Saturday, December 15, 2012

အစ္စလာမ် ဆန့်ကျင်ရေး လှုံဆော်မှု့သည် အခြေခံဥပဒေနှင့် ဆန်ကျင်သော်လည်း အရေးယူခြင်းမရှိ

နိုဝင်ဘာ ၂၈ ၊ ၂၀၁၂

အစ္စလာမ်ဘာသာအပေါ် စော်ကားပုတ်ခတ်စာများရေးသားဖြန့်ဝေခြင်း၊ သမိုင်းအမှားများရေးသားခြင်းသည် အခြေခံဥပဒေနှင့် ဆန့်ကျင်၊ အစိုးရပိုင်းမှ အရေးယူခြင်းမရှိ

ယခု လတ်တလောတွင် အစ္စလာမ်ဘာသာနှင့် ပတ်သက်ပြီး မလိုမုန်းတီးသူများက ပုတ်ခတ်စော်ကားစာများကို ဒေသ အချို့တွင် ဖြန့်ဝေနေကြောင်းသိရှိရပါသည်။ ကရင်ပြည်နယ်ဘားအံမြို့၊ မွန်ပြည်နယ်မော်လမြိုင်မြို့များတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် စာမျက်နှာ(၂၀)ပါ စာအုပ်ပုံ သဏ္ဍာန်ဖြင့် အစ္စလာမ်ဘာသာအပေါ် ပုတ်ခတ်စော်ကားစာများကို ပုံစံအမျိုးမျိုးဖြင့် ဖြန့်ဝေလျက်ရှိပါသည်။
ထို့အပြင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များတွင်လည်း လျှို့ဝှက်အဖွဲ့အစည်းအမည် အမျိုးမျိုးတပ်ကာ အစ္စလာမ်ဘာသာဝင်များကို ပုတ်ခတ်စော်ကားသော လှုံ့ဆော်စာများဖြန့်ဝေနေကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဝေခဲ့တဲ့ News Watch (စောင့်ကြည့်သတင်းဂျာနယ်)အတွဲ-ရ၊ အမှတ်(၇၂)တွင် သရ၀ဏ်(ပြည်) အမည်ဖြင့် “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း”  ဆောင်းပါးကို ရေးသားရာတွင် သမိုင်းမှားများ၊ လုပ်ကြံ ဖန်တီးမှုများကို တမင်ပုံဖော်ရေးသား ကာ အစ္စလာမ်ဘာသာအပေါ် လွဲမှားသော အတွေးအမြင်များဖြင့် ထိုးနှက်ထားသည်ကို တွေ့ရသည်။
အထက်ဖော်ပြပါလှုံ့ဆော်စာများနှင့် သမိုင်းမှားများရေးသားမှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ(၂၃)ရက်က ကျင်းပသော အမျိုးသားလွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာ ဗညားအောင်မိုး၏ မေးမြန်းချက်နှင့် ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်း၏ ဖြေကြားမှုကို ဖော်ပြလိုက်ပါသည်။
မပြည့်စုံသောသမိုင်း သုတေသနဖြင့် နိုင်ငံရေး၊ လူမျိုးရေးအမြင့်ဖြင့် လိုရာဆွဲပြီး ကောက်ချက်ချပြောဆို ရေးသားခြင်း ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၆၅)နှင့်ငြိစွန်းခြင်း၊ ယုံကြည်ကိုးကွယ်မှုကို ထိပါးခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးကို ထိပါးခြင်းအား မည်ကဲ့သို့တားဆီး ကာကွယ်ရမည်နည်း မေးခွန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ ပိုင်းခြားသုံးသပ် ဆန်းစစ်ခဲ့ရာတွင် ယုံကြည် ကိုးကွယ်မှုကို ထိပါးခြင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးကို ထိပါးခြင်းတို့မှ တားဆီး ကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၃၆၅) တတိယအပိုဒ်တွင် ပါသည့်အခြား တိုင်းရင်းသားလူမျိုး တစ်မျိုးကို ဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ၊ ထိခိုက် နစ်နာစေနိုင်ပါက သက်ဆိုင်သူများ အချင်းချင်း ညှိနှိုင်းပြီး ပြေလည်မှုရရှိရန် ဆောင်ရွက်ခြင်းနှင့် စာတမ်းတွင် လူမျိုး၊ ဘာသာသာသနာနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတို့ကို ထိခိုက်စေနိုင်သည့် အချက်များပါဝင်ခြင်းရှိ၊မရှိ ယဉ်ကျေးမှု ၀န်ကြီးဌာနက ကြိုတင်စိစစ်ပြီး လိုအပ်သလို ဆောင်ရွက်ခြင်းဖြင့် တားဆီး ကာကွယ်နိုင်မည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားပါသည်။
အလားတူပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြန်လည်ဖြေကြားရာတွင် “ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၃၆၄)နှင့်ဆန့်ကျင်လျှင် မည်သို့ပြစ်ဒဏ်ပေးနိုင်သည်ကို သိလိုကြောင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၆၄)အရ ယင်းပုဒ်မပါပြဌာန်းချက်များကို ဆန့်ကျင်သည့် အပြုအမူအတွက် ပြစ်ဒဏ်ပေးနိုင်သည့် ဥပဒေပြဌာန်းရခြင်း မရှိသေးသော်လည်း စာတမ်းဖတ်ပွဲ၌  စာတမ်းရှင်ဖတ်ကြားသည့် စာတမ်းသည် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ထိခိုက်စေသော အရေးအသား၊ အမျိုး၊ ဘာသာ၊ သာသနာကို စိတ်ဝမ်းကွဲစေသော အချက်များ ပါဝင်နေမည်ဆိုပါက စာတမ်းနှင့် သက်ဆိုင်သူတို့သည် ပြစ်မှုဆိုင်ရာ ဥပဒေနှင့်ငြိစွန်းဖွယ်ရှိကြောင်းဖြင့် တင်ပြရှင်းလင်းသွားပါသည်။ ဒုတိယရှေ့နေချုပ်၏ ပြောကြားချက်၌ စာတမ်းဟုဆိုရာတွင် ကိုးကွယ်ရာ ဘာသာသာသနာကို ထိခိုက်စေသည့်စာတမ်း၊ ဆောင်းပါးများ ပါဝင်ပေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၆၂)နှင့် (၃၆၃)တို့တွင် နိုင်ငံတော်က ခရစ်ယာန်ဘာ သာသာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္နူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများ ဟူ၍ အသိအမှတ်ပြုသည်ဟု လည်းကောင်း၊ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟု လည်းကောင်း အသီးသီးပြဌာန်းထားပါသည်။
လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်းမုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးပေါ် ပေါက်လာစေရန် ရည်ရွယ်သော (သို့မဟုတ်) ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းထားမှုများ ရှိသော်လည်း ယခုအခါ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မန္တလေးမြို့နှင့် အချို့ဒေသများတွင် အစိုးရ မဟုတ်သော အသင်းအဖွဲ့အချို့က အစ္စလာမ်ဘာသာနှင့် အစ္စလာမ် ဘာသာဝင်များအပေါ် ဥပဒေပါအခွင့်အရေး၊ လူ့အခွင့်အရေးများကို ချိုးဖောက်ကာ ဆန့်ကျင်ရေးသား၊ ခြိမ်းခြောက်မှုများ၊ လှုံ့ဆော်ပြောဆို၊ ဖြန့်ဝေနေခြင်းတို့ကို လက်ငင်းကြုံတွေ့နေကြရပါသည်။
အထက်ပါအချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ နိုင်ငံတော်အစိုးရသို့ အကြိမ်ကြိမ် မေတ္တာရပ်ခံတင်ပြခဲ့သော်လည်း ယခုတိုင် တစ်စုံတစ်ရာ ပြန်ကြားချက် မရရှိခဲ့ကြောင်း ၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်သည့်ကြေငြာချက်တွင် ဖော်ပြထားသည်။
လတ်တလော အခြေအနေတွင် နိုင်ငံတော်အပိုင်းမှ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသော်လည်း မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များက မီဒီယာများတွင် သတင်းများ၊ ဆောင်းပါးများ၊ သမိုင်းရေးရာများ ဖော်ပြသည့်အခါ စာနယ်ဇင်း ကျင့်ဝတ်၊ သတင်းမီဒီယာ ကျင့်ဝတ်များနှင့်အ ညီ မှန်မှန်ကန်ကန် ဖော်ပြရန် လိုလားလျက်ရှိကြပါသည်။
ထို့အပြင်အစ္စလာမ်ဘာသာအပေါ် ဥပဒေပါ အခွင့်အရေးနှင့် လူ့အခွင့်အရေးတို့ကို ဆန့်ကျင်လျက် လှုံ့ဆော်စာများ ဖြန့်ဝေနေမှုကို နိုင်ငံတော်အစိုးရပိုင်းမှ ၀င်ရောက်ဖြန်ဖြေပြီး အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးလိုက်ရပါသည်။

ကိုးကား          – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
-       ၂၄-၁၂-၂၀၁၂ထုတ် မြန်မာ့အလင်းသတင်းစာ
-       ၂၃-၁၀-၂၀၁၂ထုတ် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ ကြေငြာချက်

No comments:

Post a Comment