Wednesday, February 27, 2013

ပို့ကုန်သွင်းကုန် ၃၁၈ မျိုး လိုင်စင်မလိုဘဲ ပို့နိုင်၊သွင်းနိုင်ပြီ


ရန်ကုန်၊ဖေဖော်ဝါရီ-၂၅

ပြည်ပပို့ကုန် ၁၅၂ မျိုး၊ သွင်းကုန် ၁၆၆ မျိုး စုစုပေါင်း ပို့ကုန်သွင်းကုန်အမယ် ၃၁၈ မျိုးကို မတ် ၁ ရက်မှစ၍ လိုင်စင်လျှောက်စရာမလိုဘဲ လွတ်လပ်စွာ ရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

လိုင်စင်မလိုဘဲ တင်ပို့ခွင့်ပြု သည့် ကုန်စည်များတွင် လယ်ယာ ထွက်ကုန်ပစ္စည်းများ၌ ပဲမျိုးစုံ၊ ပြောင်းဖူးစေ့တို့ အပါအ၀င်အမျိုး ပေါင်း ၄၃ မျိုး၊ ရေထွက်ကုန် ၁၁ မျိုး၊ သစ်တောထွက်ပစ္စည်း ၁၉ မျိုး၊ တိရစ္ဆာန်ထွက်ပစ္စည်းများတွင် သိုး၊ ဆိတ်၊ ၀က်အရှင်တို့ အပါအ၀င် လေးမျိုး၊ စက်မှုလက်မှုနှင့် အခြားပို့ကုန်များတွင် လက်ခစားအမယ် လုပ်ငန်းထုတ်ကုန်ပစ္စည်းများ အားလုံးနှင့် ပို့ကုန်အမယ်(၇၄)မျိုး ခွင့်ပြုထားကြောင်း ကုန်သွယ်ရေး ညွှန်ကြားရေးမှူးဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

“လိုင်စင်မရှိတော့ ပြည်ပကို တရားဝင် ရောင်းဝယ်လို့ရတာပေါ့။ ပြီးတော့ နှစ်ရင်းရင်းရတာနဲ့ စင်ကာပူဘဏ်တွေကို ပွဲစားခပေး ရတာ သက်သာတာပေါ့” ဟု ပြည်ပသို့ ပြောင်းဖူးစေ့ တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယခင်က ပြည်ပတင်ပို့ရန် လိုင်စင်လျှောက်ရာတွင် လိုင်စင်ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ငွေသွင်း ၍ ရောင်းချရသည်။ မြန်မာ နိုင်ငံက ပြည်ပသို့ ကုန်ပစ္စည်းများ ရောင်းချရာတွင် အများအားဖြင့် သင်္ဘောပေါ်ရောက်စနစ် (FOB) ဖြင့်သာ ရောင်းချရသည်။ ၎င်းစနစ်ကြောင့် ၀ယ်ယူသည့် နိုင်ငံက သူ့နိုင်ငံဆိပ်ကမ်းရောက်လိုအပ်လျှင် အခက်အခဲဖြစ်ရကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များက ဆိုသည်။

လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြုထားသည့် သွင်းကုန် (၁၆၆) မျိုးတွင် တီဗီ၊ ရေခဲသေတ္တာ၊ အဲကွန်းစသည့် ဇိမ်ခံပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အ၀တ်အထည် ပိတ်စအမျိုးမျိုးနှင့် ခွင့်ပြုထားသော သစ်သီးအစိုများ ပါဝင်သည်။

ယခင်က သွင်းကုန်လုပ်ငန်းများတွင်လည်း လိုင်စင်လျှောက်ပါက ပြည်ပပို့ကုန်ရငွေရှိမှ တင်သွင်းခွင့်ရှိသည်။ ယခုကဲ့သို့ လိုင်စင် မလိုအပ်တော့ပါက ရှုပ်ထွေးမှုများ ဖြေလျှော့သွားမည်ဖြစ်ကြောင်း မူဆယ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန်သွင်းကုန်လုပ် ငန်းရှင်တစ်ဦးက ပြောကြားသည်။ ဧပြီ ၁ ရက် တွင် လိုင်စင်မလိုဘဲ ပို့နိုင်သွင်းနိုင်သော ကုန်အမယ်များ
ထပ်တိုးပေးမည်ဟု လည်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment