Tuesday, January 29, 2013

ကြွက်နို့နှင့် ပတ်သက်၍ သိသင့်သည်များ

ကြွက်နို့နှင့် ပတ်သက်၍ သိသင့်သည်များ

ကြွက်နို့ဆိုတာဟာ အရေပြားပေါ်မှာ ထွက်ပေါ်လာတတ်တဲ့ အဖုငယ်ဖြစ်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပါ။ သေးငယ်တဲ့အဖု ထွက်ပေါ်တာ ဒါမှမဟုတ် အဖုကြီးထွက်တာ၊ မိမိကို စိတ်အနှောင့်အယှက်ဖြစ်စေတာနဲ့ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ကြွက်နို့နဲ့ ပတ်သက်ပြီး သိသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘာကြောင့် ကြွက်နို့ ပေါ်ပေါက်ရပါသလဲ။

ကြွက်နို့ဟာ HPV ခေါ်တဲ့ Human Papilloma Virus ကြောင့် ဖြစ်ရတာပါ။ HPV အမျိုးအစားပေါင်း ၈၀ ကျော်ကြောင့် ကြွက်နို့ အမျိုးအစားပေါင်း မျိုးစုံကို မျက်နှာ၊ လက်၊ ဒူးခေါင်း၊ ခြေထောက်၊ လိင်အင်္ဂါနဲ့ လည်ချောင်း အစရှိတာလိုမျိုး နေရာအနှံ့မှာ ဖြစ်ပေါ်တတ်ပါတယ်။ သင့်ထံကို ဗိုင်းရပ်စ်ပိုး တစ်ခါ ဝင်ရောက်ဖူးရင် သင့်မှာ အမြဲတမ်း ကြွက်နို့ မပေါ်ပေါက်နေပေမယ့် အဲဒီဗိုင်းရပ်စ်က တစ်သက်လုံး သင့်ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်ပါတယ်။

ကြွက်နို့က ဘယ်လို ကူးစက်နိုင်ပါသလဲ။

တခြားလူတစ်ယောက်မှာရှိတဲ့ ကြွက်နို့မှတစ်ဆင့် တိုက်ရိုက် ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် သင့်အရေပြားမှာ ပြတ်ရှရာ၊ ခြစ်ရာ ဒါမှမဟုတ် အဖုအပိမ့်တွေ ပေါက်နေခဲ့ရင်ပါ။ အများသုံး ရေကူးကန် ဒါမှမဟုတ် အများသုံး အဝတ်လဲခန်းမှာ ဖိနပ်မပါဘဲ လမ်းလျှောက်ရင်လည်း ကြွက်နို့ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သင့်ခြေဖဝါးမှာ ဒဏ်ရာရှိနေရင်ပါ။ သင့်ခန္ဓာကိုယ် တစ်နေရာမှာ ရှိနေတဲ့ ကြွက်နို့ကနေ အခြားတစ်နေရာကိုလည်း ပြန့်ပွားတတ်ပါတယ်။ မုတ်ဆိတ်ရိတ်တာ၊ ခြစ်မိတာ ဒါမှမဟုတ် လက်သည်း ကိုက်တတ်တဲ့ အကျင့်တွေကြောင့်ပါ။ ဥပမာအားဖြင့် သင့်လက်ချောင်းမှာ ကြွက်နို့ရှိနေပြီး အဲဒီကြွက်နို့ကို သင့်ပါးစပ်နဲ့ ကိုက်ဆွနေမယ်ဆိုရင် သင့်နှုတ်ခမ်းမှာ ကြွက်နို့ ဖြစ်ပေါ်တတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့တွေဟာ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်ပါတယ်။

ကြွက်နို့ကို ကုသမှု ခံယူစရာ လိုပါသလား။

ကြွက်နို့တိုင်းဟာ သူ့ဘာသာသူ ပျောက်ကွယ်တတ်တာကြောင့် ကုသမှုဟာ အမြဲတမ်း မလိုအပ်ပါဘူး။ကုသမှု မခံယူလည်း ကလေးတွေမှာဖြစ်တဲ့ ကြွက်နို့တွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ ခြောက်လအတွင်း ပျောက်ကွယ်တတ်ပြီး ၉၀ ရာခိုင်နှုန်းဟာ နှစ်နှစ်အတွင်း ပျောက်ကွယ်တတ်ပါတယ်။ အသက်ကြီးသူတွေမှာ ကျန်းမာရေး ကောင်းမွန်သူဖြစ်ရင် ကြွက်နို့ဟာ နှစ်နှစ်မှ သုံးနှစ်အတွင်း သူ့ဘာသာသူ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါကြောင့် ကြွက်နို့ကို ကုသမှု မခံယူခင်မှာ သေချာ ဆုံးဖြတ်သင့်ပါတယ်။ ကုသမှုကြောင့် အမာရွတ် ထင်ပေါ်နိုင်တာကြောင့်ပါ။

ဘယ်လို ကြွက်နို့ အမျိုးအစားဟာ ကုသဖို့ လိုပါသလဲ။

လိင်အင်္ဂါကြွက်နို့နဲ့ သာမန်ကြွက်နို့တွေဟာ ကုသဖို့ ပိုလွယ်ကူပါတယ်။ ခြေဖဝါးမှာပေါက်တဲ့ Plantar အမျိုးအစားဟာ ပိုမိုထူထပ်တာကြောင့် ကုသရတာ ခက်ခဲပါတယ်။ ကြွက်နို့တွေ အုပ်စုလိုက် ရှိနေတဲ့ Cluster အမျိုးအစားဟာလည်း ကုသရတာ ခက်ခဲတတ်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုး အမြဲတမ်း ရှိနေတတ်တာကြောင့် သင်နေမကောင်း ဖြစ်နေချိန် ဒါမှမဟုတ် ခုခံအား ကျဆင်းနေချိန်မှာ ရောဂါ ပြန်လည်ဖြစ်တတ်ပါတယ်။

ဆေးဆိုင်ပေါ်မှာ ရောင်းချတဲ့ ကြွက်နို့ပျောက်ဆေးတွေ အသုံးပြုသင့်ပါသလား။

ဆေးဆိုင်ပေါ်မှာ ရောင်းချတဲ့ ကြွက်နို့ပျောက်ဆေး အများစုဟာ လိမ်းဆေးဖြစ်တာ ဒါမှမဟုတ် အေးခဲတဲ့ နည်းပညာကို အသုံးပြုထားတာကြောင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။ သူတို့တွေဟာ သေးငယ်ပြီး တစ်ခုတည်း ဖြစ်ပေါ်တဲ့ ကြွက်နို့အတွက်သာ သုံးသင့်ပြီး လိင်အင်္ဂါကြွက်နို့အတွက် မသုံးသင့်ပါ။ သင့်မှာ ကိုယ်ဝန်ရှိနေရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင် ဒါမှမဟုတ် နှင်းခူ၊ ဂျွတ်ရောဂါနဲ့ အရေပြား ဓာတ်မတည့်မှုလိုမျိုး အရေပြားပြဿနာ ရှိနေရင် အဲဒီဆေးဝါးတွေ အသုံးမပြုခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်။

ကြွက်နို့ကြောင့် နာကျင်တတ်ပါသလား။

ခြေဖဝါးမှာ ပေါက်တဲ့ ကြွက်နို့နဲ့ လိင်အင်္ဂါမှာ ပေါက်တဲ့ ကြွက်နို့တွေဟာ နာကျင်တတ်ပါတယ်။ လက် ဒါမှမဟုတ် ခြေထောက်မှာ ပေါက်တဲ့ ကြွက်နို့တွေဟာ အလွယ်တကူ ထိခိုက်ဒဏ်ရာ ရရှိနိုင်ပါတယ်။ ကြွက်နို့ရဲ့ အရွယ်ပမာဏဟာ ကြီးလေလေ နာကျင်မှုဖြစ်နိုင်ခြေ များလေလေပါ။ ကြွက်နို့က ကွဲထွက်သွားရင် အလွန်အမင်း နာကျင်တတ်ပါတယ်။ ကြွက်နို့ကြောင့် မျက်နှာ ဒါမှမဟုတ် လက်အလှတွေ ရုပ်ဆိုးနေရင် ဒါမှမဟုတ် ကြွက်နို့ကြောင့် နေ့စဉ်လုပ်ရတဲ့ အလုပ်တွေ မလုပ်နိုင်ရင် ကုသမှု ခံယူဖို့ စဉ်းစားရပါမယ်။


ကြွက်နို့ဟာ အရေပြားကင်ဆာလိုမျိုး ဖြစ်နိုင်ပါသလား။

အနီရောင် ဒါမှမဟုတ် အဖတ်ဖတ်တွေ ဖြစ်နေတဲ့ ကြွက်နို့ဟာ အရေပြားကင်ဆာ အမျိုးအစားဖြစ်တဲ့ Squamous Cell Carcinoma လိုမျိုး ပုံသဏ္ဌာန်နဲ့ ဆင်တူတတ်ပါတယ်။ အရေပြား အထူးကု ဆရာဝန် အနေနဲ့ ရောဂါကို ခွဲခြားတတ်ပါတယ်။ ဒါမှမဟုတ် အသားစယူပြီး အဖြေရှာပေးနိုင်ပါတယ်။ သင်ရဲ့ ကြွက်နို့ဟာ ရုတ်တရက်ကြီးလာတာ ဒါမှမဟုတ် ရုတ်တရက် နာကျင်တာ၊ သွေးထွက်တာ ဒါမှမဟုတ် အရည်တွေဆင်းတာ ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

ကြွက်နို့ကနေ ကင်ဆာဖြစ်နိုင်ပါသလား။

ကြွက်နို့ အများစုဟာ ကင်ဆာအဖြစ် မပြောင်းလဲတတ်ပါဘူး။ ဒါပေမဲ့ လိင်အင်္ဂါ ကြွက်နို့တွေဟာ သားအိမ်ခေါင်း၊ မိန်းမကိုယ်နဲ့ လိင်တံကင်ဆာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ လက်သည်းအောက်မှာ ဖြစ်ပေါ်တတ်တဲ့ ကြွက်နို့ကို Subungual warts လို့ခေါ်ပြီး အဲဒီကနေ အရေပြားကင်ဆာ Squamous Cell Carcinoma ဖြစ်ပေါ်တတ်ပါတယ်။

ဒေါက်တာ ခင်မိုးမိုး
By Good Health

http://on.fb.me/UWRK0Q

အေးချမ်းမွန်မှ  laminmaung တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကြွက်နို့ဆိုတာဟာ အရေပြားပေါ်မှာ ထွက်ပေါ်လာတတ်တဲ့ အဖုငယ်ဖြစ်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါ ပါ။ သေးငယ်တဲ့အဖု ထွက်ပေါ်တာ ဒါမှမဟုတ် အဖုကြီးထွက်တာ၊ မိမိကို စိတ်အနှောင့်အယှက်ဖြစ်စေတာနဲ့ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ကြွက်နို့နဲ့ ပတ်သက်ပြီး သိသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘာကြောင့် ကြွက်နို့ ပေါ်ပေါက်ရပါသလဲ။

ကြွက်နို့ဟာ HPV ခေါ်တဲ့ Human Papilloma Virus ကြောင့် ဖြစ်ရတာပါ။ HPV အမျိုးအစားပေါင်း ၈၀ ကျော်ကြောင့် ကြွက်နို့ အမျိုးအစားပေါင်း မျိုးစုံကို မျက်နှာ၊ လက်၊ ဒူးခေါင်း၊ ခြေထောက်၊ လိင်အင်္ဂါနဲ့ လည်ချောင်း အစရှိတာလိုမျိုး နေရာအနှံ့မှာ ဖြစ်ပေါ်တတ်ပါတယ်။ သင့်ထံကို ဗိုင်းရပ်စ်ပိုး တစ်ခါ ဝင်ရောက်ဖူးရင် သင့်မှာ အမြဲတမ်း ကြွက်နို့ မပေါ်ပေါက်နေပေမယ့် အဲဒီဗိုင်းရပ်စ်က တစ်သက်လုံး သင့်ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်ပါတယ်။

ကြွက်နို့က ဘယ်လို ကူးစက်နိုင်ပါသလဲ။

တခြားလူတစ်ယောက်မှာရှိတဲ့ ကြွက်နို့မှတစ်ဆင့် တိုက်ရိုက် ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် သင့်အရေပြားမှာ ပြတ်ရှရာ၊ ခြစ်ရာ ဒါမှမဟုတ် အဖုအပိမ့်တွေ ပေါက်နေခဲ့ရင်ပါ။ အများသုံး ရေကူးကန် ဒါမှမဟုတ် အများသုံး အဝတ်လဲခန်းမှာ ဖိနပ်မပါဘဲ လမ်းလျှောက်ရင်လည်း ကြွက်နို့ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သင့်ခြေဖဝါးမှာ ဒဏ်ရာရှိနေရင်ပါ။ သင့်ခန္ဓာကိုယ် တစ်နေရာမှာ ရှိနေတဲ့ ကြွက်နို့ကနေ အခြားတစ်နေရာကိုလည်း ပြန့်ပွားတတ်ပါတယ်။ မုတ်ဆိတ်ရိတ်တာ၊ ခြစ်မိတာ ဒါမှမဟုတ် လက်သည်း ကိုက်တတ်တဲ့ အကျင့်တွေကြောင့်ပါ။ ဥပမာအားဖြင့် သင့်လက်ချောင်းမှာ ကြွက်နို့ရှိနေပြီး အဲဒီကြွက်နို့ကို သင့်ပါးစပ်နဲ့ ကိုက်ဆွနေမယ်ဆိုရင် သင့်နှုတ်ခမ်းမှာ ကြွက်နို့ ဖြစ်ပေါ်တတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့တွေ ဟာ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်ပါတယ်။

ကြွက်နို့ကို ကုသမှု ခံယူစရာ လိုပါသလား။

ကြွက်နို့တိုင်းဟာ သူ့ဘာသာသူ ပျောက်ကွယ်တတ်တာကြောင့် ကုသမှုဟာ အမြဲတမ်း မလိုအပ်ပါဘူး။ ကုသမှု မခံယူလည်း ကလေးတွေမှာဖြစ်တဲ့ ကြွက်နို့တွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ ခြောက်လ အတွင်း ပျောက်ကွယ်တတ်ပြီး ၉၀ ရာခိုင်နှုန်းဟာ နှစ်နှစ်အတွင်း ပျောက်ကွယ်တတ်ပါတယ်။ အသက်ကြီး သူတွေမှာ ကျန်းမာရေး ကောင်းမွန်သူဖြစ်ရင် ကြွက်နို့ဟာ နှစ်နှစ်မှ သုံးနှစ်အတွင်း သူ့ဘာသာ သူ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါကြောင့် ကြွက်နို့ကို ကုသမှု မခံယူခင်မှာ သေချာ ဆုံးဖြတ်သင့်ပါတယ်။ ကုသမှုကြောင့် အမာရွတ် ထင်ပေါ်နိုင်တာကြောင့်ပါ။

ဘယ်လို ကြွက်နို့ အမျိုးအစားဟာ ကုသဖို့ လိုပါသလဲ။

လိင်အင်္ဂါကြွက်နို့နဲ့ သာမန်ကြွက်နို့တွေဟာ ကုသဖို့ ပိုလွယ်ကူပါတယ်။ ခြေဖဝါးမှာပေါက်တဲ့ Plantar အမျိုးအစားဟာ ပိုမိုထူထပ်တာကြောင့် ကုသရတာ ခက်ခဲပါတယ်။ ကြွက်နို့တွေ အုပ်စုလိုက် ရှိနေတဲ့ Cluster အမျိုးအစားဟာလည်း ကုသရတာ ခက်ခဲတတ်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုး အမြဲတမ်း ရှိနေတတ်တာကြောင့် သင်နေမကောင်း ဖြစ်နေချိန် ဒါမှမဟုတ် ခုခံအား ကျဆင်းနေချိန် မှာ ရောဂါ ပြန် လည်ဖြစ်တတ်ပါတယ်။

ဆေးဆိုင်ပေါ်မှာ ရောင်းချတဲ့ ကြွက်နို့ပျောက်ဆေးတွေ အသုံးပြုသင့်ပါသလား။

ဆေးဆိုင်ပေါ်မှာ ရောင်းချတဲ့ ကြွက်နို့ပျောက်ဆေး အများစုဟာ လိမ်းဆေးဖြစ်တာ ဒါမှမဟုတ် အေးခဲတဲ့ နည်းပညာကို အသုံးပြုထားတာကြောင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။ သူတို့တွေဟာ သေးငယ်ပြီး တစ်ခုတည်း ဖြစ်ပေါ်တဲ့ ကြွက်နို့အတွက်သာ သုံးသင့်ပြီး လိင်အင်္ဂါကြွက်နို့အတွက် မသုံးသင့်ပါ။ သင့်မှာ ကိုယ်ဝန်ရှိနေရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင် ဒါမှမဟုတ် နှင်းခူ၊ ဂျွတ်ရောဂါနဲ့ အရေပြား ဓာတ်မတည့်မှုလိုမျိုး အရေပြားပြဿနာ ရှိနေရင် အဲဒီဆေးဝါးတွေ အသုံးမပြုခင် ဆရာဝန်နဲ့ အရင် တိုင်ပင်ရပါမယ်။

ကြွက်နို့ကြောင့် နာကျင်တတ်ပါသလား။

ခြေဖဝါးမှာ ပေါက်တဲ့ ကြွက်နို့နဲ့ လိင်အင်္ဂါမှာ ပေါက်တဲ့ ကြွက်နို့တွေဟာ နာကျင်တတ်ပါတယ်။ လက် ဒါမှမဟုတ် ခြေထောက်မှာ ပေါက်တဲ့ ကြွက်နို့တွေဟာ အလွယ်တကူ ထိခိုက်ဒဏ်ရာ ရရှိနိုင်ပါ တယ်။ ကြွက်နို့ရဲ့ အရွယ်ပမာဏဟာ ကြီးလေလေ နာကျင်မှုဖြစ်နိုင်ခြေ များလေလေပါ။ ကြွက်နို့က ကွဲထွက် သွား ရင် အလွန်အမင်း နာကျင်တတ်ပါတယ်။ ကြွက်နို့ကြောင့် မျက်နှာ ဒါမှမဟုတ် လက်အလှတွေ ရုပ်ဆိုးနေရင် ဒါမှမဟုတ် ကြွက်နို့ကြောင့် နေ့စဉ်လုပ်ရတဲ့ အလုပ်တွေ မလုပ်နိုင်ရင် ကုသမှု ခံယူဖို့ စဉ်းစားရပါမယ်။


ကြွက်နို့ဟာ အရေပြားကင်ဆာလိုမျိုး ဖြစ်နိုင်ပါသလား။

အနီရောင် ဒါမှမဟုတ် အဖတ်ဖတ်တွေ ဖြစ်နေတဲ့ ကြွက်နို့ဟာ အရေပြားကင်ဆာ အမျိုးအစားဖြစ်တဲ့ Squamous Cell Carcinoma လိုမျိုး ပုံသဏ္ဌာန်နဲ့ ဆင်တူတတ်ပါတယ်။ အရေပြား အထူးကု ဆရာဝန် အနေနဲ့ ရောဂါကို ခွဲခြားတတ်ပါတယ်။ ဒါမှမဟုတ် အသားစယူပြီး အဖြေရှာပေးနိုင်ပါတယ်။ သင်ရဲ့ ကြွက်နို့ ဟာ ရုတ်တရက်ကြီးလာတာ ဒါမှမဟုတ် ရုတ်တရက် နာကျင်တာ၊ သွေးထွက်တာ ဒါမှမဟုတ် အရည်တွေ ဆင်းတာ ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

ကြွက်နို့ကနေ ကင်ဆာဖြစ်နိုင်ပါသလား။

ကြွက်နို့ အများစုဟာ ကင်ဆာအဖြစ် မပြောင်းလဲတတ်ပါဘူး။ ဒါပေမဲ့ လိင်အင်္ဂါ ကြွက်နို့တွေဟာ သားအိမ်ခေါင်း၊ မိန်းမ ကိုယ်နဲ့ လိင်တံကင်ဆာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ လက်သည်းအောက် မှာ ဖြစ်ပေါ်တတ်တဲ့ ကြွက်နို့ကို Subungual warts လို့ခေါ်ပြီး အဲဒီကနေ အရေပြားကင်ဆာ Squamous Cell Carcinoma ဖြစ်ပေါ်တတ်ပါတယ်။

ဒေါက်တာ ခင်မိုးမိုး
By Good Health
အေးချမ်းမွန်မှ laminmaung တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

No comments:

Post a Comment