မြန်မာသမိုင်း အဆက်ဆက် ငါတို့တွေ တာဝန်ကျေခဲ့ပြီ။ နိုင်ငံအတွက် 
တာဝန်ကျေခဲ့တဲ့ ငါတို့ကို ဘယ်စဉ်ကမှ ကျေးဇူးမသိတတ်ခဲ့၊ မျက်နှာမထောက်ခဲ့၊ 
ငါ တို့ကို မနာလို ရန်ရှာ မုန်တီးကြတဲ့အခါ- ဒုက္ခအတွင်းမှာ ငါတို့ကို ရဲ 
ဘော်ရဲဘက်တွေပါလို့ ပြောခဲ့သူတွေကိုယ်တိုင် ငါတို့ကို 
သတ်ဖြတ်မောင်းထုတ်ဘို့ ပြန်လည် ဦးဆောင်ခဲ့ကြ တယ်။ ဒါတွေကို ငါ တို့ အစဉ် 
သတိရနေဘို့ လိုပါတယ်။
အခုကာလမှာ မြန်မာနိုင်ငံဟာ လွန်ဆွဲပွဲ ကြီးမားနေတယ်။ နိုင်ငံတစ်ခု 
တိုးတက်ပြောင်းလည်းစေဘို့ နိုင်ငံရေး ၀ါဒ နိုင်ငံရေး စနစ်အတွက် 
လွန်ဆွဲနေခြင်း မဟုတ်ဘဲ အာဏာအတွက် လွန်ဆွဲနေခြင်းသာ ဖြစ်နေတယ်။ ဒါ တွေကို 
ငါတို့ သတိထားမိဘို့ လိုပါတယ်။ အာဏာလွန်ဆွဲပွဲ နှစ်ဘက်လုံးက လူထုကို 
သုံးတယ်၊ သင်္ကန်းဝတ် များကို သုံးတယ်၊ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ 
စကားလုံးကို ငယ်သံပါအောင် အော်ဟစ်သုံးစွဲတယ်။ ဒါတွေကို ငါတို့ 
ဆင်ခြင်တတ်ဘို့ လိုတယ်။
ပြုပြင်ပြောင်းလဲရေးကို စတင် လုပ်ဆောင်တော့မယ် ဆိုတဲ့ စကားတစ်ခွန်း 
စပြောကတည်းက အခုထိ တစ်နှစ် တောင် မပြည့်သေးဘူး- မြန်မာနိုင်ငံအတွင်းမှာ 
ဆန္ဒပြပွဲ အကြိမ်ပေါင်း ရာနဲ့ချီ ဖြစ်ခဲ့ပြီ။ တရုတ်စီးပွား မောင်း 
ထုတ်ပွဲကြီး ဖြစ်ခဲ့ပြီ။ မွတ်ဆလင် မျိုးဖြုတ်ကြံစည်မှုကြီး ပေါ်ခဲ့ပြီ။ 
ဒါတွေအားလုံးကို နိုင်ငံရေး အာဏာလု အဖွဲ့ အစည်းများအားလုံးက လှလှပပ 
သုံးခဲ့ကြတယ်။ ပါဝင်ပတ်သက်ခဲ့ကြတယ်။ 
သာမန်စက်ရုံ အလုပ်ရုံ ဆန္ဒပြပွဲလေးများမှာ- အာဏာရ အစိုးရဘက်က- “ငါတို့ 
ခေတ်မှာ လွတ်လပ်စွာ ဆန္ဒပြ ခွင့်ရှိတယ်၊” လို့ သက်သေပြပြီး နိုင်ငံရေး 
အမြတ်ထုတ်ဘို့ ကြိုးစားခဲ့သလို၊- အတိုက်အခံများဘက်ကလည်း ဒီ ဆန္ဒပြပွဲသေးသေး 
လေးများမှ တစ်ဆင့် ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီး တည်ဆောက်ပြီး- လွှတ်တော်ထဲက 
စစ်တပ် နေရာ ၂၅ % ကို မောင်းထုတ်ဘို့ နည်းမျိုးစုံ ကြံစည်ပတ်သက်ခဲ့တယ်။ 
တရုတ်စီးပွား မောင်းထုတ်ဘို့ ဆန္ဒပြပွဲကြီးနှစ်ခုမှာ မြစ်ဆုံ ကိစ္စကို အာဏာရ 
အစိုးရက နာမည်ယူဘို့ အချိန်မှီ သွားခဲ့တယ်။ အတိုက်အခံဘက်က 
ခြေတစ်လှမ်းနောက်ကျသွားခဲ့တယ် ဆိုရပါမယ်။ အခု လက်ပန်တန်းတောင် 
ကြေးနီမိုင်းကိစ္စ-၊ ဒီကိစ္စ လိပ်ခဲတင်းတင်း ဖြစ်နေချိန်မှာ ရခိုင်နယ်က 
မွတ်ဆလင် မျိုးပြုတ်သုတ်သင် မောင်း ထုတ်ပွဲကြီး ဖြစ်သွားခဲ့တယ်။ ဒီအထဲမှာ 
ထဲထဲဝင်ဝင် ပတ်သက်သူများက အမျိုးသားရေးဝါဒီများ ဖြစ်ခဲ့တယ်။ ဒီကိစ္စမှာ 
အမျိုးသားရေးဝါဒီများ ဘက်က အာဏာရ အစိုးရနဲ့ အတိုက်အခံအားလုံး အမှန်အမှား 
မရှိ တစ်သံ တည်း ပြိုင်တူ ရပ်တည်ခဲ့တယ်။ ပါဝင်ပတ်သက်ခဲ့တယ်။ “ဘာသာရေး 
ပဋိပက္ခ မဟုတ်ရပါ၊ ကျွန်ုပ်တို့ ပါဝင် ပတ်သက်ခြင်း မရှိရပါ”လို့ ကမ္ဘာကို 
ပတ်လိမ်နေခဲ့တဲ့ အာဏာရ အစိုးရနဲ့ အတိုက်အခံ အားလုံးဟာ အမှန် တရားထက် 
တိုင်းပြည်ရဲ့ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာများက - ၂၀၁၅ ရွေးကောက်ပွဲမှာ 
ငါတို့ကို မဲမပေးတော့မှာ ကြောက်တယ်ဆိုတဲ့ စိတ်နဲ့ ကြားဝင်ဖြေရှင်းပေးမယ့်သူ
 မရှိ တစ်ဘက်သတ် သတ်ဖြတ်မီးရှို့မောင်းထုတ်နိုင် အောင် အားပေးခဲ့တယ်။
တစ်ကယ်လို့ ဘာသာရေး ပဋိပက္ခမဟုတ်ခဲ့ဘူး ဆိုရင် သင်္ကန်းဝတ်တွေက 
မြို့တိုင်းလမ်းတိုင်းမှာ ပြောင်ပြောင် လက်လက်၊ ရဲရဲတွတ်တွတ် ဖြစ်သွားအောင်
 “No Rohingya” “Muslims Terrorists” ဆိုပြီး ဆန္ဒပြကြခဲ့ကြ တာလဲ။ 
အတိုက်အခံခေါင်းဆောင်တွေက ဒီကိစ္စမှာ ကျွန်ုပ်တို့ ကြားဝင် 
ဖြန်ဖြေပေးပါမယ်လို့ ဘာဖြစ်လို့ ၀င် မပြောခဲ့တာလဲ။ အဖြေက ရှင်းလင်းလှပါတယ်။
 သင်္ကန်းဝတ်တွေ ငြိုငြင်မှာကို ကြောက်လို့၊ ဗုဒ္ဓဘာသာထုကြီး ငြိုငြင်မှာကို 
ကြောက်လို့- ဖြစ်ပါတယ်။ တစ်ကယ်လို့ ဘာသာရေး နှိပ်ကွပ်မှုကြီး မဟုတ်ဘဲ 
လူမျိုးစု နှစ်စု ဖြစ်တဲ့ ကိစ္စ ဆိုရင်- (အဲ့ဒီ လူမျိုးစု နှစ်စုနဲ့ 
မသက်ဆိုင်တဲ့) ဘယ်သင်္ကန်းဝတ်၊ ဘာသာကိုမှ မျက်နှာထောက်နေစရာ မလိုဘဲ- 
ဝင်ဖြေရှင်းရဲမှာ သေချာနေပါတယ်။-
လက်ပန်းတောင် ကြေးနီမိုင်း ကိစ္စ- ဆန္ဒပြသူများက ကြီးထွားလာတယ်၊ ကိုယ့်တရား 
ကိုယ်မကျင့် အလုပ် အားနေတဲ့ ပါလေရာ သင်္ကန်းဝတ် တွေကလည်း ပါဝင်ပတ်သက်လာတယ်။ 
အတိုက်အခံများဘက်ကလည်း ဒီ ကိစ္စကို အမိအရ ကိုင်တွယ်ပြီး ပြည်လုံးကျွတ် 
ဆန္ဒပြပွဲကြီး ဖန်တီးဘို့ ကြိုးစားနေတယ်။ မွတ်ဆလင်များကို သတ်ဖြတ် 
မောင်းထုတ်စဉ် အမှန်အမှား မကြည့် ဗုဒ္ဓဘာသာများ ဘက်က ရပ်တည်ပေးခဲ့လို့ 
သူတို့ကို လူထုက ခိုင်မာစွာ ထောက်ခံမယ်လို့လည်း ဘ၀င်လေဟပ်နေကြတယ်။ 
သူတို့လုပ်သမျှ ကမ္ဘာက ထောက်ခံမယ်လို့ လည်း စိတ်ကူးယဉ်နေကြတယ်။ (ကမ္ဘာ့ ဥပဒေ 
အရ မောင်းထုတ်ခွင့် မရှိပါ၊ ပြေလည်အောင်သာ ညှိနှိုင်းရပါ မယ်။ ဒါကြောင့် 
ကမ္ဘာက ပါဝင်ပတ်သက်စရာ အကြောင်းမရှိဘူး)- ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီးနဲ့ အတူ 
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်၊ စစ်တပ်ကို လွှတ်တော်ထဲက အပြီး 
မောင်းထုတ်ပစ်မယ်လို့ စီမံချက်တွေ ချနေကြတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို ငါလည်း မထောက်ခံဘူး။ ဒါပေမယ့်- ၂၀၀၈ ဖွဲ့စည်းပုံကို 
ပြင်မယ့် ကိစ္စက နိုင်ငံရေးအရ တစ်ဆင့်ချင်း သွားရမယ့် ကိစ္စသာ ဖြစ်တယ်။ 
ဒီလိုမှ မဟုတ်ဘဲ လူထုကို သုံးလိုက်၊ အလုပ်အားနေတဲ့ လပ်ယားလပ်ယား 
သင်္ကန်းဝတ်များကို ပွဲထုတ်လိုက်၊ မွတ်ဆလင်များကို မုန်းပြလိုက်-၊ 
မျောက်ဇတ်ခင်းနေခြင်း ဟာ တိုင်းပြည် အတွက် အကျိုးမရှိဘူး။ 
(မြန်မာနိုင်ငံရေးသမားတွေ- အာဏာသာ မက်ပြီး- ဗဟုသုတ မရှိ ကြောင်း 
သက်သေပြသလို ဖြစ်နေတယ်။)
အဓိက အချက်က- သူတို့ဟာ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပြင်၊ ၇၄ 
ဖွဲ့စည်းပုံကိုပဲ ပြင်ပြင်- မွတ်ဆလင်တွေ အတွက် ဘာဆို ဘာမှ အကျိုးမပေးဘူး။ 
သူတို့ပါးစပ်က ဒီမိုကရေစီ လို့ အော်နေပေမယ့်- နှလုံးသားထဲမှာ နာဇီ ၀ါဒ 
အကြီးအကျယ် အမြစ်တွယ်နေတယ်။ အမြစ်တွယ်နေတဲ့ နာဇီ ၀ါဒကို ပြုပြင်မယ်ဆိုတဲ့ 
စိတ် သူတို့မှာ ရှိ မနေခဲ့ဘူး။ ပြည်တွင်းပြည်ပ နိုင်ငံရေး မျိုးဆက်ထဲက 
အများစုကြီးလည်း ဒီမိုကရေစီ ဆိုတာကို သေချာအောင် ဘယ်တုံးကမှ မလေ့လာခဲ့ဘူး။ 
၈၈ က ထွက်လာခဲ့တဲ့ ကျောင်းသား အများစုကြီးကိုယ်တိုင်- စစ်အစိုးရကို မုန်း 
တီးနေတဲ့ အမုန်းတရားစိတ်သက်သက်ကို သက်ဆိုးရှည်အောင် လေ့ကျင့်နေရင်းသာ 
သူတို့ရဲ့ အချိန်တွေကို ကုန်ဆုံးသွားစေခဲ့တယ်။ ဘာဗဟုသုတမှ လေ့လာခြင်း- 
စိတ်ဓါတ်ပြုပြင်ခြင်း မရှိခဲ့ဘူး။ (အမုန်းတရားနဲ့ ဖြစ် သင့်တာကို ခွဲခြား 
သိမြင်နိုင်အောင် လေ့လာခဲ့သူ ရာနှုန်း အလွန့်အလွန်နည်းပါးလှပါတယ်။)
ခေတ်အဆက်ဆက် အာဏာရှင် တော်လှန်ပွဲတိုင်းမှာ မွတ်ဆလင်တွေကို 
ညီအစ်ကိုတွေရယ်လို့ မြှူဆွယ်ခဲ့ တယ်၊ စည်းရုံးခဲ့တယ်၊ 
မျက်နှာချိုသွေးခဲ့တယ်။- ဒီအကြိမ်မှာလည်း သူတို့မနိုင်ရင် မွတ်ဆလင်တွေကို 
စည်းရုံးဦး မှာ သေချာနေတယ်။ မွတ်ဆလင်တွေ လိမ်မာပါးနပ်ဘို့ လိုပါတယ်။ 
ဘယ်အာဏာလုပွဲမှာမှ ၀င်ရောက် မပတ် သက်ဘို့ လိုပါတယ်။ ဘယ်စနစ်နဲ့ 
တိုင်းပြည်တည်တည်- မွတ်ဆလင်များ အနေနဲ့ မိမိရဲ့ နိုင်ငံသား အခွင့်အရေး၊ 
တန်းတူညီမျှ အခွင့်အရေး အတွက်ပဲ စဉ်းစားစေလိုတယ်။ ဒီမိုကရေစီ စနစ်နဲ့ 
ဒီမိုကရေစီက ပေးထားတဲ့ စီးပွား ရေး လုပ်ပိုင်ခွင့်၊ နိုင်ငံရေး 
လုပ်ပိုင်ခွင့်၊ လူမှုရေး လုပ်ပိုင်ခွင့်၊ တရားရေး လုပ်ပိုင်ခွင့် တွေကို 
တတ်နိုင်သမျှ လေ့ လာနေဘို့ လိုပါတယ်။ ဆန္ဒပြနေခြင်းနဲ့ အချိန်တွေကို 
မဖြုန်းတီးပစ်ဘို့လည်း လိုပါတယ်။
နောက်ဆုံး ပြောလိုတာက မတရားမှုကို တော်လှန်လိုရင်- မတရားမှု ဆိုတာဘာလဲလို့ 
သိအောင် အရင် လေ့ လာပါ။ နေရာတိုင်းမှာ ဆန္ဒပြနေခြင်းဟာ တရားမှု မဟုတ်ပါ။ ငါ- 
မကျေနပ်တဲ့ သူက ဘာလုပ်လုပ် အဲ့ဒါဟာ မတရားမှုပဲလို့ မြင်နေခြင်းဟာလည်း တရားမှု
 မဟုတ်ပါ။  “ဒီတစ်ကြိမ် ပွဲကြီးမှာ ငါ ၀င်နွှဲလိုက်ရင်၊ ငါ့ကို သူတို့ 
ကြည်ဖြူလာမလား” ဆိုတဲ့ မှားတဲ့ စိတ်ကူး လုံးဝ မမွေးမိပါစေနဲ့၊ 
မုတ်ဆိတ်တစ်ဖုတ်ကြီးထားပြီး၊ မိမိ မုတ်ဆိတ် မိမိ အားမနာဘဲ- 
သင်္ကန်းဝတ်တစ်ယောက်ယောက်ကို လက်ချင်းချိတ်- ပါလေရာ လိုက်လုပ်နေခြင်းဟာ- ဘာ 
သာရေး မဟုတ်သလို၊ နိုင်ငံရေးလည်း မဟုတ်ပါ။ မြန်မာ မီဒီယာတွေမှာ ဓါတ်ပုံ 
တစ်ပုံလောက် ပါကောင်း ပါနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာက ဘယ်သူမှ 
အသိအမှတ်မပြုပါ။ (မုန်းတောင် မုန်းလိုက်သေးတယ်။)
မွတ်ဆလင်များ ရေရှည်ကို တွေးပါ။ ရှေးဟောင်းနောက်ဖြစ်များကို ဆင်ခြင်ပြီး- 
လိမ္မာပါးနပ်စွာ နေထိုင်တတ် အောင် ကြိုးစားပါ။ လာမယ့် အာဏာလုပွဲများမှာ 
မပါဝင်လို့- မွတ်ဆလင်တွေ မြန်မာ့သမိုင်းမှာ တာဝန်မကျေခဲ့ ဘူးလို့ 
ပြောနိုင်မယ့်သူ မရှိဘူး။ ငါတို့-- တာဝန်ကျေခဲ့ပြီးပြီ။ 
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
No comments:
Post a Comment