Friday, December 28, 2012

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (၁၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြား

နေပြည်တော် ဒီဇင်ဘာ ၂၇
(၁၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

အဆိုပါ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေး ကောင်စီဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးသမားတော်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တို့မှ ညီလာခံ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါး လုပ်ငန်း ရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊

ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက မိန့်ခွန်းပြောကြားရာတွင် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေး တိုးတက်ရေး၊ တိုင်းရင်းဆေးဆရာတို့၏ ကျင့်ဝတ်သိက္ခာ မြင့်မားရေး၊ တိုင်းရင်းဆေးပညာဖြင့် ပြည်သူ့ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှု ပေးနိုင်ရေးဆိုတဲ့  ဦးတည်ချက်များနဲ့ (၂၀၀၀) ပြည့်နှစ်ကစပြီး နှစ်စဉ်ကျင်းပလာခဲ့တာဟာ အခု (၁၃) ကြိမ် မြောက်အထိ ကျင်းပနိုင်ပြီ ဖြစ်ပါတယ်။  

ညီလာခံကိုနှစ်စဉ်မပျက် ကျင်းပနိုင်ခဲ့တာဟာ မြန်မာ့တိုင်းရင်းဆေးသမားတော်များ အနေနဲ့ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခဲ့ကြတဲ့ အကျိုးကျေးဇူးတွေကြောင့် ကျင်းပနိုင်တာ ဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ညီလာခံမှာ ဆွေးနွေးဖလှယ်ခဲ့ကြတဲ့ မြန်မာ့တိုင်းရင်းဆေး ပညာရပ် ရလဒ်တွေကို ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများမှာ အသုံးချနိုင်တဲ့ အတွက် နိုင်ငံတော်မှာ အကျိုးကျေးဇူးရှိနေတာ တွေ့ရပါတယ်။

ညီလာခံကချမှတ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို တက်ညီလက်ညီ အကောင်အထည် ဖော်နိုင်ခဲ့တဲ့ အတွက်လဲ၊ တိုင်းရင်းဆေးပညာကို နိုင်ငံတကာက အလေးထားလာရတဲ့ အထိတိုးတက်မှု ရှိလာပြီ ဖြစ်ပါတယ်။

မြန်မာ့တိုင်းရင်းဆေးပညာဟာ မြန်မာ့ရေမြေသဘာဝနဲ့ လိုက်လျောကိုက်ညီမှု ရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီးက အခြားဆေးပညာတွေနဲ့ မတူဘဲ တစ်မူထူးခြားလေးနက်မှု ရှိတဲ့ မြန်မာ့မူပိုင် ဆေးပညာ ဖြစ်တဲ့အပြင် အမျိုးသားရေး ဂုဏ်ဒြပ်ဆေးပညာလည်း ဖြစ်ပါတယ်။

တိုင်းရင်းဆေးသမားတော်ကြီးများဟာ ပြည်တွင်းကထွက်ရှိတဲ့ နွယ်မြက် သစ်ပင်၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ မြေထွက် သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ တိုင်းရင်းဆေးဝါးများနဲ့ မြန်မာလူမျိုးတို့ရဲ့ ကျန်းမာရေးကို ခေတ်အဆက်ဆက်  စောင့်ရှောက်ပေးခဲ့တဲ့ အတွက် ကျန်းမာအသက်ရှည်ခဲ့ကြတာဖြစ်ပါတယ်။ အနာရောဂါ ကင်းဝေး ကျန်းမာခြင်းဟာ လူသားတိုင်းတန်ဖိုးထား လိုလားကြတဲ့ ဆုလာဘ်လည်း ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ကျန်းမာရေးကောင်းမွန်ပြီး အသိပညာ - အတတ်ပညာနဲ့ ပြည့်စုံတဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးနိုင်ရေးဟာ အလွန် အရေးကြီးလှ ပါတယ်။

မြန်မာ့တိုင်းရင်းဆေးပညာကို အနောက်တိုင်းဆေးပညာနဲ့ ရင်ပေါင်တန်းလက်တွဲပြီး ကမ္ဘာက လက်ခံသုံးစွဲတဲ့အထိ ပြည့်စုံတဲ့ဆေးပညာရပ်တစ်ခု ဖြစ်ထွန်းလာစေဖို့ နိုင်ငံတော်မှ ပံ့ပိုးအားပေးလျက် ရှိသလို တိုင်းရင်းဆေးသမားတော်များ အားလုံးကလည်း မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍အားထုတ် ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ အမျိုးသားကျန်းမာရေး စီမံကိန်းမှာ မြန်မာ့တိုင်းရင်းဆေးပညာ တိုးတက်ထွန်းကား ပြန့်ပွားဖို့ မူဝါဒများ၊ နည်းလမ်းများ အစဉ်တစိုက် ချမှတ်ဖော်ဆောင် ပေးနေပါတယ်။ မြန်မာ့တိုင်းရင်းဆေးပညာရဲ့ နက်နဲ၊ ခက်ခဲလှတဲ့ သဘောသဘာဝတွေကို နိုင်ငံတကာ လက်ခံသုံးစွဲနိုင်ဖို့နဲ့ ရေရှည်တည်တံ့ ထွန်းကား ပြန့်ပွားစေဖို့ တိုင်းရင်းဆေး သမားတော်များ အားလုံးက အလေးထားရမဲ့ အစဉ်အလာတွေပဲ ဖြစ်ပါတယ်။

မြန်မာ့တိုင်းရင်းဆေးပညာစနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ရေရှည်တည်တံ့ စေရေးဆောင်ရွက်ရာမှာ

(၁)
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှစ်စဉ် ကျင်းပနိုင်ခြင်း၊

(၂)
နိုင်ငံတကာအဆင့်မီတိုင်းရင်းဆေးတက္ကသိုလ်ကြီးတည်ထောင် ဖွင့်လှစ် သင်ကြားခြင်း၊

(၃)
တိုင်းရင်းဆေးဝါးများ၏ စံချိန်စံညွှန်းမီ သင်တန်းများ ဖွင့်လှစ်သင်ကြား ပို့ချခြင်းအပြင် အလုပ်ရုံဆွေးနွေးပွဲ၊ နှီးနှော ဖလှယ်ပွဲများ ကျင်းပနိုင်ခြင်း၊

(၄)
လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များနဲ့ ဆေးကျမ်းများ ပြုစုထုတ်ဝေ နိုင်ခြင်း၊

(၅)
အရေးပေါ်သုံး တိုင်းရင်းဆေးသေတ္တာများ နိုင်ငံအနှံ့ ဖြန့်ဝေနိုင်ခြင်း၊

(၆)
အမျိုးသား ပရဆေးဥယျာဉ် အပါအဝင် ပရဆေးဥယျာဉ်များ တစ်နိုင်ငံလုံးတိုးချဲ့ ဖြန့်ကျက် စိုက်ပျိုးနိုင်ခြင်း၊

(၇)
တိုင်းရင်းဆေးဆရာများရဲ့ ကုထုံးတစ်ပြေးညီ ဖြစ်အောင် စံညွှန်းကုထုံးကျမ်း ထုတ်ဝေနိုင်ခြင်း၊ သုတေသနညီလာခံများ နှစ်စဉ်ကျင်းပနိုင်ခြင်း၊

(၈)
ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ တိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးကုဌာန ဖွင့်လှစ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။

မြန်မာ့တိုင်းရင်းဆေးပညာ စနစ်တကျ ဖြစ်စေဖို့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တိုင်းရင်းဆေးပညာ ဒီပလိုမာဘွဲ့၊ တိုင်းရင်းဆေးပညာဘွဲ့၊ တစ်နှစ် သင်တန်းဆင်း၊ တိုင်းရင်းဆေး ဆရာနဲ့ အခြားမှတ်ပုံတင် တိုင်းရင်းဆေးဆရာပေါင်း (၆၆၅၇)ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ယင်းတို့အနေနဲ့ နိုင်ငံတော် အစိုးရဝန်ထမ်းများ အဖြစ်ရော ပြင်ပပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တိုင်းရင်းဆေး တက္ကသိုလ်မှာ တိုင်းရင်းဆေးပညာ မဟာသိပ္ပံဘွဲ့နဲ့ ပါရဂူဘွဲ့ အဆင့်အထိ ပေးအပ်နိုင်အောင်လဲ ဆောင်ရွက်လျက် ရှိပါတယ်။

နယ်စပ်ဒေသနဲ့ ဝေးလံခေါင်းပါးတဲ့ အစွန်အဖျားဒေသများအထိ မြန်မာ့တိုင်းရင်းဆေး ပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ လွှမ်းခြုံပေးနိုင်စေဖို့ တိုင်းရင်းဆေး ပညာပေး သင်တန်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောမှု၊ ကွင်းဆင်းကုသမှုတွေ ဆောင်ရွက်ပေးလျက် ရှိသလိုအရေးပေါ် အိမ်သုံးတိုင်းရင်းဆေးသေတ္တာများကို တစ်ပြည်လုံးမှာ ရှိတဲ့ ကျေးလက်ဒေသအထိ အခမဲ့ဖြန့်ဝေနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ကျေးရွာအားလုံးကို ဖြန့်ဝေနိုင်အောင် ဆောင်ရွက်နေပါတယ်။

မြန်မာ့တိုင်းရင်းဆေးပညာ နိုင်ငံတကာအဆင့် Nဖစ်လာစေဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့အတူ ပညာရှင်များ မြန်မာ့တိုင်းရင်းဆေး သမားတော်များ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဟာ အဓိကကျကြောင်း ပြောကြားလိုပါတယ်။ ပြည်သူများသုံးစွဲနေတဲ့ တိုင်းရင်းဆေးဝါးများရဲ့ အရည်အသွေး၊ အစွမ်းအာနိသင် ထက်မြက်မှုနဲ့ ဘေးအန္တရာယ် ကင်းရှင်းမှုတို့ကို အာမခံနိုင်ရမှာဖြစ်ပြီး အတွေ့အကြုံအခြေပြုဆေးပညာ (Experience Based Medicine) ကတစ်ဆင့် ကမ္ဘာကလက်ခံတဲ့ သက်သေအထောက်အထားအခြေပြု ဆေးပညာ (Evidence based Medicine) အဖြစ် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာမှာလူနေမှု ဘဝဟန်တွေနဲ့ အစားအသောက်၊ အနေအထိုင်တွေ ပြောင်းလဲ လာတာကြောင့် အကျိုးဆက်အဖြစ် ရောဂါအသစ်အဆန်းများ ပေါ်ပေါက် နေပါတယ်။ ဒီလိုဖြစ်ပွားတတ်တဲ့ ရောဂါဆန်းတွေ ကုသရာမှာ အနောက်တိုင်းဆေးဝါးများနည်းတူ တိုင်းရင်းဆေးဝါးတွေကို စမ်းသပ်ရှာဖွေကြဖို့နဲ့ ခေတ်ပေါ်ဆေးပညာနဲ့ မြန်မာ့ တိုင်းရင်းဆေးပညာ အင်အားနှစ်ရပ် ပူးပေါင်းလက်တွဲပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်အောင် ဆောင်ရွက်ကြစေလိုပါတယ်။

မြန်မာ့တိုင်းရင်းဆေးသမားတော်များအနေနဲ့ တိုင်းရင်းဆေးသုတေသနလုပ်ငန်းများမှာ အတူတကွ ပူးပေါင်းပါဝင်ပြီးကုထုံးသစ်၊ ဆေးဝါးသစ်များ တီထွင်ကြံဆပြီး ကူးစက်နိုင်ခြင်း မရှိတဲ့ ရောဂါတွေကုသရာမှာ မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ကုသနိုင်ရေးကြိုးပမ်းကြဖို့ သမားတော်များရဲ့ ပညာရပ်အတွေ့အကြုံများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း ဖြန့်ဝေပေးနိုင်ဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကတိုင်းရင်းဆေးရုံနဲ့ဆေးကုခန်းတွေ စည်းကမ်းနဲ့အညီ စနစ်တကျ ဖွင့်လှစ်နိုင်ရေး၊ ဆေးဖက်ဝင် အပင်များ ထိန်းသိမ်းကာကွယ်ရေးကို နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်နိုင်အောင် ကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ်မှာ ASEAN လွတ်လပ်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို ဖော်ဆောင်ရာမှာ ထုတ်လုပ် ဖြန့်ဖြူးရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍများမှာ “ညီညွတ်မျှတမှုစနစ်” နဲ့ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီကဏ္ဍထဲမှာ တိုင်းရင်းဆေးနဲ့ကျန်းမာရေးဖြည့်စွက်အစာ (TMHS- Traditional Medicine and Health Supplement) တွေကိုထုတ်လုပ်မှု၊ ကုန်သွယ်မှု တပြေးညီဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

၂၀၁၃ခုနှစ် ထဲမှာပဲ TMHS ဆိုင်ရာအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲနဲ့ တိုင်းရင်းဆေးညီလာခံ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းဆေး ပညာရှင်များနဲ့ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ အနေနဲ့ လေ့လာရာမှာ ပူးပေါင်းပါဝင်ကြဖို့ လိုအပ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒများ၊ စီမံချက်များနဲ့အညီမြန်မာ့ တိုင်းရင်းဆေးသမားတော်များလက်တွဲပူးပေါင်းပြီး

-
မြန်မာ့တိုင်းရင်းဆေးပညာကို ကမ္ဘာတည်သရွေ့တည်တံ့ခိုင်မြဲ ထွန်းကားနေစေရန်၊

-
မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို ပိုမိုပြည့်စုံတဲ့ ဆေးပညာရပ် ဖြစ်လာအောင်နဲ့ နိုင်ငံတကာက လက်ခံသုံးစွဲတဲ့ အထိ ဖြစ်လာရန်၊

-
အနောက်တိုင်း ဆေးပညာရှင်များနဲ့ မြန်မာ့တိုင်းရင်းဆေး ပညာရှင်များ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြပါလို့ အလေးအနက် တိုက်တွန်းရင်း နိဂုံးချုပ်လိုက် ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ (၁၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာကို အမျိုးသား ကျန်းမာရေး ကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဖွင့်ပွဲ အခမ်းအနားအပြီးတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် တိုင်းရင်းဆေး ကောင်စီဝင်များ၊ မြန်မာ့တိုင်းရင်းဆေး သမားတော်ကြီးများ၊ ညီလာခံ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် ဧည့်သည်တော်များသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနရှိ ခန်းမတွင်း၌ ခင်းကျင်းပြသထားသည့် တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ၏ ပြခန်းငယ်များကို ကြည့်ရှုအားပေးရာ တိုင်းရင်းဆေးဝါး ထုတ်လုပ် သူများက ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းအား မြန်မာ့တိုင်းရင်းဆေးဝါးများကို  ဂါရဝပြု အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။

အဆိုပါ (၁၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ (၂၇) ရက်မှ (၂၈) ရက်နေ့အထိ ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး မြန်မာ့တိုင်းရင်းဆေး သုတေသန စာတမ်းများကို ဖတ်ကြားတင်သွင်း ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment