထားမဲ့သူတွေအတွက် အချိန်ကုန် ငွေကုန်ကြေးကျ ပိုသက်သာမှု ရှိလာ မှာပါ။ ဘေးအန္တရာယ်ကင်းတဲ့ တရားဝင် ရွှေ့ပြောင်းသွားလာမှု ဖော်ဆောင်ရာမှာလဲ လူကုန်ကူးမှု မဖြစ်စေရေးအတွက် နိုင်ငံကူးလက်မှတ် အပါအ၀င် ခရီးသွား စာရွက်စာတမ်းများ အလွယ်တကူ သက်သာမြန်ဆန်ပေးရမဲ့ အချက်အတွက်လဲ အကျူံးဝင် ဆောင်ရွက်ချက် တစ်ခုပါ။ လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေး အတွက်နဲ့လဲ သက်ဆိုင်နေပါတယ်။ အဲဒီအတွက်ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်အချို့ကို လျှော့ပေါ့ပေးဖို့ စဉ်းစားကြခြင်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ဒုတိယနှစ် အောင်မြင်ပြီးသူမှစ၍ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာရေး ကင်းရှင်းကြောင်း၊ အငြိမ်းစား/ပင်စင်စား ၀န်ထမ်းများ အနေဖြင့် မိမိတို့၏ ပင်စင်လစာ (သို့ မဟုတ်) အငြိမ်းစား စာအုပ်တင်ပြခြင်း၊ အရေးပေါ်သွားရောက်ရန် လိုအပ်သူများ အနေဖြင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ ပူးတွဲတင်ပြခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ယခင်က ရန်ကုန်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးတွင်သာ တစ်နိုင်ငံလုံးမှ လာရောက်လျှောက်ထားရသော်လည်း ၂၀၁၂ ခုနှစ် ဇူလိုင်လမှစ၍ မန္တလေးတိုင်း ဒေသကြီးရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးခွဲတွင်လည်း လျှောက် ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစား ၇ မျိုးကို ယခင်သက်တမ်း သုံးနှစ်သာ ပေးရာမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်လျှောက်ထားသူများအား သက်တမ်းငါးနှစ်အထိ တိုးမြှင့်ထုတ်ပေး ခဲ့ကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ သင်္ဘောသား၊ အလုပ်၊ စီးပွားရေး၊ ကျောင်းသား၊ ဘာသာရေး၊ အလည်၊ မှီခိုစသည့် နိုင်ငံကူးလက်မှတ် အမျိုးအစား ခုနစ်မျိုး ထုတ်ပေးကြောင်း မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး (ရန်ကုန်) မှ သိရှိရသည်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို ၁၉၆၀ ပြည့်နှစ် မတိုင်ခင် ကာလများက နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပေးခဲ့ပြီး ၁၆၉၀ ပြည့်နှစ်ကာလ နောက်ပိုင်းမှသာ ပြည်ထဲရေး ၀န်ကြီးဌာန၊ သတင်း တပ်ဖွဲ့က ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဘုတ်အဖွဲ့တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ ရဲချုပ်၊ သတင်းတပ်ဖွဲ့မှူး အပါအ၀င် အခြားဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် အဆင့်များဖြင့် စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းထားကြောင်းလည်း သိရသည်။

၂၀၁၃ ခုနှစ် မတ်လ ၁၅ ရက်မှစ၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက သတ်မှတ်ထားသည့် ပြည်ပထွက်ခွာခွင့်ပုံစံ (ဃ) D-Form ကို မတ်လ ၁၅ ရက်နေ့မှ စတင်၍ ဖြည့်စွက်လျှောက်ထား တောင်းခံရန် မလိုအပ်တော့ကြောင်း အဆိုပါ ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှလည်း ပြည်ပသို့ ထွက်ခွာမည့် သူများအားလုံး (အခွန်ကြွေးကျန် ရှိသူများမှအပ) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ်ပုံစံ(ဂ) ပထခ(၀င)-၁၂ ထောက်ခံချက်အား မတ်လ ၁၅ ရက်နေ့မှ စတင်၍ ရယူရန် မလိုအပ်တော့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုလဆန်းပိုင်းက ရန်ကုန်မြို့ ပြည်ထဲရေးဝန်ကြီး ရုံးဟောင်းတွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ဦးဆောင်သည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့ဝင်များ လာရောက်ပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ် လျှော့ချနိုင်မည့် နည်းလမ်းများအတွက် ဆွေးနွေးခဲ့ကြပြီးနောက် ယခုကဲ့သို့ နိုင်ငံကူးလက်မှတ်နှင့် ပတ်သက်ပြီး လျှော့ပေါ့ပေးမှု များကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Myawady

No comments:

Post a Comment